Breaking

July 17, 2021

ကိုဗစ်အလောင်းတွေကို စုပေါင်းမြေမြှုပ်ဖို့ နာရေးကူညီသူတွေ အကြံပြု


 


2021-07-17

ကိုဗစ်အလောင်းတွေကို စုပေါင်းမြေမြှုပ်ဖို့ နာရေးကူညီသူတွေ အကြံပြု ရေဝေးသုဿန်မှာ အလောင်းတွေ စုပုံနေတာကို တွေ့ရစဉ်။
Photo: CJ

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် သေဆုံးသူတွေ တစ်နေ့တခြား များလာနေတာမို့ သေဆုံးအလောင်းတွေကို စုပုံပြီး မြေမြှုပ်ဖို့ နာရေးကူညီရေးအသင်းတွေက အကြံပြုနေကြပါတယ်။

ရန်ကုန်တိုင်း တစ်တိုင်းထဲမှာတင် သေဆုံးတဲ့သူ တစ်နေ့ကို တစ်ထောင်နီးပါး ရှိနေပြီး သုသာန်တွေမှာ အလောင်းတွေ ပုံနေတာကြောင့် တွင်းတူးမြေမြှုပ်ဖို့ လိုနေပြီလို့ ရန်ကုန် မေတ္တာသင်္ဂဟ နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ဦးမင်းဒင်က RFA ကို ပြောပါတယ်။

" ကော်ရစ်တာ ( လျှောက်လမ်း ) ပေါ်မှာ ဘာအကာကွယ်မှ မပါဘဲနဲ့ နာရေးရှင်မိသားစုတွေပါ အကုန် လိုက်လာရတာဖြစ်တဲ့အတွက် အဲဒီကနေပြီးတော့ ပြန်ပြီးရပ်ကွက်ထဲမှာ ပြန်ကူးကုန်မယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာက ဒီအချိန်မှာ အကောင်းဆုံးက တွင်းတူးပြီး မြှုပ်ချလိုက်တာပဲ။ အဲလိုမြှုပ်ချလိုက်လို့ ရှိရင် ရောဂါကာကွယ်ပြီးသားလည်း ဖြစ်မယ်။ အချိန်လည်း အများကြီးသက်သာမယ်။ ကျွန်တော်တို့က ဘယ်သူ့ကို ပြောရမှန်းလည်း မသိဘူး။ နီးစပ်ရာပြောတော့လည်း ဘာမှပြန်ပြီး အကြောင်းမပြန်ကြဘူး။ ကျွန်တော်တို့မှာ တော်တော်လေး အခက်အခဲဖြစ်နေတယ် "

217857877_10161231692858128_7429848659705022280_n.jpg

ရန်ကုန်မှာဆိုရင် ကျီစုသုသာန်မှာ တစ်နေ့ကို အလောင်းပေါင်း ၁၅၀ နဲ့ ၂၀၀ ကြား၊ ရေဝေးသုသာန်မှာ ၂၀၀ ကျော်၊ ထိန်ပင်သုသာန်မှာ ၂၀၀ ဝန်းကျင် သင်္ဂြိုဟ်ပေးနေရတဲ့အတွက် တစ်နေ့ကို ပျှမ်းမျှ အလောင်းပေါင်း ၁၀၀၀ ဝန်းကျင်လောက် သင်္ဂြိုဟ်နေရတယ်လို့ နာရေးကူညီသူတွေဆီက သိရပါတယ်။

ရန်ကုန် နေ့စဉ်သေဆုံးနေတဲ့ လူ ၁၀၀၀ ဝန်းကျင်ထဲက အများစုဟာ အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် သေဆုံးသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

သုသာန်တွေမှာ မီးသင်္ဂြိုဟ်စက်တွေ မနိုင်တော့တာအပြင် ကူးစက်မှုတွေလည်း နည်းပါးအောင် အလောင်းတွေ ကို မီးရှို့ မသင်္ဂြိုဟ်ဘဲ အမြန်ဆုံးမြေမြှုပ်သင်္ဂြိုဟ်သင့်တယ်လို့ နာရေးကူညီမှုအသင်းတွေက ထောက်ပြ ပါတယ်။

211087779_10161232014213128_8236934917415838375_n.jpg

အလောင်းတွေကို သယ်ပေးနေရတဲ့ ပရဟိတအသင်းသားတွေ၊ လူနာတွေကို ဆေးရုံပို့ပေးနေတဲ့ ပရဟိတ စေတနာ့ ဝန်ထမ်းတချို့လည်း ပိုးကူးစက်ခံထားရပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုပါ ထိခိုက်မှု ရှိလာနေပြီလို့ ပရဟိအဖွဲ့တွေက ဆိုကြပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်လို့ သေဆုံးသူ စုစုပေါင်း ၄၅၃၆ ဦး ရှိသွားပါပြီ။ အတည်ပြုလူနာ စုစုပေါင်းကတော့ နှစ်သိန်းတစ်သောင်းရှစ်ထောင်ကျော် ရှိနေပြီ ဖြစ်ပါတယ်။

 https://www.rfa.org/burmese/news/volunteer-suggest-to-bury-07172021052824.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.