Breaking

February 27, 2021

အာဏာသိမ်းစစ်တပ်ကို အပြင်းထန်ဆုံး အရေးယူဖို့ ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီးပြော


2021-02-26

ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ်ကို အပြင်းထန်ဆုံး အရေးယူဆောင်ရွက်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ဖေ‌ဖော်ဝါရီ ၂၆ ရက် မနေ့က တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ဒီနေ့ပြုလုပ်တဲ့ အထွေထွေညီလာခံ အလွတ် သဘောအစည်းအ‌ဝေးမှာ အာဏာသိမ်းစစ်ကောင်စီကို ကိုယ်စားမပြုဘဲ NLD အစိုးရနဲ့ ပြည်ထောင်စုလွှတ် တော် ကိုယ်စားပြုကော်မတီ (CRPH) ကို ကိုယ်စားပြု တက်ရောက်တာဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တရားဝင်ပြောကြားခဲ့တာပါ။ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက်ကြိုးစားကြဖို့ တိုက်တွန်းသွားသလို အရေးတော်ပုံ မုချအောင်ရမည်လို့လည်းသူက ညီလာခံခန်းမအတွင်းမှာ မြန်မာလိုပြောကြားသွားပါတယ်။

"မင်္ဂလာပါ။ ညီအစ်ကိုမောင်နှမများနဲ့ သွေးချင်းညီနောင်သားချင်များခင်ဗျာ၊ မိမိတို့ ဆောင်ရွက်နေတဲ့ စစ်တပ် အာဏာသိမ်းမှုချက်ချင်း အဆုံးသတ်ရေး၊ မိမိတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့် နဲ့ တခြား မတရားထိန်းသိမ်းခံထားရသူများ ချက်ချင်းလွှတ်ပေးရေး၊ နိုင်ငံတော်အာဏာ ပြည်သူ့ထံ ပြန်လည်ရရှိရေး၊ ဒီမိုကရေစီပြန်လည်ရရှိရေးနဲ့ ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးနဲ့ ဒီအရေးတော်ပုံ ကြီးအောင်မြင်ရေးကို မိမိတို့အလွှာအသီးသီးမှာ ပြည်သူပြည်သားများအားလုံး စည်းစည်းလုံးလုံးညီညီ ညွတ်ညွတ်နဲ့ အတူတကွ လက်တွဲ ဆောင်ရွက်နေတာကို အထူးကျေးဇူးတင်ရှိပါတယ်။ ဆက်လက်ဆောင်ရွက် သွားကြဖို့ကိုလည်း မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါတယ်ခင်ဗျာ။ ဒီအရေးတော်ပုံ မုချအောင်မြင်ရမည်”

စစ်တပ်အာဏာသိမ်းမှုကို ချက်ချင်းရပ်တန့်ဖို့၊ အပြစ်မဲ့သူတွေအပေါ် ဖိနှိပ်နေတာတွေ ရပ်တန့်ဖို့၊ နိုင်ငံတော် အာဏာကို ပြည်သူတွေလက်ထဲ ပြန်အပ်ဖို့နဲ့ ဒီမိုကရေစီ ပြန်လည်ရရှိဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ အပြင်းထန်ဆုံး အရေးယူဆောင်ရွက်ကြဖို့ ဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။ မိမိတို့အနေနဲ့ ပြည်သူ့အစိုးရအတွက် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့လည်း ပြောပါတယ်။

အစည်းအဝေး တက်ရောက်လာတဲ့ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ဆွစ်ဇာလန်၊ ဆွီဒင်၊ ဂျပန်… အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အများစုကလည်း စစ်တပ်က အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။

ဒီအစည်းအဝေးဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ် Christine Burgener ရဲ့ မြန်မာနိုင်ငံ အခြေအနေဆိုင်ရာ အစီရင်ခံစာကို ကြားနာတဲ့ အစည်းအဝေး ဖြစ်ပါတယ်။ စစ်တပ်ဟာ ဖမ်းဆီးတာတွေကို အကြီးအကျယ် ဆက်လုပ်မယ့်ပုံ ပေါ်နေပြီး ဒါဟာ လူမဆန်တဲ့ရက်စက်ကြမ်းကြုတ်မှုဖြစ်တယ်လို့ မစ္စဘာဂနာ က ညီလာခံမှာ ဗီဒီယိုကတဆင့် ပြောကြားခဲ့ပါတယ်။

အစည်းအဝေးအပြီးမှာတော့ ဦးကျော်မိုးဦးက နယူးယောက်မြို့မှာ ပြုလုပ်နေတဲ့ စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာပူးပေါင်းပါဝင်ခဲ့ပြီး မြန်မာပြည်သူတွေတောင်းဆိုထားတာတွေ မရမချင်း ဆက်လက်တိုက်ပွဲဝင်သွားဖို့ ပြည်တွင်းပြည်ပအင်အားစုတွေကို တိုက်တွန်းခဲ့ပါတယ်။

“ဒီအရေးတော်ပုံကြီး အောင်မြင်အောင် ပြည်တွင်းကရော၊ ပြည်ပကပါ ဝိုင်းဝန်းဆောင်ရွက်နေသူအားလုံးကို အရမ်းကျေးဇူးတင်ပါတယ်လို့ ကျနော်ဒီနေရာကနေ ပြောချင်ပါတယ်။ ကျနော်လည်း ပြည်သူထဲက ပြည်သူ တယောက်ပဲ ဖြစ်ပါတယ်ခင်ဗျာ။ ဒါကြောင့် ဆက်ပြီးတော့ ကျနော်တို့ရည်မှန်းထားတဲ့၊ တောင်းဆိုထားတဲ့ ဟာတွေ မရမချင်း ဆက်လက်ဆောင်ရွက်သွားဖို့ အားလုံးကို တိုက်တွန်းလိုပါတယ်။ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။ ကျနော်တို့ အမြဲတမ်း ပြောပြောနေတဲ့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အမြဲပြောပြောနေတဲ့ ပြည်သူသာ အဓိကပါ။ အားလုံးဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြဖို့ကို ထပ်မံတိုက်တွန်းလိုပါတယ်ခင်ဗျ။ အရေးတော်ပုံ… အောင်ရမည်။”

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် တာဝန်ကနေ ၂၀၂၀ စက်တင်ဘာလ ၅ ရက်နေ့မှာ နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ပြောင်းရွှေ့တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

အထွေထွေညီလာခံအပြီး ကုလသမဂ္ဂရုံးချုပ်ကထွက်လာတဲ့ ဦးကျော်မိုးထွန်းကို နယူးယောက်မြို့ခံ မြန်မာနိုင်ငံသားတွေက ဝမ်းမြောက်ဝမ်းသာကြိုဆိုပြီး ပန်းစည်းတွေပေးအပ်ရင်း ကျေးဇူးတင်စကား ပြောကြားခဲ့ကြပါတယ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.