Breaking

May 21, 2021

NLD ကို ဖျက်သိမ်းပြီး ပါတီခေါင်းဆောင်တွေကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အရေးယူမယ်လို့ UEC ပြော

 အေးအေးမွန်(အော်စလို)

2021-05-21

အာဏာသိမ်းစစ်ကောင်စီဖွဲ့ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC နဲ့ နိုင်ငံရေးပါတီတွေရဲ့ ဒုတိယအကြိမ် တွေ့ဆုံပွဲကို ဒီကနေ့ မေလ ၂၁ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့ပြီး၊ NLD ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တယ်၊ ဒါကြောင့် NLD ပါတီကို ဖျက် သိမ်းပြီး ပါတီခေါင်းဆောင်တွေကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စစ်ဆေးဆောင်ရွက်ဖို့ စဥ်းစားနေတယ်လို့ UEC ဥက္ကဋ္ဌ ဦးသိန်းစိုး က ပြောလိုက်တာပါ။

ဒီကနေ့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ကလည်း NLD ပါတီကို ဖျက်သိမ်းမယ့်ပုံစံမျိုး UEC ဥက္ကဋ္ဌက ပြောသွားခဲ့ပြီး၊ ဘယ်တော့ဖျက်သိမ်းမယ်ဆိုတာကို အတိအကျ မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။

“ရွေးကောက်ပွဲက မသမာမှုရှိခဲ့တယ်၊ ရည်ရွယ်ချက်ရှိရှိ မသမာမှုရှိခဲ့တယ်၊ ပြီးခဲ့တဲ့ရွေးကောက်ပွဲတစ်ခုလုံး မှာ မဲကွာဟမှုတွေ၊ မှတ်ပုံတင်ထပ်တာတွေ၊ မှတ်ပုံတင်မရှိသူတွေကို ပေးတာတွေ၊ ကိုဗစ်ကာလ စည်းကမ်း ချက်တွေကို အခွင့်အရေးယူပြီးခါမှ ကြိုတင်မဲပေးတာတွေကို စနစ်တကျဆောင်ရွက်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို တွေ့တယ်၊ ငွေကြေးစီးဆင်းမှုတွေကို စစ်မယ်၊ ဒါတွေအားလုံးကို ခြုံငုံသုံးသပ် ပြီးရင် အဲဒီဘက်ကိုတော့သွားနေတယ်၊ ဘယ်တော့ဖျက်မယ် ဘာလုပ်မယ်ဆိုတာတော့ မပြောပါဘူး။”

ဒေါက်တာ အေးမောင်ဟာ NLD အစိုးရလက်ထက်၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ နိုင်ငံတော်ပုန်ကန်မှုနဲ့ ဖမ်းဆီးထောင်ချခံခဲ့ရပြီး၊ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

ဒါဟာ သူကထောင်ကလွတ်ပြီးတဲ့နောက် ရခိုင့်ဦးဆောင်ပါတီရဲ့ဥက္ကဋ္ဌအဖြစ် ရွေးကောက်ပွဲကော်မရှင်သစ်က လုပ်တဲ့ အစည်းအဝေးကို ပထမဆုံးအကြိမ် တက်ရောက်လာတာဖြစ်ပါတယ်။

“၂၀၂၀ ရွေးကောက်ပွဲမှာ ရည်ရွယ်ချက်ရှိရှိ မသမာမှုတွေရှိခဲ့တယ်၊ ရွေးကောက်ပွဲမတိုင်ခင်က တိုင်းနဲ့ ပြည်နယ်တွေမှာ လူ့စွမ်းအားအရင်းမြစ်ဌာနနဲ့ လဝကဝန်ကြီးဌာနတွေကို ဖွဲ့စည်းလိုက်တာဟာ မဲမသမာ မှုလုပ်ဖို့ အကြောင်းတရားတစ်ခုဖြစ်တယ်။” လို့ ဒီကနေ့အစည်းအဝေးမှာ UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက ထည့်သွင်းပြောဆိုသွားကြောင်းလည်း ဒေါက်တာအေးမောင်က RFA ကို ပြန်လည်ပြောပြသွားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပဲခူးတိုင်း၊ သနပ်ပင် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး ကတော့ NLD ဟာ ရွေးကောက်ပွဲ နှစ်ဆက်စလုံးမှာ ပြည်သူတစ်ရပ်လုံးက ထောက်ခံထားတဲ့ပါတီဖြစ်တာမို့ NLD ကို ဖျက်တာဟာ ပြည်သူကို စော်ကားတာနဲ့ အတူတူပဲလို့ တုံ့ပြန်ပါတယ်။

“ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူးဆိုရင်၊ ရွေးကောက်ပွဲဆိုင်ရာ တရားဥပဒေ နည်းဥပဒေတွေ ရှိပါတယ်၊ တရားမဲ့ပြုကျင့်မှုတွေ မသမာမှုတွေရှိတယ်ဆိုရင် အဲဒီလမ်းကြောင်းကနေပဲ တရားစွဲတာ၊ တိုင်တန်းတာတွေ လုပ်ပြီးတော့ စစ်ဆေးပြီးတော့ အရေးယူရတာဖြစ်ပါတယ်၊ ဒီလုပ်ထုံးလုပ်နည်းတွေကို ပစ်ပယ်ပြီးတော့ မဲလိမ်တယ် မဲခိုးပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်က အာဏာသိမ်းလိုက်တယ် ဆိုတာတော့ တော်တော့်ကို အရုပ်ဆိုးတဲ့ အခြေအနေတစ်ခု၊ ပြည်သူတစ်ရပ်လုံးကို စော်ကားလိုက်တာလို့ပဲ ကျနော်ကတော့ မြင်တယ်။”

အခက်အခဲကြားက လုပ်ဆောင်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တာကို၊ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေက အသိအမှတ်ပြုထားပြီးဖြစ်တယ်၊ နိုင်ငံ တကာ အစိုးရတွေကလည်း အသိအမှတ်ပြုထားပြီးဖြစ်တယ်လို့ ဦးမြင့်ဦးက ဆိုပါတယ်။

NLD ကို ဖျက်သိမ်းရုံနဲ့ အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ထူထောင်မယ်လို့ သံဓိဌာန်ချထားတဲ့ NLD နဲ့ တိုင်းရင်းသားပါတီတွေ၊ စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ ခိုင်မာတဲ့ သံဓိဌာန် ကိုတော့ အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်ကဖွဲ့ပေးထားတဲ့ ရွေးကောက်ပွဲကော်မရှင်က ဖျက်ဆီးနိုင်မှာ မဟုတ် ဘူးလို့လည်း ဦးမြင့်ဦးက ပြောပါတယ်။

ဒီကနေ့ အစည်းအဝေးကို တက်ရောက်လာတဲ့ ပါတီတော်တော်များများကလည်း NLD ပါတီကို ဖျက်သိမ်း သင့်တယ်လို့ တင်ပြခဲ့ကြပေမဲ့၊ ပါတီကြီးတစ်ခုလုံးကို ဖျက်သိမ်းတဲ့အထိတော့ မလုပ်သင့်ဘူးလို့ ပြည်သူ့ပါတီ တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးကျော်ကျော်စိုး က RFA ကို ပြောပါတယ်။

“အဲဒါကို တက်ရောက်လာတဲ့ပါတီတွေက ဖျက်သိမ်းသင့်တယ်လို့ ဆွေးနွေးတဲ့ပါတီက များပါတယ်။ ကျနော်ကတော့ အလှည့်ကျော်သွားလို့ မဆွေးနွေးလိုက်ရဘူး။ ဒါပေမဲ့ ကျနော့်သဘောအရဆိုရင် မဲစာရင်း မှားကောင်းမှားမယ်။ သို့သော်လည်းပဲ ဖျက်သိမ်းတဲ့အဆင့်ထိ၊ နိုင်ငံရေးကနေ ပျောက်ကွယ်သွားတဲ့အထိ မလုပ်သင့်ဘူးလို့တော့ ယူဆပါတယ်။ ဒီလိုအင်အားစုကြီးတစ်ခု ပြိုကွဲသွားတာနဲ့ နိုင်ငံရေးမှာ မတည်ငြိမ် တာတွေ အများကြီး ဖြစ်သွားနိုင်ပါတယ်။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းတွေအရ၊ လက်ရှိမှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၉၁ ခုရှိတဲ့ အနက်၊ ဒီကနေ့အစည်းအဝေးကို နိုင်ငံရေးပါတီ ၆၂ ခုက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပြီး၊ NLD နဲ့ SNLD အပါအဝင် နိုင်ငံရေးပါတီ ၂၉ ခုက မတက်ရောက်ဘဲ သပိတ်မှောက်ခဲ့ပါတယ်။

