Breaking

March 5, 2021

တပ်ဖြိုခွင်းမှု လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့ အထူးအကြံပေး ကောင်စီပြော

 ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)

2021-03-04

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ၂၀၁၇ ခုနှစ်က ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ UN Fact Finding mission အဖွဲ့ဝင်တွေဟာ Special Advisory Council for Myanmar လို့ခေါ်တဲ့ မြန်မာ့အရေး အထူးအကြံပေးကောင်စီအဖွဲ့ကို စတင်ဖွဲ့စည်းလိုက်ပါတယ်။ မနေ့က ပြုလုပ်တဲ့ ဒီအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြပြည်သူတွေကို အင်အားသုံး ဖြိုခွင်းနေတာတွေဟာ Crime against humanity လို့ခေါ်တဲ့ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တယ်လို့ အဖွဲ့ဝင်တွေက ပြောကြားခဲ့ပါတယ်။

အခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် မြန်မာနိုင်ငံက တက်ကြွ လှုပ်ရှားသူတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေအတွက် ပိုပြီး အန္တရာယ်ရှိလာတဲ့အတွက်၊ ပြည်တွင်းက လှုပ်ရှားမှုတွေကို အထောက်အပံ့ဖြစ်စေဖို့နဲ့ နိုင်ငံတကာရဲ့ တုန့်ပြန် လုပ်ဆောင်မှုတွေဟာ မြန်မာနိုင်ငံက မြေပြင်အခြေအနေတွေအပေါ် ထင်ဟပ်မှု ရှိစေဖို့ နိုင်ငံတကာအဆင့် ပလက်ဖောင်းတစ်ခုအနေနဲ့ ဒီ SAC-M (ဆက်ကန်မ်) လို့ခေါ်တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေးအဖွဲ့ကို ဖန်တီးလိုက်တာဖြစ်တယ်လို့ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဖွဲ့တည်ထောင်သူတွေက ပြောပါတယ်။

“အခု ကျွန်မတို့ မြင်နေရတဲ့ မြန်မာနိုင်ငံက အဖြစ်အပျက်တွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု crime against humanity ဖြစ်တာ လုံးဝသေချာပါတယ်။ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဒီရာဇဝတ်မှုကို ကိုယ့်နိုင်ငံက အရပ်သားပြည်သူတွေအပေါ်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁ရက်နေ့ ကတည်းက ခုအချိန်အထိ အနည်းဆုံး အရပ်သားပြည်သူ ၁၅၀၀ကျော် ဖမ်းဆီးခံထားရပြီး၊ ၂၅၀ကျော်လောက်က ပျောက်ဆုံးနေပါတယ်။ ဒါ့အပြင် ပြည်သူအနည်းဆုံး ၆၀ ဦးလောက်လည်း သေဆုံးခဲ့ပါတယ်။ အဆိုးဆုံးကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနဲ့ ဗုဒ္ဓဟူးနေ့တွေက ဖြစ်ရပ်တွေမှာပါ။ ဒီတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြ ပြည်သူတွေကို ဖြိုခွင်းတဲ့နေရာမှာ အသက်သေတဲ့အထိ ပြင်းပြင်းထန်ထန် လုပ်ဖို့ ရည်ရွယ်ချက်ရှိခဲ့တာ သံသယဖြစ်စရာ မရှိပါဘူး။ တပ်ဖွဲ့ဝင်တွေဘက်က ဆန္ဒပြသူတွေကို သေသေချာချာ ချိန်ရွယ်ပြီး ပစ်ခတ်နေတဲ့ ဓာတ်ပုံတွေ၊ အချို့နေရာတွေမှာ ဦးခေါင်းကို ချိန်ရွယ်ပြီး ပစ်ခတ်ခဲ့တဲ့ အထောက်အထားတွေ ရှိနေပါတယ်။ စစ်တပ်ဟာ ဒီလို နည်းလမ်းတွေကို မြန်မာနိုင်ငံအနှံ့ နေရာတိုင်းမှာ အသုံးပြုနေတာဖြစ်ပါတယ်။”

