Breaking

February 19, 2023

ကမ္ဘာပေါ်တွင် ရွှေတန်ချိန် အများဆုံး စုဆောင်းထားသည့် နိုင်ငံ ၁၀ နိုင်ငံ

 Knowledge

 World

ရွှေများ သိုမှီး ထိန်းသိမ်းထားခြင်းကို ငွေကြေးလဲလှယ်မှု အဖြစ် နှစ်ထောင်ပေါင်းများစွာ ကျင့်သုံးလာခဲ့တာ ဖြစ်ပါတယ်။

၁၇ ရာစုမှ ၂၀ ရာစုအကြား ငွေစက္ကူများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာပြီးနောက် ရွှေများထားရှိခြင်းဟာ စီးပွားရေးနှင့် နိုင်ငံရေးအရ ခိုင်မာမှုအတွက် အရေးကြီးလာပါတယ်။

နှစ်စဉ် အစိုးရများဟာ ငွေကြေးဖောင်းပွမှု သို့မဟုတ် အခြား စီးပွားရေး ကပ်ဆိုးများကို ကြိုတင်ကာကွယ်နိုင်ရန် အလို့ငှာ ရွှေများကို ဆက်လက် စုဆောင်းနေပါတယ်။

စီးပွားရေး လုပ်ငန်းများအတွက် ကုန်ပစ္စည်း တခုအနေဖြင့် အသုံးပြုပြီး ရင်းနှီးမြှုပ်နှံသူများ အတွက်ကတော့ အဖွဲ့အစည်း ဆိုင်ရာ အတွက်ရော လက်လီရောင်းချမှုအတွက်ပါ ငွေကြေး ဖောင်းပွမှု သို့မဟုတ် စီးပွားရေး ကျဆင်းမှုတို့အတွက် အကာ အကွယ်အဖြစ် အသုံးပြုကြပါတယ်။

အောက်ဖော်ပြပါ ၁၀ နိုင်ငံကတော့ ၂၀၂၂ ခုနှစ် အထိ မှတ်တမ်းများအရ ကမ္ဘာပေါ်မှာ ရွှေတန်ချိန် အများဆုံး စုဆောင်းထားတဲ့ နိုင်ငံများ ဖြစ်ကြပါတယ်။

၁၀။ နယ်သာလန် နိုင်ငံ

ဒက်ချ် ဗဟိုဘဏ်ဟာ ၎င်း၏ ရွှေသိုလှောင်သည့် နေရာကို Amsterdam မြို့မှ မြို့ပြင် ၁ နာရီခန့် မောင်းရသည့် Camp New Amsterdam သို့ ပိုမို လုံခြုံစေရန် ပြောင်းရွှေ့မယ်လို့ ကြေညာထားပါတယ်။

နယ်သာလန်ဟာ လက်ရှိ အချိန်အထိ ရွှေတန်ချိန်ပေါင်း ၆၁၂.၄၅ တန်ကို စုဆောင်း ထားပါတယ်။

၉။ အိန္ဒိယ နိုင်ငံ

လူဦးရေ သန်း ၁၂၅၀ ကျော်လောက် ရှိတဲ့ အိန္ဒိယလို နိုင်ငံကြီးဟာ ဒီစာရင်းထဲမှာ ပါလာတာ အံ့အားသင့် စရာတော့ မရှိပါဘူး။

အိန္ဒိယဟာ ယခုအချိန်အထိ ရွှေတန်ချိန် စုစုပေါင်း ၇၆၈ တန် အထိ စုဆောင်း ထားတဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။

1Kg gold bars

၈။ ဂျပန် နိုင်ငံ

ကမ္ဘာ့ တတိယ စီးပွားရေး အကောင်းဆုံး နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံဟာလည်း ရွှေများစွာကို သိုလှောင် သိမ်းဆည်းထားပါတယ်။

ဂျပန်ဟာ လက်ရှိ အချိန်အထိ ရွှေ တန်ချိန် စုစုပေါင်း ၈၄၅.၉၇ တန် လောက်ကို စုဆောင်းထားပါတယ်။

