Breaking

January 12, 2021

စာချွန်တော်အမိန့်ထုတ် စစ်ဆေးရေး ဘယ်လို ဖြစ်လာနိုင်သလဲ


 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင်လေးဦးနဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း တို့ကို စာချွန်တော်အမိန့်ထုတ်ပြီး စစ်ဆေးဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ရှေ့နေ ဦးဇော်ဝိတ်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတွေက တိုင်ကြားခဲ့တာတွေနဲ့ ပတ်သက်ပြီး မနေ့က ကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က နိုင်ငံတော် သမ္မတအနေနဲ့ တာဝန်အရ ဆောင်ရွက်တာကို မည်သည့်တရားရုံးမှာမှ ဖြေရှင်းဖို့ တာဝန်မရှိကြောင်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း တို့ကို ဆင့်ခေါ်ထားတာနဲ့ ပတ်သက်လို့လည်း ဥပဒေအရ ဆောင်ရွက်စရာ မလိုကြောင်း နဲ့ ရွေးကောက်ပွဲ ရှုံးတာကို လက်မခံနိုင်သူတွေက အမျိုးမျိုး ဝေဖန်နေကြကြတာ ဖြစ်ကြောင်း စသဖြင့် ပြောကြားခဲ့ပါတယ်။

အခုလို ဦးဇော်ဌေးရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က သူတို့အနေနဲ့ ပြည်သူ့ဆန္ဒကို ငြင်းပယ်နေတာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

“ကျနော်တို့က ပြည်သူ့ဆန္ဒနဲ့ ထွက်ပေါ်လာတဲ့ရလဒ်ကို ငြင်းပယ်စရာ အကြောင်းမရှိဘူး။ လက်ခံတယ်။ သို့သော် မဲမတရားမှုလုပ်တာကိုတော့ ကျနော်တို့ လက်ခံလို့မရဘူး။ ဒါကို ကျနော်တို့က အချက်အလက်နဲ့ ဥပဒေနဲ့အညီ ထောက်ပြတယ်။ ကော်မရှင်ကိုပြောတယ်။ ကော်မရှင်က ကျနော်တို့ကို ဘာမှတုံ့ပြန်မှုမရှိဘူး။ အဲဒီအတွက် ကော်မရှင်ကို တာဝန်ယူခန့်အပ်တဲ့ နိုင်ငံတော်သမ္မတကို ပြောတယ်။ ကော်မရှင် ဒီလိုဒီလို လုပ်နေတယ်။ ဒါကိုပြန်ပြီး ရေတွက်ပေးပါ။ မဲမတရားမှု မဲမသမာမှု မဲခိုးမှု လုပ်တာတွေကို ဖြေရှင်းပေးပါလို့ ကျနော်တို့ ပြောတယ်။ အကြောင်းမပြန်ဘူး။ ဆိုတော့ နောက်ဆုံး ကျနော်တို့လုပ်ရမယ့်အလုပ်သည် ဥပဒေနဲ့အညီ တရားရုံးကို ဦးတိုက်လျှောက်ဖို့ရှိတယ်။ ဒါကြောင့် အချက်အလက်အခိုင်အမာနဲ့ ကျနော်တို့ ပြည်ခိုင်ဖြိုးပါတီကနေ နိုင်ငံတော်တရားရုံးချုပ်ကို ဥပဒေနဲ့အညီ စာချွန်တော် တင်ထားတာ ဖြစ်တယ်။ ဒါကျနော်တို့ လုပ်ရမယ့်အလုပ်ကို တဆင့်ပြီးတဆင့် ဥပဒေနဲ့အညီ ကျနော်တို့ ဆောင်ရွက်တာဖြစ်တယ်။ ယခင်တုန်းက ဆိုရင် အစိုးရကို မကျေနပ်ရင် အလုံးစုံ ပျက်သုန်းရေးတို့ ထိပ်တိုက်ရင်ဆိုင်ရေးတို့ ဒါတွေနဲ့ သွားခဲ့ကြတာ။ ဒီနေ့ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် ကျနော်တို့ ပါတီသည် ဥပဒေနဲ့အညီ တဆင့်ချင်းတဆင့် ဆောင်ရွက်နေတယ်လို့ဘဲ ကျနော်ပြောချင်တယ်။”

