Breaking

January 13, 2021

တရုတ်နိုင်ငံခြားရေးဝန်ကြီးခရီးစဉ် မြန်မာအတွက် ဘာမျှော်လင့်နိုင်မလဲ

 

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ မနေ့က တွေ့ဆုံရာမှာ မြန်မာ-တရုတ် စီးပွားရေးစင်္ကြန်စီမံကိန်း၊ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

တရုတ်ပြည်မှာ နေထိုင်တဲ့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇော က တရုတ်အစိုးရဟာ ကိုဗစ်အလွန်ကာလမှာ စီးပွားရေး မြန်မြန်ဆန်ဆန် ပြန်လည် တိုးတက်ရေးအတွက် အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

“စက်မှုလုပ်ငန်းတွေကို သူက လုပ်အားခသက်သာတဲ့ နိုင်ငံတွေကို ရွှေ့မှာပေါ့။ ဒီခြေလှမ်း အတွက်လည်း သူက သွက်သွက်လက်လက်လုပ်နေတယ်။ ဝမ်ယိက ဗမာပြည်ကို မသွားခင် အာဖရိက ငါးနိုင်ငံကိုသွားပြီး ပြန်ရောက်ပြီး နောက်နေ့ ဗမာပြည်သွားတာဘဲ။ အဲဒီ ဗမာပြည် သွားတဲ့အထဲမှာ ကိုဗစ်အလွန် ခပ်သွက်သွက် လုပ်မယ့်ကိုင်မယ့် ကိစ္စတွေ ရှိတယ်။ ဥပမာအားဖြင့် ကျောက်ဖြူနဲ့ ကူမင်းလမ်းတွေပေါ့။ နောက်တခုက သူ့ရဲ့ ပိုးလမ်းမ အောင်မြင်ဖို့ အတွက် ဗမာပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကလည်း အရေးကြီးတာကို။ အဲဒါလည်း တွန်းတွန်းတိုက်တိုက် လုပ်လိမ့်မယ် ထင်ပါတယ်”

ရခိုင်အမျိုးသားပါတီ ဗဟိုဦးဆောင်မှုကော်မတီဝင် ဦးဖေသန်းက တရုတ်ဝန်ကြီးရဲ့ ခရီးစဉ်ကနေ သူတို့ ရခိုင်ပြည်နယ်အတွက် အကျိုးရှိမယ်လို့ ယူဆပါတယ်။

“တရုတ်နိုင်ငံနဲ့ ကျနော်တို့ မြန်မာနိုင်ငံက နိုင်ငံရေးရော စီးပွားရေးပါ ဆက်စပ်နေတယ်။ အထူးသဖြင့် ဒီ ကျောက်ဖြူ- ကူမင်း ရထားလမ်းဟာ ကျနော်တို့ ရခိုင်ပြည်နယ်ရဲ့ ဖွံံ့ဖြိုးရေးအတွက် တော်တော်အရေးပါတယ်။ သူတို့အတွက်လည်း အရေးပါမှာပေါ့။ ကျနော်တို့ဘက်ကတော့ ဆင်းရဲမွဲတေတဲ့ ဒေသတခုမှာ အဲဒီလို လမ်းရောက်လာရင် ကျနော်တို့ ပင်လယ်ကမ်းခြေက ထွက်ကုန်တွေရော တရုတ်ပြည်ကလာတဲ့ ကုန်တွေရော အပြန်အလှန် ဖလှယ်နိုင်မှာပေါ့။ ဒါကြောင့် ကျနော်တို့က ဒီလမ်းကို အများကြီး မျှော်လင့်ပါတယ်။ တခြား နိုင်ငံရေး၊ စစ်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေလည်း ပါလာနိုင်တာပေါ့။ ဒါကြောင့် ဒီခရီးစဉ်ဟာ ငြိမ်းချမ်းရေးအရရော၊ စီးပွားရေးအရပါ သတင်းကောင်းတွေ ပါလာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်”

ဒီခရီးစဉ်မှာ တရုတ်ဝန်ကြီးက သူတို့ထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို မြန်မာပြည် ထောက်ပံ့ဖို့လည်း ပြောဆိုခဲ့ပါတယ်။ ဒေါက်တာလှကျော်ဇောက တရုတ်ပြည်က ထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးဟာ ဆေးကောင်းတခုပဲလို့ ပြောပါတယ်။

