အိန္ဒိယနိုင်ငံက လက်ဆောင်ပေးလိုက်တဲ့ ကိုဗစ် ၁၉ ကာကွယ်ဆေးတွေ မြန်မာနိုင်ငံကို မနေ့က ရောက်ရှိလာတဲ့အတွက် အားရဝမ်းသာ ပြောဆိုသံတွေ ကြားရပါတယ်။ တပြိုင်နက်မှာပဲ နော်ဝေနိုင်ငံမှာ ဒီရက်ပိုင်းအတွင်း အမေရိကန်ထုတ် Pfizer-BioNTech ဖိုင်ဇာ ဗိုင်ရွှန်တက် ကိုဗစ်ကာကွယ်ဆေး ထိုးနှံခဲ့တဲ့ အသက် ၇၅ နှစ်အထက် လူကြီး ၃၃ ဦးကွယ်လွန်ခဲ့တဲ့အတွက် စိုးရိမ်မှုတွေ ပေါ်ထွက်ခဲ့ပါတယ်။ အဲဒီသူတွေမှာ ကာကွယ်ဆေးနဲ့ သေဆုံးမှု တိုက်ရိုက်ပတ်သက်တဲ့ အထောက်အထားတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။
တကယ်တော့ ရောဂါကာကွယ်ဆေးတခုကို အန္တရာယ်ကင်းအောင်
စမ်းသပ်ထုတ်လုပ်ဖို့အတွက် ယေဘူယျအားဖြင့် အချိန် ၅ နှစ်ကနေ ၁ဝ နှစ်အတွင်း
ကြာမြင့်လေ့ရှိပေမယ့် အခု ကိုဗစ်ကာကွယ်ဆေးတွေ ကတော့ တနှစ်အတွင်း
ထုတ်လုပ်ခဲ့ရတာ ဖြစ်ပါတယ်။ နော်ဝေနိုင်ငံက အဖြစ်အပျက်ကြောင့် မြန်မာပြည်က
ကျန်းမာရေးပညာရှင်တွေ အနေနဲ့လည်း ကာကွယ်ဆေးထိုးနှံရေးအတွက်
အရေးပေါ်လိုအပ်ချက်တွေကို အထူးသတိထား ဆောင်ရွက်နေတယ်လို့
အမျိုးသားကာကွယ်ဆေး ထိုးနှံမှုအကြံပေးအဖွဲ့ဝင် ဆရာဝန်ကြီး
ပါမောက္ခဦးသိန်းအောင် က RFA ကိုပြောပါတယ်။
“ဆေးတွေကလည်း
အချိန်တိုတိုတွင်းမှာ ထုတ်ရတဲ့ဆေးတွေဆိုတော့ သူတို့နဲ့ပတ်သက်တဲ့
အကြောင်းအရာတွေက သိပ်ပြီး မသိသေးတဲ့အတွက်ကြောင့် ထိုးပေးရမယ့်
ပညာရှင်တွေအနေနဲ့ ကလည်း လူတွေကို အန္တရာယ် ကင်းတယ်လို့ ယုံကြည်ကြအောင်
လုပ်ပေးရဖို့ လိုပါတယ်။ သမာရိုးကျ ကာကွယ်ဆေးထိုးတဲ့ဟာမှာ ကျနော်တို့
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အတွေ့အကြုံ အများကြီးရှိခဲ့တယ်။ ဒါပေမယ့်
အရင်တုန်းက ကျနော်တို့က လူငယ်တွေ လူလတ်ပိုင်းတွေကို အဓိက ထိုးတာဖြစ်တယ်။
အခုကတော့ လူကြီးတွေပါ ပါလာတယ်။ နောက်တခုကတော့ ဒီကာကွယ်ဆေးတွေမှာက
ဘေးထွက်ဆိုးကျိုး လုံးဝကင်းတာတော့ မဟုတ်ဘူး။ ဆေးရုံပြင်ပ ဝေးတဲ့နေရာမှာ
ထိုးနှံတဲ့အခါကျရင် အခက်အခဲ ရှိနိုင်တဲ့အတွက် ကျနော်တို့ စိုးရိမ်တယ်။
တခုခုဖြစ်သွားရင် လူတွေက ကြောက်သွားမယ်။ ကြောက်သွားလို့ရှိရင်
မထိုးဘူးဆိုလို့ရှိရင် ကာကွယ်ဆေး လွှမ်းခြုံမှု နည်းသွားလို့ရှိရင်
ဒီရောဂါကို ထိန်းသိမ်းနိုင်တဲ့ အနေအထား နောက်ကျသွားရင် စီးပွားရေးရော ဘာရော
တခြားလူမှုရေးတွေ ထိခိုက်မဲ့အကြောင်းအရာတွေ အများကြီးရှိတယ်။ နော်ဝေးမှာ
ဆေးထိုးပြီးတော့ လူအသေအပျောက် ရှိလာတဲ့အခါကျ ကျနော်တို့မှာ တာဝန်က
ပိုရှိသွားတယ်။ အထူးသဖြင့် အသက်အရွယ်ကြီးတဲ့သူတွေက တခြားရောဂါတွေ
ရှိတတ်တာကိုး”
ကာကွယ်ဆေးထိုးပြီး
အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဘေးထွက်သက်ရောက်မှုဖြစ်ပွားတာ အလွန်နည်းပေမယ့်
