Breaking

May 8, 2021

မြန်မာ့အရေး ဖြေရှင်းဖို့ အမေရိကန် အထူးသံတမန် ခန့်အပ်ပေးဖို့ တောင်းဆို

ရဲခေါင်မြင့်မောင်(ဝါရှင်တန် ဒီစီ)

2021-05-08

မြန်မာနိုင်ငံအရေးကို အမေရိကန်နိုင်ငံနဲ့ မဟာမိတ် နိုင်ငံတွေ ပူးပေါင်းပြီး ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းဖို့အတွက် အထူးသံတမန်တစ်ဦး ခန့်အပ် တာဝန်ပေးဖို့ သမ္မတ ဂျိုးဘိုင်ဒင် အစိုးရကို တိုက်တွန်း ကြောင်း၊ ဝါရှင်တန် ဒီစီ အခြေစိုက် US-ASEAN Business council အဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။

အမေရိကန် နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ အာဆီယံနိုင်ငံတွေ၊ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် နိုင်ငံတွေ ပါဝင်ဖွဲ့စည်းထားတဲ့ QUAD မဟာမိတ် အဖွဲ့နဲ့ အခြားသဘော ထားတူညီတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အထူးသံတမန် တစ်ဦး ခန့်အပ်ပေးဖို့ သမ္မတ ဂျိုးဘိုင်ဒင်ကို တိုက်တွန်းကြောင်း အမေရိကန်နဲ့ အာဆီယံ နိုင်ငံတွေအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ဖွဲ့စည်းထားတဲ့ US Asean Business Council အဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် စီးပွားရေး လုပ်ငန်းတွေ ၂ဝ၁၂ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ တည်ထောင်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး၊ မြန်မာနိုင်ငံမှာ တည်ငြိမ်တဲ့ စီးပွားရေး၊ အစိုးရ အဖွဲ့၊ တရားဥပေဒ မူဘောင်တွေနဲ့ ခိုင်မာတဲ့ မူဝါဒတွေ ဖြစ်ပေါ်လာဖို့ ကြိုးပမ်းခဲ့ကြောင်း၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စစ်တပ်က အာဏာသိမ်းလိုက်တဲ့ နောက်မှာ နိုင်ငံရဲ့ အနာဂတ်နဲ့ လားရာကို လုံးဝပြောင်းလဲသွားပြီး၊ တည်ဆောက်ခဲ့တဲ့ အရာအားလုံး ပျက်စီးရမယ့် အခြေအနေရောက် လာခဲ့ကြောင်းနဲ့ အခုအချိန်မှာ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးစားရာမှာ ခေါင်းဆောင်နေရာက ပါဝင်ဖို့လိုတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် နိုင်ငံအနေနဲ့ မြန်မာ့အရေးအတွက် အထူးသံတမန် တစ်ဦး ခန့်အပ်ဖို့ လိုအပ်တဲ့အကြောင်းကို US ASEAN Business council ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ကိုလှဘုန်းမြင့်က ခုလို ပြောပြ ပါတယ်။

“အမေရိကန် နိုင်ငံအနေနဲ့ မြန်မာ့အရေးကို ဝင်ရောက်ပြီး ကူညီဖြေရှင်းတဲ့အခါမှာ အမြင်တူတဲ့နိုင်ငံတွေ၊ အနောက်နိုင်ငံတွေ၊ အာရှပစိဖိတ်မှာရှိတဲ့ Quad နိုင်ငံတွေ၊ အာဆီယံ နိုင်ငံတွေနဲ့ အတူတွဲပြီးတော့ ခေါင်းဆောင်မှု တစ်ခုကို မားမားမတ်မတ် ရပ်တည်ဖို့ အချိန်ရောက်နေပြီ။ အာဏာသိမ်းပြီးကတည်းက ဘိုင်ဒင် အစိုးရအဖွဲ့က မြန်မာအရေးနဲ့ ပက်သက်ပြီး ထဲထဲဝင်ဝင် ပြောခဲ့တာတွေရှိတယ်။ အဲဒီ အပြောကို အလုပ်နဲ့ သက်သေပြဖို့အတွက်ပေါ့။ ပြည်တွင်းမှာလည်း အိမ်ဖြူတော်အပါအဝင် အခြားဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းပြီး ပေါ်လစီ ဖော်ဆောင်ဖို့ အရေးကြီးနေပြီ ဆိုတာကို သမ္မတ ဘိုင်ဒင်ကို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်”

ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ စီးပွားရေး တစ်ခုလုံး ပြိုလဲသွားနိုင်တဲ့ အခြေအနေရှိနေပြီး၊ မြန်မာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးအောင် ခြိမ်းခြောက်မှု ရှိနေတာကြောင့် အမေရိကန် အနေနဲ့ အထူးသံတမန် တစ်ဦး ခန့်အပ်ပြီး လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ US Asean Business Council ဥက္ကဋ္ဌ Alexander Feldman က ပြောပါတယ်။

US-Asean အဖွဲ့က ခန့်အပ်ဖို့ အဆိုပြုထားတဲ့ အထူးသံတမန်ရဲ့ တာဝန်ဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးနဲ့ ဘယ်လိုကွာခြားနိုင်မလဲဆိုတာနဲ့ ပက်သက်ပြီး လက်ရှိ မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး သောမတ် ဘိုင်ဒါဟာ မြန်မာနိုင်ငံရောက် အမေရိကန် နိုင်ငံသားတွေရဲ့ အရေးနဲ့ သံရုံး အရေးကို အဓိက ဆောင်ရွက်တာဖြစ်ပြီး၊ အထူးသံတမန်ဟာ အမေရိကန် အစိုးရ အိမ်ဖြူတော်နဲ့ အစိုးရ ဌာနတွေနဲ့ ညှိနှိုင်းလုပ်ဆောင်ဖို့နဲ့ မြန်မာ့အရေးကို ဖြေရှင်းဖို့ အခြား ပြည်ပနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ညှိနှိုင်းရာမှာ တာဝန်ယူဖို့ ဖြစ်တယ်လို့ ကိုလှဘုန်းမြင့်က ရှင်းပြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေး အကျပ်အတည်းကို နိုင်ငံတစ်နိုင်ငံလည်းရဲ့ အရေးကိစ္စအဖြစ် မရှုမြင်ဘဲ၊ အရှေ့တောင်အာရှနဲ့ ဒေသတစ်ခုလုံးကို သက်ရောက်မှုရှိတယ်ဆိုတဲ့ အမြင်နဲ့ ရှုမြင်သုံးသပ်ဖို့ လိုနေပြီလို့လည်း ကိုလှဘုန်းမြင့်က ပြောပါတယ်။

အမေရိကန် နိုင်ငံနဲ့ အာဆီယံ နိုင်ငံတွေအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ တည်ထောင်ထားတဲ့ US-Asean Business Council မှာ အမေရိကန်က အကြီးဆုံး စီးပွားရေးလုပ်ငန်း ကော်ပိုရေးရှင်းတွေ ၁၅ဝ ကျော်ပါဝင်ပြီး၊ အရှေ့တောင်အာရှ နိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံပြီး စီးပွားရေး လုပ်ကိုင်မယ့် အမေရိကန် ကုမ္ပဏီတွေကို အကူအညီပေးအပ်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

 https://www.rfa.org/burmese/news/us-asean-business-council-statement-05082021003043.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.