Breaking

January 28, 2021

အခြေခံဥပဒေကို မလိုက်နာရင် ဖျက်ပစ်ရမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

 စောဖိုးခွား

2021-01-27

အခြေခံဥပဒေကို မလိုက်နာရင် ဖျက်ပစ်ရမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော  
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
Photo- AFP

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မလိုက်နာရင် ဒီဥပဒေကို ဖျက်သိမ်းပစ်ရမယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ ပြောလိုက်ပါတယ်။

ကာကွယ်ရေးတက္ကသိုလ် အရာရှိတွေနဲ့ ဒီကနေ့အွန်လိုင်းကတစ်ဆင့် တွေ့ဆုံစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ထည့်သွင်းပြောခဲ့တာလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီနေ့ညပိုင်းမှာ သတင်းထုတ်ပြန်လိုက်တာပါ။

ပြဌာန်းထားတဲ့ ဥပဒေတွေကို ကိုယ်လိုရာ ဆွဲပြောနေမယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးကို ဦးတည်သွားနိုင်ကြောင်း၊ ဥပဒေကို မလေးစား မလိုက်နာရင် အခြေခံဥပဒေ ဆိုရင်လည်း ဖျက်ပစ်ရမယ့်အကြောင်း၊ တော်လှန်ရေးကောင်စီ ခေတ်တုန်းက ၁၉၄၇ ခုနှစ် ဥပဒေကို ဖျက်ခဲ့ကြောင်း၊ နဝတခေတ် တပ်မတော် တက်လာတဲ့အခါမှာလည်း ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်လိုက်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ ဥပဒေရဲ့ Mother Law ပဲ။ ဒါကြောင့် ငါတို့က ဒါကိုတော့ လေးစား လိုက်နာဖို့လိုတယ်လို့ ပြောလိုတယ်၊ စောစောကပြောတဲ့ ဥပဒေကို မလေးစားဘူး၊ မလိုက်နာဘူးဆိုရင် ဒီဥပဒေကို ဖျက်ပစ်ရမယ်။ ဆိုလိုတာကတော့ အခြေခံဥပဒေဆိုရင်လည်း ဖျက်ပစ်ရမယ်" လို့ ဆိုပါတယ်။

တပ်မတော်ဘက်က ကန့်ကွက်ထားတဲ့ ရွေးကောက်ပွဲ မဲအငြင်းပွားဖွယ်ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး လက်ရှိအာဏာရ NLD ပါတီ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပြည်ထောင်စုလွှတ်တော်ရုံးတို့ဟာ ဥပဒေပြဌာန်းချက်တွေကို ကိုယ်လိုရာ ဆွဲသုံးနေတယ်လို့ တပ်မတော်ဘက်က စွပ်စွဲပြောဆိုနေတာ ဖြစ်ပါတယ်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း… ရွေးကောက်ပွဲ အငြင်းပွားနေတဲ့ ကိစ္စရပ်တွေကို လက်ရှိအာဏာရ NLD အစိုးရက ဖြေရှင်းမပေးဘူးဆိုရင် တပ်မတော်ဘက်က အာဏာမသိမ်းဘူးလို့ မမှတ်ယူနိုင်ကြောင်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ ဝေဖန်ပြောဆိုချက်တွေ ပြင်းပြင်းထန်ထန်ရှိလာပေမယ့် ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့တဲ့ လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဘက်ကတော့ တရားဝင် ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

အလားတူ ရွေးကောက်ပွဲကော်မရှင်ကလည်း… တပ်မတော်က ပြန်လည်စိစစ်နေတဲ့ မဲစာရင်းတွေဟာ ရွေးကောက်ပွဲနေ့က အသုံးပြုခဲ့တဲ့ မဲစာရင်းတွေ မဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာခဲ့ပြီးနောက်ပိုင်း ဘာမှ ထပ်မံပြောဆိုတာ မရှိသေးပါဘူး။

ရွေးကောက်ပွဲ အငြင်းပွားဖွယ် ကိစ္စရပ်တွေကို လွှတ်တော်မှာ တင်ပြဆွေးနွေးနိုင်ဖို့ အရေးပေါ်လွှတ်တော် အစည်းအဝေး ခေါ်ယူပေးဖို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်း ဦးဆောင်ပြီး တောင်းဆိုခဲ့ပေမယ့် ဒီတောင်းဆိုချက်ကို ပြည်ထောင်စုလွှတ်တော်ရုံးက ပယ်ချခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲအတွင်း အငြင်းပွားဖွယ် မဲစာရင်းမှားယွင်းမှုပေါင်း (၈.၆) သန်းကျော်ရှိခဲ့တယ်လို့ တပ်မတော်က ပြောဆိုထားပါတယ်။

 https://www.rfa.org/burmese/news/general-min-aung-hlaing-01272021062341.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.