တကယ်လို့ပေါ်ပေါက်လာခဲ့ရင် ချက်ခြင်းကုသဖို့ လိုတယ်လို့လည်း ဆရာဝန်ကြီး
ဦးသိန်းအောင်က ပြောပါတယ်။
“Shock ပေါ့နော်။
ကိုယ်ဆေးထိုးလိုက်လို့ သွေးပေါင်ချိန်ကျပြီး အသက်အန္တရာယ်
ရှိနိုင်တဲ့အချိန်မျိုး၊ အဲဒီအချိန်မျိုး ဆိုလို့ရှိရင် တဦးတယောက်ထဲ
လုပ်လို့မရဘူး။ Team အဖွဲ့နဲ့ကုဖို့ လိုတယ်။ အဲဒီရောက်တာမှ သွေးပေါင်ချိန်
ကျတာတို့ အောက်စီဂျင် ဘယ်လောက်ရှိတယ်တို့ နှလုံးခုန်နှုန်း ဘယ်လောက်
ရှိတယ်တို့ လျှောက်လုပ်နေရင် အရေးကြီးတဲ့အချိန် ကျနော်တို့ လွတ်သွားမယ်။
ကျနော်အကြံပေးထားတာကတော့ လူတွေလဲ များများထိုးစေချင်တယ်။ လူတွေစုဝေးပြီး
ရောဂါကူးမှာလဲ မကြောက်ဘူးဆိုရင်တော့ ကျယ်ပြန့်တဲ့ ဘောလုံးကွင်းလို
နေရာမျိုးမှာ ထိုးပေါ့။ ထိုးတဲ့အဖွဲ့ကလဲ ၁ဝ ဖွဲ့ ၁၅ ဖွဲ့လောက် ရှိမယ် ဒီလို
Shock ဖြစ်နိုင်တဲ့ အနေအထားက သိပ်မရှိပါဘူး။ တကယ်လို့ ရှိမယ် ရှိရင်လည်း
အသက်ရှင်ဖို့ မရှင်ဖို့ဆိုတာ ကျွမ်းကျင်တဲ့ အဖွဲ့အစည်းရှိရမယ်။
လိုအပ်တဲ့ပစ္စည်း ပြည့်စုံရမယ်။ အချိန်နှောင့်နှေးမှု မရှိဘဲ
ချက်ချင်းလုပ်နိုင်ရမယ်။”
အမေရိကန်ပြည်ထောင်စုမှာနေထိုင်ပြီး
ကိုဗစ်ဖြစ်ပွားမှုကို စောင့်ကြည့်လေ့လာနေတဲ့ ဆရာဝန်ကြီး ဒေါက်တာ
တင့်ဆွေကလည်း ကာကွယ်ဆေးတွေကို ယုံယုံကြည်ကြည် ထိုးနှံကြဖို့
တိုက်တွန်းပါတယ်။
“ဒီ Side effect လို့ခေါ်တဲ့
ဘေးထွက်သက်ရောက်မှုဟာ ဒီကာကွယ်ဆေးမှာလည်း မရှိဘူးလို့ ကျနော်တို့
မပြောနိုင်ပါဘူး။ သို့သော်လည်း အခုထိ ကမ္ဘာပေါ်မှာ လေ့လာမှု
လုပ်သလောက်အရဆိုရင် ဒါဟာ ထိုးသင့် ထိုးထိုက်တဲ့ ကာကွယ်ဆေးတခုဖြစ်တယ်။
လုံခြုံစိတ်ချရတယ်လို့ သတ်မှတ်ထားလို့သာလျှင် နိုင်ငံတွေက တရားဝင်ထိုးကြတာ
ဖြစ်တဲ့အတွက် ကျနော်တို့ နိုင်ငံက ပြည်သူတွေ ဆေးထိုးရမဲ့သူတွေဟာ ကျနော်တို့
အစိုးရက ထုတ်ပြန်ချက်အတိုင်း လိုက်နာသင့်ကြတယ်။ အားလုံးစိုးရိမ်နေကြတဲ့
Shock လို့ ခေါ်တာပေါ့နော်။ အလွန်ဆိုးဝါးတဲ့ allergy
ဖြစ်ကောင်းဖြစ်နိုင်တယ်။ လူသန်းနဲ့ သိန်းနဲ့ချီတဲ့အခါမှာ တယောက်မရှိဘူးလို့
မပြောနိုင်ပါဘူး။ သို့သော်လည်း ဒါကို ကျန်းမာရေးဝန်ကြီးဌာနကလည်း
သတိရှိပြီးသားဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ရှိပါလိမ့်မယ်။ ဒါကြောင့်
အဲဒါတွေကို အစိုးရိမ် မလွန်ကြဖို့နဲ့ သတိရှိကြဖို့ ကျနော် အလေးအနက်
အကြံပြုချင်ပါတယ်”
ကမ္ဘာတဝန်းမှာ ကိုဗစ်ကာကွယ်ဆေးတွေကို စတင်ထိုးနှံမယ်နေပြီဖြစ်ပေမယ့် လူအများစုကို ဆေးထိုးပြီးဖို့အတွက် နှစ်နဲ့ချီ ကြာမြင့်ဦးမှာဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို တိတိကျကျ လိုက်နာဖို့ နိုင်ငံတကာ အစိုးရတွေက ဥပဒေတွေကို တင်းတင်းကျပ်ကျပ် ထုတ်ပြန်နေပါတယ်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.