Breaking

February 26, 2021

အာဏာသိမ်းကောင်စီရဲ့ ကော်မရှင်က နိုင်ငံရေးပါတီ ၅၀ ကျော်နဲ့ တွေ့ဆုံနေ

 


2021-02-26

အာဏာသိမ်းကောင်စီရဲ့ ကော်မရှင်က နိုင်ငံရေးပါတီ ၅၀ ကျော်နဲ့ တွေ့ဆုံနေ  
အာဏာသိမ်းကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ ၂၀၂၁၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ်
Photo: RFA

အာဏာသိမ်းကောင်စီက ခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲမှာ မဲစာရင်းမှားယွင်းမှုတွေရှိလို့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ပယ်ပျက်သွားပြီလို့ပြောခဲ့ပါတယ်။

ဒီနေ့ တွေ့ဆုံပွဲမှာ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပယ်ပျက်သွားကြောင်း၊ မဲစာရင်းကိစ္စနဲ့ ပတ်သက်ပြီးလည်း မဲစာရင်း မှားယွင်းမှုတွေ ရှိကြောင်း၊ မဲမသမာမှုတွေရှိကြောင်း ပြောဆိုခဲ့တယ်လို့ အဲဒီပွဲကို တက်ရောက်နေတဲ့ နိုင်ငံရေးပါတီက ခေါင်းဆောင်တချို့က အစည်းအဝေး ခေတ္တရပ်နားတဲ့ အချိန်မှာ မီဒီယာတွေကိုပြောပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ဒီနေ့မနက်ပိုင်း နေပြည်တော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ တွေ့ဆုံပွဲ ကျင်းပနေပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပါအဝင် ပါတီပေါင်း ၅၃ ခု တက်ရောက်နေကြပါတယ်။

တရားဝင် နိုင်ငံရေးပါတီ ၉၀ ကျော်ရှိတဲ့အထဲက ဒီနေ့ တွေ့ဆုံပွဲကို ပါတီ ၅၃ ပါတီက တက်ရောက်ပြီး ၃၈ ပါတီက တက်ရောက်ခြင်း မရှိပါဘူး။

ဒီနေ့ တက်ရောက်လာတဲ့ ပါတီတွေထဲက တချို့ပါတီတွေက မဲမသမာမှု ကိစ္စနဲ့ ပတ်သက်ပြီး NLD ပါတီကို ကော်မရှင်အနေနဲ့ ဘယ်လို အရေးယူအပြစ်ပေးမလဲဆိုတဲ့ မေးခွန်းမေးတာတွေလည်းရှိကြောင်း ဆွေးနွေးပွဲ တက်ရောက်နေတဲ့သူတွေက ပြောပါတယ်။

ဒါ့အပြင် ဒီနေ့ အစည်းအဝေးကို မတက်ရောက်ဘဲ သပိတ်မှောက်တဲ့ နိုင်ငံရေးပါတီတွေကိုလည်း အရေးယူ အပြစ်ပေးသင့်ကြောင်း ပါတီခေါင်းဆောင်တချို့က ကော်မရှင် ဥက္ကဋ္ဌကို တိုက်တွန်းပြောဆိုတာတွေ ရှိခဲ့တယ် လို့လည်း အစည်းအဝေးတက်ရောက်နေတဲ့သူတချို့က မီဒီယာတွေကို ပြောပါတယ်။

လက်ရှိမှာတော့ အစည်းအဝေး ဆက်လက်ကျင်းပနေဆဲပါ။ အစည်းအဝေးတက်ရောက်တဲ့ ပါတီတွေထဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ ရခိုင်အမျိုးသား ပါတီတို့ ပါဝင်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD)အပါအဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD၊ ၈၈ မျိုးဆက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ပါတီတို့ကတော့ ဒီနေ့ တွေ့ ဆုံပွဲကို မတက်ဘူးလို့ မီဒီယာတွေကို ပြောထားပါတယ်။

 https://www.rfa.org/burmese/news/new-uec-meeting-with-50-parties-02262021011009.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.