Breaking

October 27, 2021

ကုလအထူးကိုယ်စားလှယ်သစ်နဲ့ မြန်မာ့ အကျပ်အတည်း ဖြေရှင်းရေး အလားအလာ

2021-10-27


ကုလအထူးကိုယ်စားလှယ်သစ်နဲ့ မြန်မာ့ အကျပ်အတည်း ဖြေရှင်းရေး အလားအလာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရတဲ့ စင်္ကာပူနိုင်ငံသူ မစ္စ နိုလင်းဟေဇာကို တွေ့ရစဥ်
Photo: UN

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် စင်္ကာပူနိုင်ငံသူ မစ္စ နိုလင်းဟေဇာကို ခန့်အပ်လိုက်တယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယိုဂူတာရက်က အောက်တိုဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ကုလအတွင်းရေးမှူးချုပ်ရဲ့ လက်ရှိမြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံသူ မစ္စ ခရစ္စတင်းရှာရနာ ဘာဂနာ ဟာ ဒီလကုန်မှာ လုပ်ငန်းတာဝန်ပြီးဆုံးမှာဖြစ်ပါတယ်။

မစ္စ ခရစ္စတင်းရှာရနာဘာဂနာရဲ့ နေရာကို အစားထိုးခန့်အပ်လိုက်တဲ့ မစ္စ နိုလင်းဟေဇာဟာ အရှေ့တောင် အာရှဒေသကဖြစ်သလို မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို သိရှိထားသူဖြစ်လို့ အာဆီယံနဲ့ပူးပေါင်းပြီး မြန်မာပြည်သူတွေအတွက် ကြိုးစားဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်း အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ ဒေါ်မိုးသူဇာ က ပြောပါတယ်။

“အရင်လည်း မြန်မာနိုင်ငံအတွက်ကို ဝင်ပြီးတော့မှ အပြုသဘောဆောင်တဲ့ရလဒ်တွေ ထွက်လာဖို့ ဝိုင်းဝန်း ဖြေရှင်းဖော်ဆောင်ပေးတဲ့ အနေအထားမျိုး ၂၀၀၈ တုန်းကလိုပဲ၊ အခုတော့ ၂၀၀၈ တုန်းက အနေအထားနဲ့ မတူဘူးဆိုသော်ငြားလည်း အာဆီယံနဲ့ ကုလသမဂ္ဂအကြား ဆွေးနွေးညှိနှိုင်းမှု၊ မြန်မာနိုင်ငံပေါ်ထားရှိတဲ့ စေတနာနဲ့ စိတ်ပါဝင်စားမှုတွေဆက်ထားပြီး ညှိနှိုင်းဆောင်ရွက်သွားရလိမ့်မယ်။ အာဆီယံအဖွဲ့အစည်း တစ်ရပ်တည်းကနေ ဖော်ဆောင်နေတဲ့လမ်းမဟုတ်ဘူး။ ကုလသမဂ္ဂအဖွဲ့အစည်းတစ်ရပ်တည်းကနေ ဖော်ဆောင်နေတဲ့လမ်းလည်း မဟုတ်ဘဲနဲ့ ဒေသချင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းတွေကို ယှဉ်တွဲဆက်နွယ်ပြီး ဆောင်ရွက်သွားရလိမ့်မယ်”

အထူးကိုယ်စားလှယ်နေရာကို အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ စင်ကာပူနိုင်ငံသူကို ခန့်အပ်တာဟာ မြန်မာစစ်တပ်အာဏာသိမ်းမှုကနေ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဆီ ပြန်ရောက်နိုင်ဖို့ ကုလသမဂ္ဂက အထူးအာရုံစိုက်နေတယ်ဆိုတာ ထင်ရှားပေါ်လွင်စေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူနဲ့ လွှတ်တော် အမတ်ဟောင်း ဦးရဲထွန်း က ပြောပါတယ်။

“အာဆီယံနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံသားကို ခန့်လိုက်တော့ ပိုအာရုံစိုက်နိုင်မယ်။ ပိုပြီးတော့ အကြံကောင်းတွေ ထွက်နိုင်မယ်။ ကျွန်တော်တို့နိုင်ငံကလည်း အာဆီယံကနေပြီးတော့ လောလော လတ်လတ် သူ့သဘောတူညီချက်တွေ ဆုံးဖြတ်ချက်တွေကို အကောင်အထည်မဖော်လို့ဆိုပြီးတော့ နိုင်ငံ့ခေါင်းဆောင်ကို အစည်းအဝေး မဖိတ်ဘူးဆိုပြီး ဒဏ်ခတ်ထားတာပေါ့ဗျာ။ အဲဒါနဲ့ဆက်စပ်ပြီးတော့ UN က ပိုပြီး အာရုံစိုက်လာတယ်လို့ ကျွန်တော်မြင်ပါတယ်”