ဖေဖေါ်ဝါရီ ၂၆ ရက် UEC ရဲ့ ပထမဆုံးအကြိမ် အစည်းဝေးကိုတော့ နို်ငငံရေးပါတီ ၅၃ ခု တက်ရောက်ပြီး၊ NLD နဲ့ SNLD အပါအဝင် ပါတီ ၃၈ ခုက သပိတ်မှောက်ခဲ့တာမို့၊ အခု ဒုတိယအကြိမ် အစည်းအဝေးမှာ တက်ရောက်တဲ့ပါတီ ပိုများလာပြီး၊ မတက်ရောက်ဘဲ သပိတ်မှောက်တဲ့ နိုင်ငံရေးပါတီ ပိုနည်းသွားတာ တွေ့ ရပါတယ်။

စစ်အာဏာသိမ်းတာကို ကန့်ကွက်ပြီး၊ UEC ရဲ့ အစည်းအဝေး နှစ်ကြိမ်စလုံးကို မတက်ရောက်ခဲ့တဲ့ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့် ကတော့ နိုင်ငံရေးဆိုတာ အားကြီး တဲ့သူက နိုင်စမြဲမို့ ဒါကို ဘယ်လိုရုန်းထွက်မလဲဆိုတာ စဉ်းစားရမယ်လို့ ပြောပါတယ်။

“ဒါကတော့ မပြောတတ်ဘူးဗျ။ ကျနော်တို့က လူထုကိုယ်စား အလုပ်လုပ်နေတဲ့ ပါတီဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် လူထုဘက်မှာပဲ ရပ်တည်သွားမယ်။ ကိုယ်လုပ်နိုင်တဲ့ကိစ္စကို ကိုယ်လုပ်မှာပဲ။ ဒါပေမဲ့ ကိုယ်မလုပ်နိုင်တဲ့ သူများရဲ့လုပ်ပိုင်ခွင့်တချို့ တားမရတဲ့ကိစ္စကိုတော့ ဘာမှတော့ ပြောစရာမရှိဘူး။ နောက်ပြီးတော့လည်း သူတို့ကို အသိမှတ်ပြုထားတာ မရှိဘူးလေဗျာ။ လုပ်ပိုင်ခွင့် မရှိခြင်း၊ ရှိခြင်းက အဖြစ်ပျက်တစ်စုံလုံးကို သုံးသပ်မှဖြစ်မယ်ဗျ။ နိုင်ငံရေးဆိုတာတော့ သိတဲ့အတိုင်းပဲဗျာ။ ဟိုဘက်ဒီဘက် အားပြိုင်ရတာပဲလေ။ အားကြီးတဲ့သူ နိုင်မှာပဲ။ ဒါကို ဘယ်လိုရုန်းထွက်ရမလဲ၊ အဲဒါပဲ စဉ်းစားရမယ် ထင်ပါတယ်။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က NLD ပါတီကို ဖျက်သိမ်းဖို့ စဥ်းစားနေတယ်၊ ပါတီခေါင်းဆောင် တွေကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ အရေးယူမယ်လို့ ပြောနေချိန်မှာပဲ၊ အာဏာသိမ်းစစ်ကောင်စီက NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ထိပ်တန်းခေါင်းဆောင်အားလုံးနီးပါးကို ဖမ်းဆီးထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၆ ခု၊ သမ္မတဦးဝင်းမြင့်ကို ပုဒ်မ ၂ ခုနဲ့ ဖမ်းဆီးတရားစွဲထား ပြီး ဖြစ်ပါတယ်။

