Breaking

January 26, 2021

မဲစာရင်း အငြင်းပွားမှုနဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်း

 ကျော်လွင်ဦး၊ သက်စုအောင်

2021-01-26

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုတွေကို ဖြေရှင်းပေးဖို့တပ်မတော်နဲ့ အတိုက်အခံ နိုင်ငံရေး ပါတီတချို့က တောင်းဆိုနေပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဖြေရှင်းတာဟာ တိုင်းပြည်ကို နိုင်ငံရေးအကျပ်အတည်းထဲ တွန်းပို့သလို့ဖြစ်နေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

နိုင်ငံရေးအကျပ်အတည်းဖြစ်နိုင်တယ်ဆိုတဲ့ ထောက်ပြချက်ကို NLD ဘက်ကတော့ လက်မခံပါဘူး။ တစ်ဦးရဲ့ တောင်းဆိုချက်ကို တစ်ဦးက လက်မခံဘူးဆိုရင် ဆက်ဆံရေး မပြေလည်တာတွေ ဖြစ်တက်တယ်လို့ တပ်မတော်ဘက်က တုံ့ပြန်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တပ်မတော် အပါအဝင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ဦးဆောင်တဲ့ အတိုက်အခံပါတီတချို့က ရွေးကောက်ပွဲကော်မရှင်ကို ဖြေရှင်းပေးဖို့ မဲရလဒ်တွေ ထုတ်ပြန်ပြီး နောက်ပိုင်းကစလို့ အစဉ်တစိုက် တောင်းဆိုလာနေတာပါ။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက် တစ်စုံတစ်ရာ တုံ့ပြန်ဖြေရှင်းတာမျိုး မရှိသလို အစိုးရဘက် ကလည်း ဖြေရှင်းပေးတာမျိုး မရှိသေးပါဘူး။

တပ်မတော် အပါအဝင် USDP ပါတီရဲ့ တောင်းဆိုချက်ကို အရေးတယူမဖြေရှင်းတာဟာ အာဏာရပါတီ NLD နဲ့ တပ်မတော်ကြား အငြင်းပွားမှုတွေကို ကြီးထွားလာစေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက သုံးသပ်ပါတယ်။

တပ်မတော်ရဲ့ ထုတ်ပြန်ကြေညာချက်တွေကို UEC က မဖြေရှင်းတာဟာ အငြင်းပွားမှုကို ပိုအရှိန်မြင့်စေ တယ်လို့ ပြန်ကြားရေးဝန်ကြီးဟောင်းလည်းဖြစ် နိုင်ငံရေးလေ့လာသုံးသပ်သူလည်းဖြစ်တဲ့ ဦးရဲထွဋ်က သုံးသပ်ပါတယ်။

“အစိုးရနဲ့ တပ်မတော်ကြားမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေက ပိုပြီးပြင်းထန် စေတာပေါ့၊ တကယ်ကတော့ တပ်မတော်က စပြီးတော့ ထုတ်ပြန်တဲ့ ၁၀ မြို့နယ်၊ ၁၁ မြို့နယ် လောက်ကတည်းက အဲမြို့နယ်တွေရဲ့ မဲစာရင်းကို ထုတ်ပြန်ပြီးတော့မှ သူတို့မှန်ကန်တဲ့အကြောင်း သက်သေပြလို့ရှိရင် ဒီကိစ္စက အစောကြီးကတည်းက ပြီးသွားမှာပေါ့ဗျာ၊ အခုဟာက တဖြည်းဖြည်းနဲ့ အချိန်ကြာလာတော့ အငြင်းပွားမှုအရှိန်က ပိုမြင့်လာတာပေါ့”

