Breaking

February 8, 2021

စစ်အာဏာသိမ်းမှုကို ပြည်လုံးကျွတ်နီးပါးဆန္ဒပြ

2021-02-08


စစ်အာဏာသိမ်းမှုကို ပြည်လုံးကျွတ်နီးပါးဆန္ဒပြ စစ်ဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့ ဖမ်းဆီးထားတဲ့သူတွေ ပြန်လွှတ်ရေး ရန်ကုန်မြို့ ဗားဂရာမှာ ၂၀၂၁ ဖေဖော်ဝါရီ ၈ ရက်နေ့က ဆန္ဒပြစဉ်
Photo: RFA

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ဆန္ဒပြမှုတွေဟာ ဒီကနေ့မှာတော့ အရင်နေ့တွေကထက် သိသိသာသာ အရှိန်မြင့်တက်လာခဲ့ပါတယ်။

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်လို မြို့ကြီးတွေမှာ လူတွေ ထောင်နဲ့သောင်းနဲ့ချီ လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒပြကြသလို ပြည်နယ်တိုင်းအလိုက် မြို့တွေမှာလည်း ဆန္ဒပြမှုတွေက တစ်နေ့လုံး ရှိနေခဲ့တာပါ။ ရန်ကုန်မြို့မှာဆိုရင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂက ဦးဆောင်တဲ့ ဆန္ဒပြသူတွေဟာ လှည်းတန်း လမ်းဆုံကနေ မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ပါတယ်။ ရန်ကုန်တိုင်း မြို့နယ်၊ ရပ်ကွက် အသီးသီးက ဆန္ဒပြသူတွေကလည်း ရန်ကုန်မြို့တော်ခန်းမရှေ့ကို အသီးသီးရောက်ရှိလာခဲ့ကြပြီး မြို့လယ်ခေါင်မှာ ဆန္ဒပြကြွေးကြော်သံတွေ တစ်နေကုန် ဖုံးလွှမ်းနေခဲ့ပါတယ်။

မြို့တော်ခန်းမရှေ့မှာ လုံခြုံရေးရဲကားတွေ၊ အဓိကရုဏ်းနိမ်နင်းရေးမှာသုံးတဲ့ ရေဖျန်းကားတွေနဲ့ လုံခြုံရေးရဲတွေ ပိတ်ဆို့ နေရာယူထားပါတယ်။

ဒီနေ့ဆန္ဒပြသူတွေထဲမှာ လူငယ်၊ လူလတ်ပိုင်းတွေ အများစုပါဝင်လာသလို အစိုးရဝန်ထမ်းတွေ၊ အရပ်ဖက် ကုမ္ပဏီဝန်ထမ်းတွေနဲ့ ရှေ့နေတွေလည်း ပါဝင်လာကြပါတယ်။

ပန်းရဲ့လမ်း ဂီတအဖွဲ့ကလည်း တေးသီချင်းတွေနဲ့ ဆန္ဒပြသူတွေကို ကားနဲ့လှည့်ပြီး ‌ဖျော်ဖြေပေးပါတယ်။

ဒီကနေ့ ရန်ကုန်က ဆန္ဒပြမှုတွေအတွင်း စစ်အာဏာသိမ်းတာကို ထောက်ခံတဲ့ တန်ပြန်ဆန္ဒပြသူတချို့လည်း ထွက်ပေါ်လာခဲ့ပါတယ်။

သူတို့ဟာလူအင်အား ငါးရာလောက်ရှိပြီး ကားတွေနဲ့ ဆန္ဒပြခဲ့ကြတာပါ။ သူတို့ဟာ နိုင်ငံတော်အလံတွေကို လွှင့်ထူထားကြပြီး လက်ငါးချောင်းထောင်ပြီး STOP ဆိုတဲ့ဆိုင်းပုတ်တွေ ကိုင်ဆောင်ထားကြပါတယ်။ သူတွေတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေကို ရန်စဆဲဆိုမှုတွေလည်း လုပ်ခဲ့ကြပါတယ်။