ဒါပေမဲ့ အထူးကိုယ်စားလှယ်သစ်ဟာ သူ့ရဲ့လုပ်ငန်းတာဝန်တွေ အောင်မြင်ဖို့ဆိုရင်တော့ စစ်တပ်ကို ဖိအားပေးနိုင်တဲ့ တရုတ်၊ ရုရှား စတဲ့နိုင်ငံတွေနဲ့ နားလည်မှုယူပြီး ဆောင်ရွက်တာမျိုး လိုအပ်တယ်လို့ ဦးရဲထွန်းက အကြံပြုပါတယ်။

အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုတွေကိုပဲ အသုံးပြုနေမယ်ဆိုရင်တော့ မြန်မာစစ်တပ်ဟာ ခေတ်အဆက် ဆက် ဒီဖိအားတွေနဲ့ အသားကျပြီးဖြစ်လို့ ထူးထူးခြားခြား ထိရောက်မှုမရှိနိုင်ဘူးလို့ ဦးရဲထွန်းက သုံးသပ် ပါတယ်။

အာဏာသိမ်းပြီးကတည်းက ကုလအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်းရှာရနာဘာဂနာကို စစ်တပ်က အချိန်အခါ မသင့်သေးဘူးဆိုပြီး မြန်မာနိုင်ငံကို လာရောက်ခွင့် မပြုတော့ပါဘူး။

"မြန်မာနိုင်ငံပေါ်ထားရှိတဲ့ စေတနာနဲ့ စိတ်ပါဝင်စားမှုတွေ ဆက်ထားပြီး ညှိနှိုင်းဆောင်ရွက်သွားရလိမ့်မယ်"

အခုလည်း အသစ်ခန့်အပ်ခံရတဲ့ အထူးကိုယ်စားလှယ်အနေနဲ့ သူ့ကို စစ်တပ်က မြန်မာနိုင်ငံလာရောက်ခွင့် ပိတ်ပင်မယ်ဆိုရင် နောက်ထပ်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားထားသင့်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ အာဆီယံဆိုင်ရာ သံအမတ် ဦးဘိုလှတင့်က RFA ကို ပြောပါတယ်။

“အရင်အထူးကိုယ်စားလှယ်တွေလည်းပဲ ဒီစစ်ကောင်စီက လာခွင့်မပေးတဲ့အခါမှာ ဘာမှဆောင်ရွက် နိုင်ခြင်း မရှိခဲ့ဘူး။ အခုနေအခါမှာ အသစ်ခန့်အပ်တဲ့ အထူးကိုယ်စားလှယ်ကိုလည်းပဲ ငြင်းခဲ့ရင် ဘာလုပ် မယ်ဆိုတဲ့ ပြင်ဆင်စဉ်းစားချက်မျိုးမရှိဘဲနဲ့ လူပြောင်းလဲခန့်အပ်မှုနဲ့တော့ ဘာမှထူးခြားတဲ့ရလဒ် ကောင်းတွေ ထွက်လာနိုင်စရာအကြောင်းမရှိဘူး။ တကယ်လို့ အခုကလည်းပဲ စစ်ကောင်စီကနေပြီး သူတို့အာဆီယံရဲ့ သဘောတူညီချက် ၅ ရက်ကို လိုက်နာပါမယ် စသဖြင့် အသံတွေထွက်လာတာနဲ့ ပတ်သက်ပြီးတော့ ကြိုတင်ပြင်ဆင်တဲ့ ခြေလှမ်းတစ်ရပ်အနေနဲ့ ဆောင်ရွက်တယ်ဆိုရင်တော့လည်း အချိန်ပေးပြီးစောင့်ကြည့်ရမှာ ဖြစ်ပါတယ်”

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ အထူးကိုယ်စားလှယ်အနေနဲ့ ဘက်မလိုက်ဘဲ မျှမျှတတ ဆောင်ရွက်မယ်ဆိုရင် ကုလသမဂ္ဂရဲ့ ပဋိညာဉ်တွေနဲ့အညီ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး နိုင်ငံရေး ရည်မှန်းချက်တစ်ခုအတွက် ဦးတည်ဆောက်ရွက်တဲ့ လုပ်ဆောင်ချက်တွေရှိလာရင် လက်ခံမှာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

“ကျွန်တော်ပြောလိုတာက ဘက်ပေါင်းစုံကိုကြည့်ပြီး ဘက်ညီမျှတတဲ့အမြင်မျိုးတွေနဲ့ ဆောင်ရွက်မယ် ဆိုရင် ဒါကိုလက်ခံနိုင်မှာဖြစ်ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ နိုင်ငံရေးရည်မှန်းချက်တစ်ခု သူတို့အရင်ချ ထားတဲ့ အစီအစဉ်တွေအတိုင်းပဲ မပြောင်းမလဲလုပ်နေမယ်ဆိုရင်တော့ ဒါဟာ တိုးတက်ဖို့ ခက်ခဲတယ်လို့ပဲ ကျွန်တော် ပြောချင်ပါတယ်”