UEC က “အခုလို NLD ပါတီကို ဖျက်သိမ်းဖို့ ထုတ်မပြောခင်ကတည်းက၊ အာဏာသိမ်းစစ်ကောင်စီမှာ ရည်ရွယ်ချက်က ရှိနေပြီးသား”လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“ဒီလိုသဘောထား ထုတ်မပြောခင်ကတည်းကိုက NLD ပါတီကို ဖျက်သိမ်းဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုတာ ကျနော်တို့က သဘောပေါက်ပါတယ်။ အဲလိုဖြစ်ရတဲ့အကြောင်းကလည်း သိပ်တော့မဆန်းပါဘူး။ NLD ပါတီက ၂၀၁၀ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရသွားတဲ့အပေါ်မှာ ကြိတ်မနိုင်ခဲမရဖြစ်နေတဲ့ စစ်ကောင်စီခေါင်းဆောင်တွေရဲ့ သဘောထားတွေ နဂိုကတည်းကရှိခဲ့တယ်။ NLD ပါတီနဲ့ မျှတတဲ့ ရွေးကောက်ပွဲပြိုင်ဆိုင်ဖို့ နောက်တစ်ကြိမ်ရင်ဆိုင်ဖို့ စစ်ကောင်စီမှာရော၊ စစ်ကောင်စီကနေ အားပေးနေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှာရော ဒီပါတီမရှိမှဘဲ ဒီနိုင်ငံမှာ စိတ်ကြိုက်လွမ်းမိုးလို့ရမယ်လို့ သဘောထားရှိ တဲ့အတွက် ရတဲ့နည်းနဲ့ ဒီပါတီကို ဖျက်ပစ်မယ်၊ ချေမှုန်းပစ်မယ်ဆိုတာ သဘောပေါက်မိပါတယ်။”

ဒီလိုပါတီကြီးကို ဖျက်သိမ်းဖို့ကြိုးစားပြီးရင်၊ နောက်ပိုင်းမှာ စစ်ကောင်စီကို ထောက်ခံတဲ့ပါတီတွေကိုပဲ နေရာပေး၊ အခွင့်အရေးပေးမှာဖြစ်ပြီး NLD ပါတီကို ထောက်ခံတဲ့ အခြားပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေ ကိုလည်း ထပ်ပြီး ဖိနှိပ်လာနိုင်တယ်လို့ ဦးသန်းစိုးနိုင်က ဖြည့်စွက်ပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းနဲ့ပြည်နယ်လွှတ်တော်နဲ့ တိုင်း ရင်းသားလူမျိုး မဲဆန္ဒနယ်အပါအဝင် စုစု‌ပေါင်းမဲဆန္ဒနယ် ၁၁၁၇ ခုမှာ ရွေးကောက်ပွဲကျင်းပခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ် ၉၂၀ မှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ် ၇၁ နေရာနဲ့ ဒုတိယ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ် ၄၂ နေရာနဲ့ တတိယ၊ ရခိုင်အမျိုးသားပါတီက ၁၅ နေရာနဲ့ စတုတ္ထ၊ တအောင်း (ပလောင်) အမျိုးသားပါတီက မဲဆန္ဒနယ် ၁၂ နေရာနဲ့ ပဉ္စမ မဲအများဆုံး အနိုင်ရခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းတာတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းပြီး၊ NLD အစိုးရဖွဲ့ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ကိုဖျက်သိမ်း၊ ဥက္ကဋ္ဌ ဦးလှသိန်းနဲ့အဖွဲ့ဝင်တွေကို ဖမ်းဆီးပြီးတဲ့နောက် ဦးသိန်းစိုး ခေါင်းဆောင်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သစ်ကိုဖွဲ့စည်းပြီး၊ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးနေတာ ဒီကနေ့ အစည်းအဝေးနဲ့ဆိုရင် နှစ်ကြိမ်ရှိပြီဖြစ်ပါတယ်။

https://www.rfa.org/burmese/news/uec-said-they-will-cancel-nld-05212021042955.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.