ygn-protest.jpg

နေပြည်တော် သပြေကုန်းအဝိုင်း ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေ ဒီနေ့ မနက် ၉ နာရီဝန်းကျင်ကစပြီး ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြသူတွေကို လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့က ပိတ်ဆို့တားဆီးခဲ့ပြီးနောက် နေ့လယ် ၁၂ နာရီလောက်မှာ ရဲတပ်ဖွဲ့က ပြန်ဆုတ်သွားခဲ့ပါတယ်။ အဲဒီနောက် နေ့လည် ၁၂ နာရီခွဲ ဝန်းကျင်ခန့်မှာ လူစုခွဲခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက ရုံးတက်ချိန် မနက် ၉ နာရီဝန်းကျင်မှာ သပြေကုန်းအဝိုင်းမှာ ပိတ်ဆို့ပြီး အစိုးရဝန်ထမ်းတွေ "ရုံးမတက်ဘဲ ရုန်းထွက်ကြစို့" ဆိုတဲ့ စာသားတွေ ကိုင်ဆောင်ပြီး စည်းရုံးဟောပြောခဲ့ပါတယ်။

လုံခြုံရေးယူထားတဲ့ ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို ရှေ့ဆက်မသွားဖို့ တားဆီးခဲ့သလို လူစုခွဲရာမှာသုံးတဲ့ ရေဖျန်းကားတွေက ရေတွေနဲ့ ပတ်ဖျန်းပြီး လူစုခွဲဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီရေနဲ့ လူစုခွဲခဲ့တာကြောင့် ဆန္ဒပြသူတစ်ဦး ထိခိုက်ဒဏ်ရာရပြီး ဆေးရုံတင်ထားရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ဒါပေမဲ့ ဆန္ဒပြသူတွေက လူစုမကွဲသွားဘဲ ရေဖျန်းကားတွေ ရှေ့ဆက်မတိုးနိုင်အောင် ကားတွေနဲ့ ပိတ်ဆို့ခဲ့ပါတယ်။

ရဲတပ်ဖွဲ့က လုံခြုံရေးစည်းကို ၂ နာရီကျော်ကြာ တားထားပြီး ဆန္ဒပြသူတွေဘက်ကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းနဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

မန္တလေးမြို့က အဓိကလမ်းမကြီးတွေပေါ်မှာလည်း ဒီနေ့မနက်ကစပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူ တွေ အတော်မျာများရှိခဲ့ပါတယ်။ စုစုပေါင်း လူဦးရေ သိန်းချီရှိနိုင်တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ မန္တလေးမြို့က ဆန္ဒပြပွဲမှာ ရဟန်းသံဃာတွေလည်း ပူးပေါင်းပါဝင်လာခဲ့ပြီး ရှေ့နေတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ကျောင်းဆရာ၊ ဆရာမတွေအပါအဝင် အစိုးရဝန်ထမ်းတွေလည်း ပူးပေါင်းပါဝင် လာတာကို တွေ့ရပါတယ်။

ဆန္ဒပြသူတွေဟာ အဖွဲ့ခွဲ၊ လမ်းကြောင်းတွေခွဲပြီး လမ်းလျှောက်ဆန္ဒပြသူတွေရှိသလို ဆိုင်ကယ်တွေနဲ့ ပတ်ပြီး ဆန္ဒပြတာတွေလည်း ရှိပါတယ်။ ဆန္ဒပြသူတွေကို အဆိုတော်တချို့ကလည်း တေးသီချင်းတွေ သီဆိုအားပေး တာတွေလည်း ရှိပါတယ်။

အခုလို အကြမ်းမဖက်တဲ့နည်းတွေနဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးတွေဟာ တိုင်းရင်းသားပြည်သူတွေရဲ့ တာဝန်ကျေမှု၊ ရဲရင့်ပြတ်သားမှုအဖြစ် အလေးအနက် ဦးညွှတ်မှတ်တမ်းတင်ပါတယ်လို့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေ ဖွဲ့စည်းထားတဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီက ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြီး ချီးကျူးခဲ့ပါတယ်။ နေအိမ်အကျယ်ချုပ်နဲ့ အဖမ်းအဆီးခံနေရတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကလည်း တပ်မတော်သားတွေအနေနဲ့ ပြည်သူတွေကို အကာအကွယ်ပေးကြဖို့ ဗီဒီယိုကတဆင့် မေတ္တာရပ်ခံခဲ့ပါတယ်။

npt-water.jpg

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒီကနေ့ သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ မြို့ပေါ်အနှံ့ ဆန္ဒပြခဲ့ကြသလို ပေါင်၊ ရေးမြို့တွေမှာဆိုရင်လည်း စစ်အာဏာရှင်ကို ကန့်ကွက်ရှုတ်ချရေး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

