Breaking

November 3, 2020

ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူ လာရောက် အဖမ်းခံ


 2020-11-02


နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) နဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ဦးဝီရသူဟာ နိုဝင်ဘာလ ၂ ရက် ဒီကနေ့မှာ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှာ လာရောက် အဖမ်းခံခဲ့ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ၆ ရက်အလိုမှာ အခုလိုလာရောက် အဖမ်းခံတာဟာ နိုင်ငံရေးအရ ရည်ရွယ်ချက် တစ်ခုခုရှိနိုင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာ အောင်ရှင်ကပြောပါတယ်။

"ဦးဝီရသူအနေနဲ့ ကိုယ်တိုင်လာအဖမ်းခံတယ်။ တရားဥပဒေဘောင်ထဲကနေ ရင်ဆိုင်တယ်ဆိုတာကိုတော့ အသိမှတ်ပြုပါတယ်။ နောက်တစ်ချက်က ဒီလိုကာလမှာ လာအဖမ်းခံတယ်ဆိုတာကတော့ ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာရည်ရွယ်ချက်ရှိမယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီရည်ရွယ်ချက်ကလည်း ကောင်းတဲ့ရည်ရွယ်ချက်လား၊ ဆိုးတဲ့ရည်ရွယ်ချက်လားဆိုတာ သူ့ရဲ့လုပ်ဆောင်ချက်နဲ့ သူ့စကားတွေကို ကြည့်ပြီး အကဲဖြတ်ရမယ်။ လောလောဆယ် ကျွန်တော်မြင်တာကတော့ သိပ်ပြီးတော့ အကောင်းဘက်ကိုမမြင်ဘူး။ ဒါကပိုပြီးတော့ ရှုပ်ထွေးအောင် အချိန်ကိုက်လာပြီးတော့ ရွေးကောက်ပွဲမှာ ရှုပ်ထွေးအောင်လုပ်တယ်လို့ မြင်ပါတယ်။"

ပြည်သူ့ပါတီ၊ ဒုတိယ ဥက္ကဋ္ဌ ဦးမင်းဇေယျာကတော့ ရွေးကောက်ပွဲ နီးကပ်လာချိန်မှ အခုလို လာရောက်အဖမ်းခံတာဟာ နိုင်ငံရေးအရ ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ဆရာတော် ဦးဝီရသူက ပြည်တွင်းမှာရှိနေလျက်နဲ့ ဘာလို့ ဖမ်းမမိတာလဲပေါ့။ ပြည်တွင်းမှာရှိနေလျက်နဲ့ ဖမ်းမမိတာက ထူးခြားတယ်လို့ ကျွန်တော်တို့ ပြောဖူးတယ်။ အခုအချိန်မှာ သူကလာအဖမ်းခံတယ်ဆိုတာက ပိုထူးခြားတယ်။ ရွေးကောက်ပွဲကာလကလည်း တော်တော်ကပ်နေပြီ။ ဆရာတော် ဦးဝီရသူနဲ့ ပတ်သက်တဲ့သူ့ရဲ့နောက်ခံသမိုင်းကြောင်းတွေနဲ့ လုပ်ဆောင်ချက်တွေအပေါ် အခြေခံပြီးဒီလိုအချိန် သူလာအဖမ်းခံတဲ့အပေါ်မှာ ကျွန်တော်ကတော့ စိတ်ထဲမှာ မသိုးမသန့်ဖြစ်မိတယ်။ နိုင်ငံရေးအရ တစ်စုံတစ်ခုများ ပတ်သက်မှု၊ ထူးခြားမှု ရှိနေမလားဆိုတဲ့ စိတ်မသိုးမသန့်ဖြစ်မိတယ်။ ဒါကထူးခြားမှုဖြစ်စဉ်တစ်ခု ဖြစ်တယ်။ အဲဒီထူးခြားဖြစ်စဉ်ကလည်း နိုင်ငံရေးနဲ့ တစ်နည်းနည်းနွယ်နေမယ်လို့ ယူဆတယ်။ ဘယ်လို နွယ်မလဲ၊ ဘယ်လိုထူးခြားအုံးမလဲဆိုတာကတော့ စောင့်ကြည့်ရအုံးမယ်။"

ဦးဝီရသူဟာ နိုင်ငံတော် အကြီးအကဲတွေအပေါ်  မဖွယ်အရာစကားလုံးတွေ သုံးနှုန်းပြောဆိုခြင်းနဲ့ နိုင်ငံတော် တရားရေးနဲ့ အုပ်ချုပ်ရေးစတဲ့ ကဏ္ဍများမှ တာဝန်ရှိသူတွေအပေါ်  အကြည်ညိုပျက်အောင် ပြောဆိုမှုတို့ကြောင့် အနောက်ပိုင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစန်းမင်းက နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)နဲ့ အရေးယူပေးဖို့ ခရိုင်တရားရုံးမှာ မေလက ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

https://www.rfa.org/burmese/news/wirathu-arrested-11022020070018.html

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.