“ကျနော်တို့ နိုင်ငံရဲ့ ပြဿနာကတော့ အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည် ပြောသလို မြန်မာနိုင်ငံရဲ့ ပြဿနာတွေက တွေ့ဆုံဆွေးနွေးဖြေရှင်းရမယ်လို့ ပြောခဲ့တာကို အဲအတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည် ရော၊ တပ်မတော် ခေါင်းဆောင်တွေရော၊ ကျန်တဲ့နိုင်ငံရေးပါတီရော၊ UEC ရော တွေ့ဆုံဆွေးနွေးရင်းနဲ့ အဖြေရှာဖို့ပဲ ကျနော်တို့က တိုက်တွန်းလိုပါတယ်”

ဒီအငြင်းပွားမှုကြောင့် နိုင်ငံရေးမတည်ငြိမ်မှုဖြစ်မှာ စိုးရိမ်ပြီး စီးပွားရေးလုပ်ငန်းတွေပါ ထိခိုက်နိုင်တယ်လို့ သူက မှတ်ချက်ပြုပါတယ်။

ဒါဟာ တပ်မတော်နဲ့ အာဏာရ NLD ကြား အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ အထိပါ ထိခိုက်လာနိုင်လို့ နှစ်ဖက်အဖွဲ့အစည်းတွေကြား တွေ့ဆုံဆွေးနွေးဖို့ နိုင်ငံရေးအသိုင်းအဝိုင်းက လိုလားနေပါတယ်။

ဒီလိုလိုလားသူတွေထဲ ရှမ်းတိုင်းရင်းသား အမျိုးဒီမိုကရေစီအဖွဲ့ချူပ် SNLD ဒုဥက္ကဋ္ဌ စိုင်းညွှန်လွင်လည်း ပါဝင်ပါတယ်။

“ဒီအချိန်မှာ အရေးကြီးဆုံးအလုပ်တစ်ခုပဲရှိတယ်၊ အဲဒါကဘာလဲဆိုတော့ အမျိုးသားညီညွတ်ရေး ကိစ္စပဲ၊ အခုလိုဖြစ်နေတဲ့ ကိစ္စတွေအားလုံးကတော့ ဖြစ်နိုင်ရင်တော့ အေးအေးချမ်းချမ်းနဲ့ စကားပြောကြရင်တော့ ပိုကောင်းလိမ့်မယ်လို့ထင်တယ် လူချင်းတွေ့ပြီးပြောလိုက်ရင်ပေါ့”

NLD ဘက်ကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေကြောင့် တပ်မတော်နဲ့ NLD ကြား ဆက်ဆံရေးထိခိုက်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေကို လက်မခံပါဘူး။

“ဒါကတော UEC က သူရဲ့ ဆုံးဖြတ်ပိုင်ခွင့်အရ လုပ်သွားတာပါ၊ ကျနော်တို့ကတော့ အဖွဲ့ချုပ်နဲ့ တပ်မတော်ကြားမှာ အကျပ်အတည်းဖြစ်အောင် တွန်းပို့တယ်လို့ မမြင်ပါဘူး၊ ဒါကကြည့်တဲ့လူရဲ့ ရှုထောင့် အပေါ်မှာ မူတည်ပြီးတော့ အယူအဆတွေ ကွာသွားတာလို့ ထင်ပါတယ်၊ ကျနော်တို့ ဒီဟာမှာတော့ တပ်မတော်နဲ့ အဖွဲ့ချုပ်ကြားမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို UEC ရဲ့ လက်ရှိဆောင်ရွက်ချက်တွေ အရ ထိခိုက်မယ်လို့ ကျနော်တို့က မယုံကြည်ပါဘူးခင်ဗျ”

NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန်က ပြောသွားတာပါ။

ဒီနေ့နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မဲစာရင်းမှားယွင်းမှုတွေကို ဖြေရှင်းပေးဖို့ တပ်မတော်က တောင်းဆိုတာကို ရွေးကောက်ပွဲကော်မရှင်က မဖြေရှင်းတာကြောင့် တပ်နဲ့ NLD အစိုးရကြား ဆက်ဆံရေး ထိခိုက်မလားဆိုတဲ့မေးခွန်းကို လူတစ်ဦးနဲ့တစ်ဦး ဆက်ဆံရေးကို ဥပမာပေးပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက တုံ့ပြန်ခဲ့ပါတယ်။