ဒါကတော့ ဒီ ဆက်ကမ်မ်အဖွဲ့ တည်ထောင်သူ တစ်ဦးဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်ဟောင်း မစ္စယန်ဟီးလီက ပြောသွားတာပါ။

“အခုလို တကမ္ဘာလုံးက စောင့်ကြည့်နေတဲ့အချိန်မှာပဲ မြန်မာ စစ်တပ်ဟာ နိုင်ငံအနှံ့က ငြိမ်းချမ်းစွာ ဆန္ဒပြ လှုပ်ရှားသူတွေကို အငြိုးကြီးစွာနဲ့ တိုက်ခိုက်နှိမ်နှင်းနေပါတယ်။ မြန်မာ စစ်တပ်ဟာ အကြမ်းဖက်သမား ဆန်ဆန် စရိုက်နဲ့ ဖိုက်တာဂျက် တိုက်လေယာဉ်တွေ၊ ဓာတ်ငွေ့ ဗုံးတွေ နဲ့ စနိုက်ပါ သေနတ်တွေကို အသုံးပြုပြီး၊ ပြည်သူတွေကို ကြောက်လန့်အောင် လုပ်နေပါတယ်။ ကျွန်မ ရှင်းရှင်းပဲ ပြောပါရစေ။ ဒီလို စစ်ခေါင်းဆောင်တွေ ဦးဆောင်နေတဲ့ အဖွဲ့ကို ဘယ်နည်းနဲ့မှ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုဖို့ မဖြစ်နိုင်ပါဘူး။ ဒီလို လုပ်လိုက်မယ်ဆိုရင် ဘေးအန္တရာယ်ကြားကနေ ဒုက္ခခံပြီး ဆန္ဒပြနေကြတဲ့ မြန်မာပြည်သူ သန်းပေါင်းများစွာကို သစ္စာဖောက်ရာ ရောက်သွားပါလိမ့်မယ်။”

ဒီ ဆက်က်မ်အဖွဲ့ တည်ထောင်သူ နောက်တစ်ဦးဖြစ်တဲ့ မစ္စတာ မာဇူကီ ဒါရူစမန်ကလည်း မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဆန္ဒပြလှုပ်ရှားသူတွေအပေါ် အင်အားသုံး ဖြိုခွင်းမှုတွေဟာ နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC ရဲ့ Rome Statue ပါ Crime against Humanity သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့အကြောင်း ထောက်ခံပြီး ပြောသွားပါတယ်။

ယခင် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင် အဖွဲ့ဝင် မစ္စတာ ရစ်စီဒိုတီကလည်း အခုလို ပြောသွားပါတယ်။

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ရက်နေ့ကစတင်ခဲ့တဲ့ အပြောင်းအလဲတွေကြောင့် အာဏာသိမ်းမှုဟာ မြန်မာစစ်တပ်ရဲ့ ဇာတိရုပ်အမှန်ကို မြင်လိုက်ရတာပါ။ သူတို့ဟာ မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို အမျိုးသားရေး စိတ်အပြည့်နဲ့ အကာအကွယ်ပေးနေတဲ့ တပ်မတော် လုံးဝမဟုတ်ဘဲ ပြည်သူတွေအပေါ် ဖိနှိပ်မှုနဲ့ အမြတ်ထုတ်မှုတွေ လုပ်နေတဲ့ အာဏာရှင် အုပ်စုတစ်စုသာ ဖြစ်တယ်ဆိုတာ ပေါ်လွင်သွားစေပါတယ်။ အခုဆိုရင် ဒါကို တိုင်းရင်းသား လူနည်းစုတွေတင်မကပဲ၊ မြန်မာပြည်သူအားလုံးက နားလည်သဘောပေါက်သွားကြပါပြီ။ မြန်မာစစ်တပ်ဟာ သူတို့ရဲ့ စရိုက်အမှန်ကို မြန်မာ တစ်နိုင်ငံလုံးနဲ့ တကမ္ဘာလုံးက သိအောင် ထုတ်ပြလိုက်တာဖြစ်ပါတယ်။”

