မြန်မာနိုင်ငံက အခြေအနေဟာ အကိုင်အတွယ်မှားရင် ဖရိုဖရဲနဲ့ ပြည်တွင်းစစ် ဖြစ်ပွားနိုင်တဲ့ အခြေအနေအထိ ရောက်ရှိသွားနိုင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Zun က တနင်္လာနေ့မှာ သတိပေးပြောဆိုလိုက်တယ်လို့ AP သတင်းတရပ်မှာ မနေ့က ဖော်ပြထားပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မေလအတွက် အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမယ့် တရုတ်သံအမတ်ကြီးက မြန်မာနိုင်ငံအရေးဟာ ခုထက် ပိုပြီးမဆိုးဝါးအောင် သံတမန် နည်းလမ်းတွေနဲ့ ရှောင်ရှားနိုင်လိမ့်မယ်လို့ယုံကြည်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အခြေအနေတင်းမာပြီး ထိတ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာမယ်ဆိုရင် ထိခိုက်သေဆုံးမှုတွေ များလာပြီး ပြည်တွင်းစစ်ဖြစ်နိုင်တဲ့ အခြေအနေအထိ ရောက်ရှိသွားနိုင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်က စစ်အာဏာသိမ်းတာနဲ့ ပတ်သက်ပြီး တံခါးပိတ်အစည်းအဝေး လုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ အာဆီယံနိုင်ငံတွေတင်ပြထားတဲ့ အချက်၅ချက်ကို လက်ခံပြီး ဆောင်ရွက်ဖို့လည်း သဘောတူကြပါတယ်။ မြန်မာ့အရေးမှာ အိမ်နီးချင်းနိုင်ငံတွေက အခြေအနေကို သဘောပေါက်နားလည်သလို အာဆီယံနိုင်ငံတွေက အဓိကအခန်းကဏ္ဍမှာ ပါဝင်သင့်တယ်လို့ တရုတ်သံအမတ်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံဟာ တရုတ်ရဲ့အိမ်နီးချင်းမိတ်ဆွေဖြစ်ပြီး တရုတ်အနေနဲ့ မြန်မာအပေါ် ပိတ်ဆို့ကန့်သတ်မှုတွေ လုပ်တာကိုလည်း မလိုလားဘူးလို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.