Breaking

June 24, 2021

မင်းတပ်မှာ CDF နဲ့ စစ်ကောင်စီ အပစ်အခတ် ရပ်စဲရေး သဘောတူ

 ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)

2021-06-23

ချင်းပြည်နယ် မင်းတပ်မြို့မှာ ချင်းကာကွယ်ရေးတပ်ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား အပစ်အခတ်ရပ်စဲတဲ့ သဘောတူညီချက်ကို ဇွန်လ ၂၃ ရက်နေ့ မနေ့က ကြေညာခဲ့ပါတယ်။ အဲဒီသဘောတူညီချက်မှာ ပစ်ခတ်မှုတွေ မပေါ်ပေါက်ရေးအတွက် နှစ်ဖက်တပ်ဖွဲ့တွေ လက်နက်ကိုင်ဆောင်ပြီး ကင်းလှည့်သွားလာမှုတွေ ရှောင်ကြဉ်ဖို့၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ရုံးလုပ်ငန်း ဆောင်ရွက်တာကို ခြိမ်းခြောက်တားဆီးခြင်း မပြုဖို့၊ CDM ဝန်ထမ်းတွေကိုလည်း လုပ်ငန်းခွင် ပြန်ဝင်ရေး ဖိအားပေးခြင်း မပြုဖို့၊ ကျောက်ထု-မင်းတပ်-မတူပီ လမ်းမှာ သွားလာသူတွေကို နှောင့်ယှက်ဟန့်တားခြင်း မပြုလုပ်ဖို့နဲ့ ရိက္ခာသယ်ပို့တဲ့ကားတွေကို စစ်ဆေးပြီး ဝင်ထွက်ခွင့်ပြုဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

"ကျနော်တို့ ဒီတိုက်ပွဲ နိုင်ရင် တရုတ်ကျွန် ဘဝကလည်း လွတ်မယ်၊ စစ်ကျွန်ဘဝကနေလည်း လွတ်မယ်"

သက်ဆိုင်ရာ အဖွဲ့ နှစ်ဖွဲ့နဲ့ မြို့မိမြို့ဖတွေ ပါဝင်ကာ ရက်အနည်းငယ်ကြာ ဆွေးနွေးကြပြီးနောက် အခုလို သဘောတူခဲ့တာ ဖြစ်တယ်လို့ မင်းတပ်မြို့ရှိ ဆရာတော် ရှယ်ယာဟုန်းက RFA ကို မိန့်ပါတယ်။

“အဓိကအချက်ကတော့ ပြည်သူများ အိမ်ကလည်း အဖောက်ခံရ၊ တန်ဖိုးရှိတဲ့ပစ္စည်းလည်း အကုန်လုံးပျောက်၊ တမြို့လုံး သူရဲခြောက်တဲ့မြို့ ပုံစံဖြစ်လာတော့ ပြည်သူများ ဘုရားတရားကို ပြန်လည်ကိုးကွယ်ပြီးမှ မြို့ကို ပြန်လည်တည်ဆောက်ရအောင် ဆိုပြီးမှ နှစ်ဖက်သဘောတူညီချက်ကိုရပြီး အခုလို ရပ်စဲတာပဲ”

အပစ်ရပ်စဲပြီးနောက် မြို့ကထွက်ပြေးနေရတဲ့ စစ်ဘေးရှောင် ပြည်သူ ၃ဝ ရာခိုင်နှုန်းခန့် မြို့ကို ပြန်ရောက်လာကြပြီလို့လည်း ဆရာတော်က ပြောပါတယ်။ သဘောတူညီချက်အရ မြို့အဝင်အထွက်တွေမှာ ရိက္ခာတင်ကားတွေကို လက်နက်နဲ့ မူးယစ်ဆေးဝါး သယ်ဆောင်လာခြင်း မရှိအောင် နှစ်ဖက်လုံးက စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။

“စစ်ကောင်စီတပ်ကလည်း သူတို့ဂိတ်မှာစစ်ဆေးမယ်။ ကျနော်တို့ CDF ပြည်သူ့အစိုးရဘက်ကလည်း သူ့နေရာနဲ့ စစ်ဆေးခွင့် ရှိရမယ်ပေါ့”

62800e1b-a066-426a-9e96-ab300fd79ee0.jpeg
စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ထွက်ပြေးခဲ့ကြရတဲ့ မင်းတပ်မြို့နေ ဒေသခံပြည်သူများ။

