ဒီလိုငြင်းဆိုတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ခြင်း ရှိ၊ မရှိ ပြန်လည်ဆန်းစစ်ရန် လိုမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
"အဓိကတော့ အထူးအစည်းအဝေး ခေါ်ယူပေးရန်မလိုကြောင်း၊ အကြောင်းပြချက်ပေးပြီး ငြင်းဆိုခဲ့ခြင်း ဟာ ဖွဲ့စည်းပုံနဲ့ ဆန်ကျင်ခြင်းရှိ၊ မရှိ ပြန်လည်ဆန်းစစ်ပေးရန်လိုအပ်မယ်လို့ သဘောထားထုတ်ပြန်ခဲ့ခြင်း ဖြစ်တယ်၊ အဲအထဲမှာလည်း အကြောင်းအရာအစုံကို ရှင်းလင်းပြီးဖြစ်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၄အရ တောင်းဆိုတာဖြစ်တယ်၊ ၈၄ မှာ သူက ခေါ်ဆိုပေးရမယ်ဆိုပြီး ပါပြီးသားဖြစ်တယ်။"
ကိုယ်စားလှယ်တွေရဲ့အခွင့်အရေး မဆုံးရှုံးဖို့၊ ဒို့တာဝန်အရေးသုံးပါး မူဝါဒနဲ့မလွှတ်ကင်းအောင်၊ လွှတ်တော်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြောစရာရှိရင် ပြောနိုင်အောင်ဆိုပြီး တောင်းဆိုတာလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ အရေးပေါ်အထူးအစည်းအဝေးခေါ်ဖို့ ငြင်းဆိုတာဟာ အခြေခံဥပဒေနဲ့ မဆန့်ကျင်ဘူးလို့ NLD ပါတီနဲ့ ဥပဒေပညာရှင်တွေက ဒီနေ့ပြောပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေ၊ ပြဿနာတွေဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာသာ အတည်ဖြစ်တယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့အကြောင်း၊ ဥပဒေပညာရှင်တွေကလည်း ပြောကြပါတယ်။
ဒုတိယအကြိမ် လွှတ်တော်အထူးအစည်းအဝေး မခေါ်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ရာ မရောက်ဘူးလို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လည်းဖြစ်တဲ့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
အခြေခံဥပဒေမှာပါတဲ့အတိုင်း အချုပ်အခြာအာဏာပိုင်တဲ့ ပြည်သူတွေရွေးချယ်တဲ့ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံသင့်တယ်လို့လည်း ဦးအောင်ကြည်ညွန့်က တပ်မတော်ကို တိုက်တွန်းလိုက်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံလက်မှတ်ရေးထိုးရုံနဲ့ လွှတ်တော်အထူးအစည်းအဝေး ခေါ် စရာမလိုတဲ့အကြောင်းနဲ့ အခုလိုငြင်းပယ်တာက အခြေခံဥပဒေနဲ့အညီ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီဝင် ဦးသိန်းသန်းဦးက ပြောပါတယ်။
အခြေခံဥပဒေပုဒ်မ ၈၄မှာ လွှတ်တော် အထူးအစည်းအဝေး ခေါ်ယူပေးရေး တောင်းဆိုဖို့ အကြောင်းပြချက် ပေးရန် လိုတယ်လို့ ဖော်ပြမထားဘဲ တောင်းဆိုလာရင် နာယကက ခေါ်ယူကျင်းပရမယ်လို့သာ ပြဋ္ဌာန်းထားတယ်လို့ တပ်မတော်ရဲ့ မနေ့က ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အခုအငြင်းပွားနေတဲ့ကိစ္စဟာ အခြေခံဥပဒေပြဿနာဖြစ်လို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးမှာဖြေရှင်းမှရမယ်လို့ ရခိုင်အမျိုးသားပါတီ ANP ဗဟိုအလုပ်အမှုဆောင်၊ မြေပုံမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ထောက်ပြပါတယ်။
ဦးဖေသန်းပြောသလို၊ ဥပဒေပညာရှင်တွေကလည်း ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတက်ဖို့ ရှိ၊ မရှိ တပ်မတော်ရဲ့သဘောထားကို မေးမြန်းရာ မှာတော့ လောလောဆယ်မပြောနိုင်သေးဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
တပ်မတော်က ဒီလိုနောက်ဆုံးအဆင့်အထိ ဆောင်ရွက်ဖို့ကြိုးစားနေတာဟာ အာဏာသိမ်းဖို့များ ရည်ရွယ် နေသလားလို့ မေးခွန်းထုတ်စရာဖြစ်နေပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တပ်မတော်ကို အာဏာသိမ်းခွင့် ပေးမထားဘူးလို့လည်း ဥပဒေပညာရှင်တွေက ထောက်ပြပါတယ်။
တကယ်လို့ တပ်မတော်က အာဏာသိမ်းမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာလည်း အလိုလို ဖျက်သိမ်းပြီးသား ဖြစ်သွားမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ထောက်ပြပါတယ်။
အထူးအစည်းအဝေးခေါ်ရေး၊ မခေါ်ရေး အငြင်းပွားနေပေမယ့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ တတိယအကြိမ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးတွေကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စဖို့ ခေါ်ထားပြီး ဖြစ်သလို၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကိုဖေဖော်ဝါရီ ၅ ရက်နေ့မှာ ကျင်းပတော့မှာ ဖြစ်တဲ့အတွက် သီတင်းနှစ်ပတ်လောက်သာ အချိန်ကျန်ပါတော့တယ်။
https://www.rfa.org/burmese/news/nld-response-with-parliament-01152021055449.html
No comments:
Post a Comment
Note: Only a member of this blog may post a comment.