
ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက် နှစ်ငါးလုံး အထိမ်းအမှတ်အဖြစ် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့မှာ လူသိန်းနဲ့ချီ ပါဝင်ပြီး စစ်အစိုးရကို ကန့်ကွက်ဆန္ဒပြနေချိန် ရဲနဲ့ စစ်တပ်က သတင်းယူနေတဲ့ သတင်းထောက် တွေကို ဖမ်းဆီးဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။
ပျဉ်းမနားမြို့ လူစည်ကားရာ နှင်းဆီအဝိုင်းမှာ ကျောင်းသားတွေ၊ CDM ဝန်ထမ်းတွေနဲ့ အလွှာအသီးသီးက လူထုလူတန်းစား မျိုးစုံပါဝင်တဲ့ သိန်းနဲ့ချီတဲ့ လူအုပ်ကြီးက စစ်အစိုးရ ပြုတ်ကျရေးအတွက် ကန့်ကွက် ဆန္ဒပြ နေတာကို ရန်ကုန်ကရောက်လာတဲ့ သတင်းထောက်အချို့နဲ့ နေပြည်တော် အခြေစိုက် သတင်းထောက် တွေက သတင်းဓာတ်ပုံနဲ့ ဗွီဒီယိုရိုက်ကူးခဲ့ပါတယ်။
အဲဒီလို ရိုက်ကူးနေချိန် ရဲနဲ့ စစ်တပ်က ဆန္ဒပြလူအုပ်ကို ဖြိုခွင်းဖို့ ရဲနဲ့စစ်ကား ငါးစီးခန့် ရောက်လာခဲ့ပါတယ်။
စစ်တပ်အရာရှိတစ်ဦးက လူအုပ်ကို ဖြိုခွင်းနေချိန်မှာပဲ သတင်းထောက်တွေဘက်ကို မျက်နှာမူပြီး “အဲဒီ ကောင်တွေကိုဖမ်း၊ ကင်မရာကိုသိမ်း” လို့ အမိန့်ပေးတာကြောင့် ရဲနဲ့ စစ်သားတွေက သေနတ်တွေချိန်ပြီး သတင်းထောက်တွေကို လိုက်လံဖမ်းဆီးခဲ့တဲ့အတွက် သတင်းထောက်အားလုံး ဘေးလွတ်ရာကို ဝရုန်း သုန်းကား ပြေးထွက်ခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သတင်းထောက်တစ်ဦးက ပြောပါတယ်။
အခု နေ့လယ် ၁၂ နာရီလောက်မှာတော့ ပျဉ်းမနားဘက်က လူစုခွဲခံလိုက်ရတဲ့ အာဏာရှင်ဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြသူတွေဟာ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ နေပြည်တော်မြို့လယ် သပြေကုန်းဈေးနဲ့ မြို့မဈေး လမ်းမကြီးတွေမှာ လှည့်လည်ဆန္ဒပြနေကြပါတယ်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.