“ကျမကြားတာတော့ ကိုဗစ်ကာကွယ်ဆေးလည်း တရုတ်က ဗမာပြည်ကို တော်တော်များများ ပေးဖို့ရှိတယ်။ ကိုဗစ်ကာကွယ်ဆေးတွေထဲမှာ တရုတ်ပြည်က လုပ်တဲ့ ကာကွယ်ဆေးက အခုအခါမှာ တော်တော်လေး နာမည်ကောင်း ရနေတယ်။ သူက ဒီဗိုင်းရပ်စ်ပိုးကို သတ်ပြီးမှ သူ့ရဲ့ အဆိပ်အားကို လျှော့ပြီးမှ သူကမွေးပြီးမှ လုပ်တဲ့ ကာကွယ်ဆေး ဖြစ်တယ်။ ဒါကြောင့် သူက ပိုပြီး ထိရောက်တယ်လို့ တချို့က တွက်တယ်။ နောက်တခုက သူ့ကို ထိန်းသိမ်းရတာက Minus 2 to 8 လောက်ဆိုရင် ရပြီဆိုတော့ ထိန်းသိမ်းရတာလည်း ဒီလောက် မခက်ဘူးလေ။ အဲဒါတွေကို သူက အလကားပေးတာတွေလည်း ပေးမယ်။ တကယ်လို့ ရောင်းရမယ် ဆိုရင်လည်း သူ့ကုန်ကျစရိတ် ဖြစ်တဲ့ ဆေးတခါထိုး အမေရိကန် နှစ်ဒေါ်လာနဲ့ သုံးဒေါ်လာကြား အဲဒီလောက်ပဲ ယူမယ်လို့ ပြောတာပဲ။”

တရုတ်အစိုးရပိုင်နဲ့ တရုတ်နိုင်ငံသား စီးပွားရေးလုပ်ငန်းတွေကြောင့် မြန်မာပြည်ရဲ့ သယံဇာတတွေ ဈေးပေါပေါ သို့မဟုတ် အလဟဿ ဆုံးရှုံးနေရပြီး မြန်မာ့နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်မှုအတွက် မကျေနပ်တဲ့ မြန်မာပြည်သူတွေလည်း အများကြီးရှိပါတယ်။

၈၈ မျိုးဆက်နိုင်ငံရေးသမား ဦးမြအေးက တရုတ်ဟာ သတိထားရမယ့် အိမ်နီးချင်း ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“တရုတ်နိုင်ငံအနေနဲ့ ဗမာပြည်ကို သူ့ရဲ့ထီးရိပ်အောက်မှာ ရှိစေချင်တာအမှန်ပံ။ ကျနော်တို့ နိုင်ငံကလည်း အခုက နိုင်ငံတကာနဲ့ သိပ်ပြီး သင့်မြတ်တဲ့ အနေအထား မရှိဘူး။ အထူးသဖြင့် ရခိုင်ဖြစ်ပြီးနောက်ပိုင်းမှာ။ အဲဒီတော့ ကျနော်တို့ဆီကို လာတယ်ဆိုတာကတော့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွား ကိစ္စရပ်တွေပါမှာ ဖြစ်သလို ကျနော်တို့ နိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ ပြဿနာရပ်တွေ အတွက်လည်း တစုံတရာ အကြံပြုမှုတွေ ပေးကောင်း ပေးနိုင်တယ်လို့ပဲ ကျနော် သုံးသပ်ချင်တယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တွေ့ဆုံရာမှာ တရုတ်နိုင်ငံအကြီးအကဲတွေက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သတင်းစကားပါးခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိခဲ့တယ်လို့ ဆက်တိုက်ဆိုသလို ဝေဖန်ပြောကြားနေတဲ့ မြန်မာ့တပ်မတော်ရဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒီကနေ တွေ့ဆုံမှာဖြစ်ပါတယ်။

https://www.rfa.org/burmese/program_2/comments-over-china-foreign-minister-wang-yi-meet-daw-aung-san-suu-kyi-01112021183318.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.