Breaking

January 29, 2021

ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့ ကြိုးစားတာကို သံတမန် အဖွဲ့အစည်းတွေ ကန့်ကွက်

အောင်သိင်္ခ 

2021-01-29


ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့ ကြိုးစားတာကို သံတမန် အဖွဲ့အစည်းတွေ ကန့်ကွက်  
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကို နေပြည်တော်မှာ ၂၀၂၁ ဇန်နဝါရီ ၄ ရက်နေ့ကကျင်းပတဲ့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်တဲ့ အခမ်းအနားမှာ တွေ့ရစဉ်

ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့နဲ့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကြန့်ကြာအောင် ကြိုးပမ်း အားထုတ်မှုတွေကို ဆန့်ကျင်ကန့်ကွက်တယ်လို့ မြန်မာနိုင်ငံ အခြေစိုက်သံတမန်အဖွဲ့အစည်းတွေက ဒီနေ့ ပူးတွဲကြေညာလိုက်ပါတယ်။

တပ်မတော်နဲ့ မြန်မာနိုင်ငံအတွင်းက တခြားသောပုဂ္ဂိုလ် လူ့အဖွဲ့အစည်းတွေအနေနဲ့ ဒီမိုကရေစီစံနှုန်းတွေကို လိုက်နာစောင့်ထိန်းကြဖို့လည်း ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော်သစ်စတင်ရေးနဲ့ သမ္မတသစ် ရွေးချယ်ရေးလုပ်ငန်းတွေကို ငြိမ်းငြိမ်းချမ်းချမ်းဆောင်ရွက်ဖို့ မျှော်လင့်တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးအပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဒိန်းမတ်၊ ချက် သမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမဏီ၊ နယ်သာလန်၊ သြစတြေးလျ၊ ကနေဒါ၊ စပိန်နဲ့ ဆွီဒင်၊ ယူကေ၊ အမေရိကန်၊ နော်ဝေနဲ့ နယူးဇီလန် နိုင်ငံသံရုံးတွေက တိုက်တွန်းထားတာဖြစ်ပါတယ်။

၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီဂူတာရက်စ်ကလည်း ဇန်နဝါရီ ၂၈ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်က အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ မရကြောင်း ပြောပြီးနောက်ပိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မလိုက်ဘူးဆိုရင် ဖျက်သိမ်းရမယ်ဆိုတဲ့ ပြောဆိုချက်တွေပါ ရှိလာပါတယ်။

အဲဒီလိုပြောဆိုချက်တွေရှိနေတဲ့တပြိုင်တည်းမှာပဲ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မြို့အချို့မှာ သံချပ်ကာကားတွေ တင့်ကားတွေ လမ်းပေါ်ရောက်လာတာနဲ့ ပတ်သက်လို့ ပြည်သူတွေကြားမှာ တပ်မတော် အာဏာသိမ်းတော့မလား ဆိုတဲ့ စိုးရိမ်မှုတွေ၊ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ 

https://www.rfa.org/burmese/news/diplomatic-joint-statement-myanmar-election-democratic-transition-01292021013005.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.