Breaking

April 1, 2021

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုစတင်ကြားနာ၊ နောက်တစ်မှု ထပ်တိုးတရားစွဲခံရ

စောဖို
2021-04-01

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ နဲ့ ထပ်တိုးအမှုဖွင့်ခံထားရကြောင်း အမှုလိုက်ရှေ့နေအဖွဲ့ ခေါင်းဆောင် ဦးခင်မောင်ဇော်က RFAကိုပြောပါတယ်။

အမှုလေးမှုကို နေပြည်တော်မှာ စွဲခံထားရပြီး၊ ဒီတစ်မှုကိုတော့ ရန်ကုန်မှာ စွဲထားတာလို့ ကြားသိရသလို၊ အမှုလိုက်ရှေ့နေအဖွဲ့ထဲက ရှေ့နေ နှစ်ဦးဆီကို ရဲက အကြောင်းကြားထားတာလို့ဆိုပါတယ်။

"ရန်ကုန်မှာ စွဲထားတဲ့အမှုက ကျနော်တို့အဖွဲ့ကိုတော့အကြောင်းကြားတာမရှိသေးဘူး၊ ကျနော်တို့ထဲက ဂျူနီယာရှေ့နေ နှစ်ယောက်ကိုတော့ ရဲက အကြောင်းကြားလာတယ်တယ်၊ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ နဲ့ စွဲထားတယ်လို့ဆိုတယ်၊ ဘာအကြောင်းကြောင့်ဆိုတာ မသိရသေးဘူး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၅ ယောက်ပါ၊ အဲ့ဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေး သြစတေးလျနိုင်ငံသား မစ္စတာ Sean Turnell လည်း ပါပါတယ်" လို့ ဦးခင်မောင်ဇော်က RFA ကိုပြောပါတယ်။

နေပြည်တော်က အမှု ၄ ခုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ နေပြည်တော် ဇဗ္ဗူသီရီမြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် အွန်လိုင်းစနစ်နဲ့ စတင်ကြားနာခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အွန်လိုင်းကနေတဆင့် ရုံးထုတ်စစ်ဆေးဖို့ ရုံးချိန် အကြိမ်ကြိမ်ချိန်းဆိုခဲ့ပေမယ့် စစ်ကောင်စီက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားခဲ့တာမို့ စစ်ဆေးခွင့်မရခဲ့ဘဲ ဖမ်းဆီးခံရပြီး ရက်ပေါင်း ၆၀ အကြာ ဒီနေ့မှ ပထမဆုံးအကြိမ်စစ်ဆေးတာဖြစ်ပါတယ်။

ဒီကနေ့ရုံးချိန်းမှာ အွန်လိုင်းကနေ မဟုတ်ဘဲ လူချင်းသီးသန့်တွေ့ဆုံခွင့်ရဖို့ တရားရုံးတော်ကို နှုတ်နဲ့ရော စာနဲ့ပါ တရားဝင်လျှောက်ထားလိုက်တယ်လို့ အမှုလိုက်ရှေ့နေ ဒေါ်မင်းမင်းစိုးက မီဒီယာတွေကိုပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း သူ့ရဲ့ အမှုလိုက်ရှေ့နေတွေ အားလုံးနဲ့ လူချင်းတွေ့ဆုံခွင့်ရဖို့ တောင်းဆိုထားပါတယ်။

ဒီနေ့ အွန်လိုင်းကနေ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ သုံးဦးစလုံးကို အွန်လိုင်းကနေတွေ့ခဲ့ရပြီး အားလုံးကျန်းမာရေးကောင်းပုံ မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

လတ်တလော မြန်မာနိုင်ငံရဲ့ အခြေအနေကို ဒေါ်အောင်ဆန်းစုကြည်ကို ပြောခွင့်မရခဲ့ဘူးလို့လည်း ရှေ့နေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေ ကျန်းမာစေဖို့ ဆုတောင်းကြောင်း ပြောဆိုခဲ့တယ်လို့လည်း ရှေ့နေဒေါ်မင်းမင်းစိုးက ပြန်ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လိုင်စင်မဲ့ walkie-talkie လမ်းလျှောက်စကားပြောစက် လက်ဝယ်တွေ့ရှိမှု၊ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်စည်းကမ်းတွေ ဖောက်ဖျက်မှု၊ ဆက်သွယ်ရေးဥပဒေ ချိုးဖောက်မှုနဲ့ အများပြည်သူ မငြိမ်မသက်ဖြစ်အောင်ကြံရွယ်မှုစတဲ့ စွပ်စွဲချက်တွေနဲ့ အမှုလေးမှုထက်မနည်း စစ်ကောင်စီက စွဲချက်တင်ထား ပါတယ်။

ဒီကနေ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တရားရုံးမှာ နောက်ထပ်ပုဒ်မ ထပ်တိုး အမှုဖွင့်တာမရှိဘူးလို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။ ဒီနေ့ ရုံးချိန်းကို တရားလိုတချို့ရောက်လာခြင်းမရှိဘူးလို့လည်း ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လိုက်ပါဆောင်ရွက်ဖို့ ရှေ့နေအဖွဲ့ထဲက ရှေ့နေ ၂ ဦးဖြစ်တဲ့ ဒေါ်မင်းမင်းစိုး၊ ဦးယုယချစ်တို့ကို ခွင့်ပြုထားပါတယ်။ ရှေ့နေအဖွဲ့ထဲက ရှေ့နေတွေဖြစ်တဲ့ ဦးခင်မောင်ဇော်၊ ဦးကြည်ဝင်းတို့နဲ့ ဒေါ်စန်းမာလာညွှန့်၊ ဦးအောင်ကျော်စိုး၊ဒေါ်စုဒါလီအောင်၊ ဦးသဲမောင်မောင်တို့ကတော့ လိုက်ပါဆောင်ရွက်ခွင့်ရဖို့ လျှောက်ထားထားကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ကို လာမယ့် ဧပြီလ ၁၂ ရက်နေ့ကိုထပ်မံချိန်းဆိုခဲ့ပါတယ်။

 

https://www.rfa.org/burmese/news/aung-san-suu-kyi-first-trial-myanmar-military-coup-04012021071846.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.