Breaking

January 17, 2021

ရိုဟင်ဂျာနေအိမ်အလုံး ၅၅၀ ကျော် မီးလောင်ပျက်စီး

 စောဖိုးခွား

2021-01-14

ရိုဟင်ဂျာနေအိမ်အလုံး ၅၅၀ ကျော် မီးလောင်ပျက်စီး 
 ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားခရိုင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင် ၂၀၂၁ ဇန်နဝါရီ ၁၄ ရက်နေ့က မီးလောင်ပျက်စီးသွားသည့် နေအိမ်များ။
(Photo: UNHCR)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားခရိုင်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းအတွင်းမှာ ဒီကနေ့ မနက် အစောပိုင်းက မီးလောင်ခဲ့လို့ ရိုဟင်ဂျာဒုက္ခသည် နေအိမ်အလုံးပေါင်း ၅၅၀ ကျော်ပျက်စီးသွားတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောပါတယ်။

ဒီကနေ့ မနက်အစောပိုင်း ၁ နာရီခွဲလောက်မှာ ကော့ဆက်ဘဇားခရိုင် တက်ခ်နက်မှာရှိတဲ့ နာရာပါရာ ဒုက္ခသည်စခန်း အမှတ်(၅) ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မနက် ၅ နာရီကျော်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။

ရိုဟင်ဂျာဒုက္ခသည် ၃၅၀၀ ကျော် မီးဘေးရှောင်နေရပြီး သေဆုံးတဲ့သူတော့ တစ်ယောက်မှမရှိဘူးလို့ UNHCR က ထုတ်ပြန်ထားပါတယ်။

ဈေးဆိုင်ခန်း ၁၅၀ လောက်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီပေးရေး ရုံးတွေ၊ အသုံးအဆောင်တွေလည်း မီးလောင်တဲ့အထဲ ပါသွားပါတယ်။

မီးစတင်လောင်ကျွမ်းတဲ့ အကြောင်းရင်းကိုတော့ အာဏာပိုင်တွေက စုံစမ်းနေဆဲပါ။

အခုမီးလောင်ကျွမ်းတဲ့နေရာဟာ ၂၀၁၇ နှစ်နောက်ပိုင်း မြန်မာနိုင်ငံက ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ခိုလှုံနေတဲ့နေရာ မဟုတ်ဘဲ ၁၉၉၀ ခုနှစ်နှောင်းပိုင်းကစပြီး မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တစ်စုပြီးတစ်စု ပြောင်းရွှေ့လာတဲ့ ရိုဟင်ဂျာတွေနေတဲ့ ဒုက္ခသည်စခန်းတွေ ဖြစ်တယ်လို့ အဲ့ဒီဒေသမှာရောက်နေတဲ့ ရိုဟင်ဂျာတွေက RFA ကို ပြောပါတယ်။

နာရာပါရာ ဒုက္ခသည်စခန်းကို ၁၉၉၁ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး UNHCR အသိအမှတ်ပြုထားတဲ့ ဒုက္ခသည် နှစ်သောင်း နီးပါး နေထိုင်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းကျော်ရှိပြီး အဲ့ဒီမတိုင်ခင် ထွက်ပြေးရောက်ရှိနေတဲ့ ဒုက္ခသည်တွေနဲ့ ပေါင်းရင် တစ်သန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

 https://www.rfa.org/burmese/news/rohigya-camp-fire-01142021064852.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.