မစ္စတာ ခရစ်စီဒိုတီကပဲ ဆက်လက်ပြီးတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို မြန်မာပြည်သူတွေကသာ ဆုံးဖြတ်ရမှာ ဖြစ်တဲ့အတွက်၊ ကျွန်တော်တို့လို အပြင်လူတွေ အနေနဲ့ မြန်မာနိုင်ငံ ပြင်ပကနေ လုပ်ပေးလို့ရတာ နှစ်ခုရှိပါတယ်။ ပထမ တစ်ခုကတော့ မြန်မာပြည်သူတွေ သူတို့ရဲ့ အနာဂတ်အတွက် ဆက်လက်ပြီး တိုက်ပွဲဝင်နေတာကို ထောက်ခံအားပေးသွားဖို့ ဖြစ်ပြီး၊ ဒုတိယအနေနဲ့ကတော့ ဖိနှိပ်မှုတွေ လုပ်နေတာ အမြန်ဆုံးရပ်တန်းက ရပ်ဖို့၊ မြန်မာ စစ်ခေါင်းဆောင်တွေကို များနိုင်သမျှ အများဆုံး ဖိအားပေးသွားဖို့ဖြစ်ပါတယ်။ အခုဖွဲ့စည်းလိုက်တဲ့ အကြံပေးကောင်စီအနေနဲ့ ကျွန်တော်တို့မှာရှိထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအတွေ့အကြုံ ဗဟုသုတတွေကို အသုံးပြုပြီး ဒီလို လုပ်ဆောင်ရာမှာ ရှေ့ဆုံးကနေ ပါဝင်သွားမှာ ဖြစ်ပါတယ်လို့ ပြောသွားပါတယ်။

ဆက်လက်ပြီး မြန်မာနိုင်ငံမှာ ဆက်လက်လုပ်ဆောင်နေတဲ့ civil disobedience CDM လှုပ်ရှားမှုမှာ ဆက်လက် ပါဝင်လုပ်ဆောင်နေတဲ့ အမည်မဖော်လိုသူ ကျန်းမာရေးဝန်ထမ်းတစ်ဦးကလည်း အွန်လိုင်းကနေ စကားပြောသွားခဲ့ပါတယ်။

အခုဆိုရင် မြန်မာစစ်တပ်က ဦးဆောင်တဲ့ လက်နက်ကိုင် အကြမ်းဖက် တပ်ဖွဲ့တွေဟာ တိုက်ခိုက်ရေးသုံး ရိုင်ဖယ်တွေ၊ စနိုက်ပါ သေနတ်တွေ အသုံးပြုပြီး၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လက်နက်မဲ့ အရပ်သားပြည်သူတွေကို တိုက်ခိုက်နေကြောင်း၊ ဒီတပ်ဖွဲ့ဝင်တွေဟာ ဒဏ်ရာရသူတွေကို ပြုစုကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ နဲ့ သူတို့ အသုံးပြုတဲ့ ယာယီတဲတွေ၊ အရေးပေါ် ကားတွေကိုပါ တိုက်ခိုက် ဖျက်ဆီးနေကြောင်း၊ ဆန္ဒပြသူတွေထဲက ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေပါမကျန် ဖမ်းဆီးပြီး ရိုက်နှက်နေတာ မျက်မြင်ကြုံခဲ့ရတဲ့အကြောင်း၊ ထိခိုက်ဒဏ်ရာရသူတွေကိုလည်း ချက်ချင်း ဆေးကုသခွင့် မပေးတဲ့အတွက် အချို့ထိန်းသိမ်းထားစဉ်မှာ သေဆုံးမှုတွေ ရှိနေကြောင်း၊ အခုဆိုရင် အစိုးရ ရုံးဌာနတွေနဲ့ ပုဂလိက လုပ်ငန်းတွေက ဝန်ထမ်းအားလုံး နီးပါးဟာ CDM လှုပ်ရှားမှုတွေမှာ ပါဝင်နေကြပြီ ဖြစ်တဲ့အကြောင်း သူက ပြောသွားပါတယ်။

https://www.rfa.org/burmese/news/special-advisory-council-for-myanmar-and-military-coup-03042021201619.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.