Breaking

December 15, 2020

ရခိုင်မြောက်ပိုင်းမှာ ရွေးကောက်ပွဲလုပ်ဖို့ သမ္မတ ပြော

 


ရခိုင်မြောက်ပိုင်းမှာ ရွေးကောက်ပွဲလုပ်ဖို့ သမ္မတ ပြော 
 နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကို တွေ့ရစဉ်
Photo: Thiha Tun/RFA

ရခိုင်ပြည်နယ်က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ နေရာတွေမှာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေ အမြန်ဆုံး ကျင်းပနိုင်တဲ့ အခြေအနေရောက်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ကျရောက်တဲ့ ၄၆ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ရွေးကောက်ပွဲတွေ အမြန်ဆုံး ကျင်းပနိုင်ရေးအတွက် အထူးမေတ္တာရပ်ခံလိုက်တာပါ။

လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်တဲ့ လုံခြုံရေးအခြေအနေ မရှိတာကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်ရတဲ့ ရခိုင်ပြည်နယ် မြို့နယ်တွေက ပြည်သူတွေအတွက် စိတ်မကောင်းဖြစ်ရကြောင်းလည်း သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်က နယ်မြေတချို့မှာ ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ရွေးကောက်ပွဲ ကျင်းပစေလိုတဲ့ AA လက်နက်ကိုင်အဖွဲ့ရဲ့ ကြေညာချက်အပေါ် တပ်မတော်အနေနဲ့ ကြိုဆိုကြောင်း၊ လိုအပ်တဲ့ ဆောင်ရွက်မှုတွေမှာ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာ ကြေညာထားပြီးဖြစ်ကြောင်း သဝဏ်လွှာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

သမ္မတ ဦးဝင်းမြင့်က တိုင်းရင်းသားတွေအနေနဲ့ လိုလားချက်တွေကို ရွေးချယ်ခံ ကိုယ်စားလှယ်တွေကတဆင့် တင်ပြတောင်းခံနိုင်သလို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံအစည်းအဝေးတွေမှာလည်း တွေ့ဆုံဆွေးနွေးနိုင်တဲ့ နိုင်ငံရေးလမ်းကြောင်းတွေ ဖွင့်ထားတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားတွေအနေနဲ့ အခွင့်အရေးအတွက် လက်နက်ကိုင်တဲ့နည်းလမ်းနဲ့ တောင်းဆိုတာဟာ ဒေသခံပြည်သူတွေကို အထိခိုက် အနစ်နာဆုံးဖြစ်စေတာကို သက်ဆိုင်သူတွေအားလုံး သတိပြုသင့်တယ်လို့ သမ္မတက သတိပေးထားပါတယ်။

ရခိုင်ပြည်နယ်ဟာ ဆန်၊ ရေ၊ စပါးနဲ့ သယံဇာတတွေ ပေါများကြွယ်ဝပေမယ့် အခြားတိုင်းနဲ့ ပြည်နယ်တွေနည်းတူ ဘက်စုံဖွံ့ဖြိုးဖို့ လိုအပ်ချက်တွေရှိနေချိန်မှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဖွံံ့ဖြိုးရေးလုပ်ငန်းတွေ နှေးကွေးရသလို ဒေသခံပြည်သူတချို့ ကိုယ့်ဒေသမှာပါ ဆက်လက်နေထိုင်ဖို့ အခက်အခဲဖြစ်ပြီး စစ်ဘေးရှောင်နေရတဲ့အတွက် ဝမ်းနည်းကြောင်း သမ္မတက ဆိုပါတယ်။

ရခိုင်ပြည်နယ်က စစ်ဘေးရှောင်တွေအတွက် ငွေကျပ် ၃.၇၃၉ ဘီလီယံကျော် တန်ဖိုးရှိတဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့သလို စစ်ဘေးရှောင်တွေ ယာယီခိုလှုံဖို့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မြေပုံမြို့နယ်တွေမှာ ၂ ဘီလီယံကျော် အကုန်ကျခံပြီး ယာယီခိုလှုံစခန်း ၈ ခု ဆောက်လုပ်ပေးထားတယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးသာယာရေး၊ အနာဂတ် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ညီညွတ်တဲ့စုပေါင်းအားနဲ့ အမြော်အမြင်ကြီးစွာ ဆက်လက်ကြိုးပမ်း ပါဝင်ဆောင်ရွက်သွားကြဖို့ နိုင်ငံတော် သမ္မတက တိုက်တွန်းထားပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာပဲ ကျင်းပခဲ့တာပါ။ လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲမလုပ်ဖြစ်ခဲ့တဲ့ မြောက်ပိုင်းကမြို့နယ်တွေမှာ ရွေးကောက်ပွဲပြုလုပ်ရေးအတွက် တောင်းဆိုမှုတွေဟာ AA လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်တို့ရဲ့ တိုက်ပွဲများ ငြိမ်သက်သွားပြီးနောက်မှာ ဆက်တိုက်ထွက်ပေါ်ခဲ့တာပါ။

ဒီတောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆီက တုံ့ပြန်ချက် ထွက်ပေါ်မလာသေးတဲ့အချိန်မှာ သမ္မတရဲ့ တိုက်တွန်းချက် ပေါ်ပေါက်လာတာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ နေပြည်တော်မှာ လွှတ်တော်ပြန်လည်အစပြုတဲ့အခါ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ရွေးချယ်ခံရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ တက်ရောက်ရမှာပါ။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းက ရွေးချယ်ပေးမယ့် သမ္မတက ဧပြီလဆန်းမှာ အစိုးရအဖွဲ့ ဖွဲ့စည်းမှာဖြစ်ပါတယ်။

 https://www.rfa.org/burmese/news/president-say-election-rakhine-state-12152020020152.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.