Dr-Noeleen-Heyzer-UN.jpg
(မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း တို့ကို တွေ့ရစဥ်) Photo: UN

အထူးကိုယ်စားလှယ်ဟာ အာဆီယံအသိုင်းအဝိုင်းကဖြစ်လို့ မြန်မာ့အကျပ်အတည်းဖြေရှင်းနိုင်ဖို့ ပိုပြီးမျှော်လင့် နိုင်ပေမယ့် စစ်တပ်ကသာပူးပေါင်းမှုမရှိရင် အောင်မြင်မှာမဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။

“တဖြည်းဖြည်းပြောင်းလဲလာတဲ့ အာဆီယံရဲ့ ရပ်တည်ချက်ရယ်၊ မြန်မာနိုင်ငံအရေးမှာ အနောက်နိုင်ငံ တွေရဲ့ ပူးပေါင်းလုပ်ဆောင်တဲ့အခါ ဒေသတွင်းပူးပေါင်းလုပ်ဆောင်မှုတွေ ဒေသတွင်းနိုင်ငံတွေရဲ့ အရေး ယူဆောင်ရွက်မှုတွေ အရေးကြီးတယ်ဆိုပြီးတော့ ဖြစ်လာတဲ့အခင်းအကျင်းပိုင်းမှာ သူ့ရဲ့အခန်းကဏ္ဍ သူဟာ ဒီဒေသတွင်းကလူဖြစ်တဲ့အတွက် ပိုပြီးတော့လှုပ်နိုင်ရှားနိုင်မယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ သူ့ အနေနဲ့ စွမ်းဆောင်မှုရှိရှိ စစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်မှုတွေ၊ စစ်ကောင်စီဟာ ဒါနဲ့ပတ် သက်ပြီးတော့ အမှန်တကယ်ကို ပြဿနာကိုဖြေရှင်နိုင်မယ့် စိတ်ဆန္ဒမရှိနေသမျှကာလပတ်လည်း သိကြားမင်း ဆင်းလာလည်း သိပ်အောင်မြင်မှာ မဟုတ်ပါဘူး။ အဓိကက ကျွန်တော်တို့အနေနဲ့ ပြောင်းလဲပစ်နိုင်ဖို့က အဓိကဖြစ်ပါတယ်”

အခု ခန့်အပ်လိုက်တဲ့ အသက် ၇၃ နှစ်အရွယ် မစ္စ နိုလင်းဟေဇာဟာ ကုလသမဂ္ဂ လက်ထောက်အထွေထွေ အတွင်းရေးမှူးဟောင်းတစ်ဦးဖြစ်သလို ၂၀၀၀ ပြည့်နှစ်အစောပိုင်း ကုလသမဂ္ဂရဲ့ ဒေသဆိုင်ရာ ကော်မရှင် အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်စဉ် မြန်မာနိုင်ငံနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့သူဖြစ်ပါတယ်။

၂၀၁၀ မတိုင်ခင် စစ်အစိုးရခေတ်မှာ နာဂစ်ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံရတဲ့ပြည်သူတွေကိုကူညီဖို့ မစ္စနိုလင်းဟေဇာ ဟာ မြန်မာနိုင်ငံကို ကြိမ်ဖန်များစွာ လာရောက်ဖူးသလို တီမောငြိမ်းချမ်းရေး တည်ဆောက် မှုနဲ့ ရေရှည်ဖွံ့ဖြိုးမှုအတွက် ကုလအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ၂၀၁၃ ခုနှစ် ကနေ ၂၀၁၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

မြန်မာနိုင်ငံအနောက်ဘက်ဒေသ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ် နဲ့ ရှေ့ပိုင်းကာလတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ရိုဟင်ဂျာမွတ်စလင်ပြဿနာကို ကိုင်တွယ်နိုင်ဖို့ ၂၀၁၈ ခုနှစ်ကဖန်တီးခဲ့တဲ့ အထူးကိုယ်စား လှယ်ရဲ့ တာဝန်တွေထဲမှာ လွတ်လပ်မှု၊ တရားမျှတမှုတွေနဲ့ တစ်ဦးချင်းစီရဲ့ လူ့အခွင့်အရေးတွေကို ကာ ကွယ်ဖို့၊ အရေးကြီးတဲ့ နိုင်ငံရေးနဲ့ လူမှုစီးပွားဘဝ ပြောင်းလဲမှုတွေကို ယူဆောင်ပြီး စုစည်းခိုင်မာလာစေဖို့ ဆိုတဲ့အချက်တွေလည်း ပါဝင်ပါတယ်။

https://www.rfa.org/burmese/program_2/un-special-envoy-and-myanmar-crisis-10272021044750.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.