အခုလို တိုင်ကြားမှုတွေနဲ့ ပတ်သက်ပြီး လာမယ့် ၂၉ ရက်နေ့မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကြားနာမှာ ဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက -

“အခုက စာချွန်တော် လျှောက်ကြတယ်ဆိုတာကတော့ လျှောက်ခွင့်တော့ရှိတာပေါ့လေ။ ရုံးအခွန်တော် တံဆိပ်ခေါင်းကပ်ပြီးတော့ ကျမ်းကျိန်လွှာနဲ့ တင်လို့ ရှိရင်တော့ စာချွန်တော်အမှု အနေနဲ့တော့ဖွင့်ပေးတာပေါ့ သို့သော်လည်း ဒီအမှု လက်ခံသင့် မသင့် တရားရုံးတော်က ကြားနာပေးတာပေါ့။ အဲဒီတော့ ဒီဘက် မထုတ်သင့်ဘူးဆိုရင်လည်း ထုတ်စရာမရှိဘူး။ အကျိုးအကြောင်းပြပြီး ပယ်မှာပေါ့။ ကနဦး ကြားနာခွင့်အမိန့် ခွင့်ပြုတယ်ဆိုရင်လည်း ဘာကြောင့်ခွင့်ပြုတယ် ဘာကြောင့် ကြားနာဖို့ လိုအပ်တယ်ဆိုတာ တဖက်ကို ဆင့်စာထုတ်ပြီး အကြောင်းကြားမယ်။ ချက်ချင်း အမိန့်မချပါဘူး။ ၂၉ ရက်နေ့ ကြားနာပြီး တပတ်ကြာရင် ကြာမယ် ၂ ပတ် ဒါမှမဟုတ် ၁ လ ကြာရင်ကြာမယ်။ အဒီအချိန်မှာ တရားရုံးရဲ့ ရုံးနေ့စဉ် လုပ်ဆောင်တာ ထွက်လာမယ် အဲဒီကျရင် ဘယ်အမှုကို အမိန့်ချရန် သတ်မှတ်တယ်ဆိုပြီး အမှုနံပါတ်နဲ့ အမိန့်ချမဲ့ရက်ကို ကြေညာတယ် လက်ခံသင့် မသင့် ကြားနာတဲ့အဆင့်မှာတော့ တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ထိုင်မှာမဟုတ်ဘူး။ လက်ခံပြီဆိုတဲ့ အဆင့်မျိုးကျရင် ဦးထွန်းထွန်းဦး ထိုင်ရင် ထိုင်မှာပေါ့။ ပြည်ထောင်စု တရားလွှတ်တော် တရားသူကြီးက ကိုးယောက်လောက် ရှိတာ အဲဒီထဲက ၂ ယောက် ဆင်းထိုင်ပြီး လက်ခံကြားနာမှာပေါ့။”

မန္တလေးမြို့ရှိ နိုင်ငံရေးသမား စာရေးဆရာ ညီပုလေးကတော့ နိုဝင်ဘာ ရွေးကောက်ပွဲအပြီး အခုလို ဖြစ်ပေါ်နေတာတွေဟာ အာဏာနဲ့ တိုက်ရိုက်ပတ်သက်နေတယ်လို့ ကောက်ချက်ချပါတယ်။

“ကနေ့ ဗမာပြည်အဖြစ်အပျက် ကြုံနေတဲ့ တရားစွဲမယ် ပြုမယ်၊ မဲစာရင်းတွေ ဘယ်နှယ် ညာနှယ် ပြောနေကြတာတွေဟာ အာဏာ၊ လောဘပေါ့။ အာဏာ အရသာပေါ့။ ရှိထားတဲ့ စည်းစိမ်ဥစ္စာ ထပ်တိုးပွားချင်တာကို အခြေခံတယ်ထင်တာပဲ”

ပြီးခဲ့တဲ့ ရွေးကောာက်ပွဲမှာ မသမာမှုတွေရှိခဲ့တယ်ဆိုပြီး တပ်မတော်နဲ့ နိုင်ငံရေးပါတီတချို့ရဲ့စွပ်စွဲပြောဆိုမှု တွေကတော့ ဆက်လက် ထွက်ပေါ်နေဆဲဖြစ်ပါတယ်။

 https://www.rfa.org/burmese/program_2/president-u-win-myint-uec-usdp-01082021192107.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.