CDF ချင်းကာကွယ်ရေးတပ်ဦးခေါင်းဆောင် ဆလိုင်းတင်ဦးကတော့ မြို့ခံလူထုရဲ့ ဆင်းရဲဒုက္ခတွေကို ငဲ့ညှာတဲ့အတွက် သူတို့ ခုလို သဘောတူခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“သက်ကြီးရွယ်အို အဖိုးအဖွားတွေ၊ ကလေးသူငယ်တွေ၊ နို့တိုက်မိခင်တွေ၊ကိုယ်ဝန်ဆောင်တွေ အရမ်း ဒုက္ခရောက်နေတယ်။ သူတို့ကို မကြည့်ရက်လို့ အပစ်ရပ်ရေးကို ကျနော်တို့ လက်ခံလိုက်တာ။ အခုလို အပစ်ရပ်စဲထားချိန်မှာ စစ်ကောင်စီဖက်က ဖမ်းဆီးနှိပ်စက်တာတွေ ရှိနေတယ်။”

လက်ရှိမှာ မြို့ခံပြည်သူ သုံးဦးနဲ့ သူတို့ CDF အဖွဲ့ဝင်ကလေး နှစ်ဦးကို စစ်ကောင်စီဘက်က ဖမ်းထားကြောင်း၊ အဲဒီ ကလေး နှစ်ဦးဟာ အသက် ၁၈ နှစ်မပြည့်လို့ သူတို့လက်မခံပဲပြန်လွှတ်လိုက်သူတွေဖြစ်ကြောင်း၊ အခုလို အပစ်ရပ်စဲထားမှုကို အခွင့်ကောင်းယူပြီး စစ်ကောင်စီဘက်က စစ်ရေးပြင်ဆင်မှုတွေပြုလုပ်နေနိုင်ကြောင်း၊ သူတို့ဒေသကစစ်အင်အားကို တခြားတော်လှန်ရေး တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ အင်အားသွားဖြည့်တင်း လိုတဲ့အတွက် ယာယီအင်အား လျှော့ချနေတာလည်း ဖြစ်နိုင်ကြောင်းနဲ့ သူတို့ CDF ကတော့ အသင့်ပြင်ထားကြောင်းလည်း ဆလိုင်းတင်ဦးက ပြောပါတယ်။

“ကိုယ့်လွတ်လပ်ခွင့်အတွက် ကိုယ်တိုင် တိုက်ပွဲဝင်မှရမယ်၊ တခြားလူ အားကိုးလို့ မရဘူး။ လူတိုင်း လက်နက်ကိုင်ဖို့ ကျနော်ပြောတာ မဟုတ်ဘူး။ လူတိုင်း တော်လှန်ရေးအသိရှိဖို့ပြောတာ။ ကျနော်တို့ ဒီတိုက်ပွဲ နိုင်ရင် တရုတ်ကျွန် ဘဝကလည်း လွတ်မယ်၊ စစ်ကျွန်ဘဝကနေလည်း လွတ်မယ်။”

0bacfb0f-205d-4a05-a37a-82bf1f831505.jpeg
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့က စစ်ဘေးဒုက္ခသည် ကလေးတဦး။(Photo: Chin World)

ဆရာတော် ရှယ်ယာဟုန်းက လက်ရှိမှာ တိုက်ခိုက်မှုတွေမရှိပေမယ့် စားဝတ်နေရေး အခက်တွေ့နေတယ်လို့ ဆိုပါတယ်။

“မြို့ပေါ်မှာ ကုန်သွယ်တဲ့ ဈေးသည်ကုန်သည်တွေက အောက်ပြည်ကိုပြန်သွားကြပြီ၊ မနက်ဈေးလည်း မရှိ။ ဟင်းသီးဟင်းရွက်ကအစ ကုန်စိမ်း ကုန်ခြောက်ရောင်းတဲ့သူမရှိ၊ နယ်ဆိုရင် ပိုဆိုးတယ်၊ နယ်ကလူတွေက နွေရာသီမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းတဲ့ အချိန်မှာမှာ မြို့ကိုလာဝယ်ကြတာ၊ အခု မိုးတွင်းလည်းရောက်၊ စစ်ကောင်စီဘက်ကလည်း လမ်းတွေကို ပိတ်တဲ့အခါမှာ မြို့နဲ့ အလှမ်းဝေးတဲ့ဒေသတွေမှာ ပိုပြီးအစာငတ်ပြတ်မယ့် အခြေအနေကို ရောက်နေတယ်။”

ကျေးရွာတွေကို ရိက္ခာ တင်ပို့မှုကိုလည်း စစ်ကောင်စီက ကန့်သတ်ထားတဲ့အတွက် ပိုပြီး အခက်အခဲတွေ့နေပါတယ်။ ဒါ့အပြင် ဆေးဝါးတွေလည်း လိုအပ်နေပြီး မကျန်းမာသူတွေကို စစ်ကောင်စီလက်အောက်ခံ ခလရ ၂၇၄ က ဆေးကုသပေးနေပေမယ့် စိုးရိမ်မှုကြောင့် အဲဒီစစ်တပ်ကို သွားရောက်ခြင်း မပြုတဲ့ လူနာတွေလည်းရှိတယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။

 https://www.rfa.org/burmese/news/comments-on-cdf-and-military-agreement-06232021174730.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.