“လူတစ်ဦးနဲ့တစ်ဦး ဆက်ဆံရေးပဲ ကြည့်လိုက်ပေါ့ဗျာ၊ လူတစ်ဦးနဲ့တစ်ဦး ဆက်ဆံကြတဲ့နေရာမှာ ခင်ဗျားကလည်း ကျနော့်အပေါ် တရားမျှတတယ် ခင်ဗျားအခွင့်အရေး ဒါမှမဟုတ်ရင်လည်း ခင်ဗျားရဲ့ တာဝန်ရှိမှုအရ အခွင့်အရေးအရ တောင်းဆိုတယ်ဆိုတဲ့နေရာမှာ ကျနော်က ခင်ဗျားပြောတာ မှန်သမျှကို လျစ်လျူရှုထားရင် ဂရုမစိုက်ပါဘူးဆိုတာလုပ်ရင် ခင်ဗျားနဲ့ ကျနော် တည့်နိုင်စရာအကြောင်း ရှိလားပဲ စဉ်းစားကြည့်ပေါ့၊ ဒါက အခြေခံအကြောင်းချက်ပဲ၊ ကျန်တဲ့ဟာနဲ့ ကျနော် မပြောလိုပါဘူး”

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ တုံ့ပြန်ချက်ရဖို့ RFA က အီးမေလ်း၊ ဖုန်းတို့ကတဆင့် ဆက်သွယ်ခဲ့ ပေမယ့် အကြောင်းပြန်တာမရှိပါဘူး။ UEC က ရွေးကောက်ပွဲပြီးနောက် သတင်းစာရှင်းလင်းပွဲ တစ်ကြိမ်လုပ် ပြီးနောက်ပိုင်း ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကန့်ကွက်ပြောဆိုမှုတွေအပေါ် သတင်းမီဒီယာတွေကို တုံ့ပြန် ဖြေကြားမှုမရှိပါဘူး။

ရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းဖို့လိုပေမယ့် နိုင်ငံရေးကို ထိခိုက်လောက်တဲ့အထိ အခြေအနေမရှိနိုင် ဘူးလို့ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က သုံးသပ်ပါတယ်။

“ဒီကိစ္စကြောင့်မို့လို့၊ တိုင်းပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်ပေါ့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်လို့ ဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ဒီမိုကရေစီအရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ဒီဖြစ်စဉ်ကို ထိခိုက်နိုင်စရာရှိတယ်လို့ ကျနော့်အနေနဲ့ မမြင်ပါဘူးဗျ၊ UEC က သူပြောသင့်တဲ့ကိစ္စ၊ သူဖြေရှင်းသင့်တဲ့ ဖြေရှင်းထိုက်တဲ့ကိစ္စကို ဖြေရှင်းဖို့ပဲ လိုတယ်လို့ ကျနော့်အနေနဲ့ ယူဆတယ်”

ရွေးကောက်ပွဲတွေမှာ မပြေလည်မှုတွေ၊ မကျေနပ်မှုတွေရှိတတ်ပြီး ဒါတွေကို ဥပဒေအကြောင်းအရ ဖြေရှင်းပေးဖို့နဲ့ တရားမျှတမှုရှိရှိနဲ့ အနိုင်ရခဲ့တယ်ဆိုရင်လည်း အနိုင်ရပါတီကို တခြားနိုင်ငံရေး ပါတီတွေ၊ အင်အားစုတွေအနေနဲ့ အသိအမှတ်ပြုဖို့ လိုအပ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက မှတ်ချက်ပြုကြပါတယ်။

https://www.rfa.org/burmese/news/voter-list-dispute-and-myanmar-political-crisis-01262021053459.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.