တနင်္သာရီတိုင်းမြို့တော် ထားဝယ်မြို့နဲ့ မြိတ်မြို့တွေမှာလည်း ထောင်နဲ့ သောင်းနဲ့ချီတဲ့လူထုဟာ မြို့အနှံ့ လမ်းလျှောက်ဆန္ဒပြကြသလို လောင်းလုံး၊ သရက်ချောင်းနဲ့ ရေဖြူမြို့နယ်တွေက ပြည်သူတွေဟာလည်း လမ်းပေါ်ထွက် ဆန္ဒပြကြပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နဲ့ ဘားအံမြို့တွေပေါ်မှာလည်း ဒေသခံတွေက လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဒီနေ့မနက်ပိုင်းက ဆန္ဒပြစစ်ကြောင်း သုံးကြောင်းနဲ့ ဒေသခံပြည်သူလူထုရဲ့ စစ်ကြောင်းတွေ၊ ပုသိမ်မြို့က တက္ကသိုလ်ပေါင်းစုံ က စစ်ကြောင်းတွေနဲ့ ဆန္ဒပြခဲ့ပါတယ်။

စစ်ကြောင်း သုံးကြောင်းဟာ ပုသိမ်မြို့ တက်ဆိပ်တံတားအနီးမှာ ပေါင်းမိသွားပြီးတော့ ဆန္ဒပြပွဲကို လူဦးရေ နှစ်သိန်းခွဲဝန်းကျင်ရှိတဲ့ ပုသိမ်တစ်မြို့လုံးနီးပါး ပါဝင်လာခဲ့ကြပါတယ်။

ရခိုင်ပြည်နယ် သံတွဲမြို့မှာ ငပလီနဲ့ သံတွဲမြို့ခံတွေဟာ စစ်အာဏာရှင်ကို လက်မခံတဲ့အကြောင်း ဒီနေ့ မနက်က ဆန္ဒပြကြရာမှာ တပ်ဖွဲ့က တားဆီးတာတွေရှိခဲ့ပေမယ့် ညှိနှိုင်းခဲ့ရပြီး ရှေ့ဆက် ဆန္ဒပြခွင့်ရခဲ့ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းက လားရှိုး၊ မူဆယ်၊ သီပေါ စတဲ့မြို့တွေနဲ့ ရှမ်းပြည်တောင်ပိုင်းက တောင်ကြီး၊ ညောင်ရွှေ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ် စတဲ့မြို့နယ်တွေအလိုက် ပြည်သူတွေက လမ်းပေါ်ထွက် ဆန္ဒပြကြပါတယ်။

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့မှာလည်း သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေ မနက်ကနေ နေ့လယ်ခင်း အထိ ရှိခဲ့ပြီး ပူတာအိုမြို့မှာလည်း ဆန္ဒပြမှုတွေရှိခဲ့ပါတယ်။

မကွေးတိုင်းမှာလည်း ဆန္ဒပြသူတွေ နှစ်သိန်းလောက်အထိ ရှိခဲ့ပါတယ်။

ချင်းပြည်နယ် တီးတိန်၊ မင်းတပ် စစ်ကိုင်းတိုင်း ကလေး စတဲ့မြို့တွေအပြင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ကယားပြည်နယ် လွိုင်ကော်မြို့တို့အပြင် နိုင်ငံတစ်ဝှမ်းမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေက ကြီးကြီးမားမားနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါဟာ ၂၀၀၇ ခုနှစ် ရွေဝါရောင် လူထုလှုပ်ရှားမှု နောက်ပိုင်း မြန်မာနိုင်ငံမှာ အကြီးမားဆုံးဖြစ်ပေါ်လာတဲ့ ဆန္ဒပြမှုတွေလည်းဖြစ်ပါတယ်။

https://www.rfa.org/burmese/news/protest-against-dictatorship-and-free-nld-leaders-02072021232429.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.