၇။ ဆွစ်ဇာလန် နိုင်ငံ

ဆွစ်ဇာလန် နိုင်ငံဟာ ကမ္ဘာ့ သတ္တမ အများဆုံး ရွှေစုဆောင်းထားသည့် နိုင်ငံ ဖြစ်ပေမယ့် တဦးချင်း ဝင်ငွေအရ ဆိုလျှင် ကမ္ဘာ့ အများဆုံး စုဆောင်းထားသည့် နိုင်ငံ အဖြစ် သတ်မှတ်နိုင်ပါတယ်။

ဒုတိယ ကမ္ဘာစစ်အတွင်း ကြားနေနိုင်ငံ ဖြစ်သည့် အတွက် မဟာမိတ်နိုင်ငံများနှင့် ဝန်ရိုးတန်း နိုင်ငံများအကြား ငွေကြေး စီးဆင်းရာတွင် အဓိက ကျသည့် နိုင်ငံ ဖြစ်ခဲ့ပြီး လက်ရှိမှာ ရွှေတန်ချိန် ၁၀၄၀ လောက်အထိ ပိုင်ဆိုင်ထားပါတယ်။

၆။ တရုတ်နိုင်ငံ

၂၀၀၉ ခုနှစ် အထိ ရွှေများ စုဆောင်းမှု ရပ်တန့်နေရာမှ ၂၀၁၅ ခုနှစ် နွေရာသီက စတင်ပြီး တရုတ်ပြည်သူ့ဘဏ်ဟာ လစဉ် ရွှေများကို စုဆောင်းလာခဲ့ရာ ယခုအခါ ကမ္ဘာ့ အဆင့် ၆ ကို ရောက်ရှိလာပါတယ်။

တရုတ်ဟာ လက်ရှိအချိန်အထိ ရွှေတန်ချိန် စုစုပေါင်း ၁,၉၄၈.၃၁ တန်အထိ ပိုင်ဆိုင်ထားပါတယ်။

၅။ ရုရှားနိုင်ငံ

ရုရှားဗဟိုဘဏ်ဟာ အကြီးဆုံး ရွှေဝယ်ယူသူများထဲမှ တခု ပါအဝင်ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ တရုတ်ကို ကျော်တက်ကာ စုစု ပေါင်း ၂၂၉၈.၄၃ တန်ဖြင့် ကမ္ဘာ့ ပဥ္စမ နေရာတွင် ရပ်တည်နေပါတယ်။


Gold bars

၄။ ပြင်သစ် နိုင်ငံ

ပြင်သစ် ဗဟိုဘဏ်မှ လွန်ခဲ့သည့် နှစ်များအတွင်း ရွှေအနည်းငယ်ကို ရောင်းချခဲ့ပေမယ့် လက်ရှိ အချိန်အထိ စုစုပေါင်း တန်ချိန် ၂,၄၃၆.၅ တန်ဖြင့် ကမ္ဘာ့ စတုတ္ထ နေရာမှာ ရှိနေဆဲ ဖြစ်ပါတယ်။

၃။ အီတလီ နိုင်ငံ

အီတလီဟာ ၎င်းတို့၏ ရွှေပိုင်ဆိုင်မှုကို နှစ်ပေါင်းများစွာ ထိန်းထားပြီး လက်ရှိ အချိန်အထိ စုစုပေါင်း ရွှေတန်ချိန် ၂,၄၅၁.၈၄ တန်ဖြင့် ကမ္ဘာ့ တတိယ အများဆုံး ရွှေစုဆောင်းထားသည့် နိုင်ငံ အဖြစ် ရပ်တည်နေပါတယ်။

၂။ ဂျာမနီ နိုင်ငံ

ကမ္ဘာ့ ဒုတိယ ရွှေအများဆုံး စုဆောင်းထားသည့် ဂျာမနီ နိုင်ငံဟာ လက်ရှိအချိန်အထိ ရွှေတန်ချိန် စုစုပေါင်း ၃,၃၅၅.၁၄ တန်ကို ပိုင်ဆိုင်ထားပါတယ်။

၁။ အမေရိကန် နိုင်ငံ

အမေရိကန်ဟာ လက်ရှိ အချိန်အထိ ရွှေပမာဏ အများဆုံး စုဆောင်းထားပြီး ဒုတိယဖြစ်တဲ့ ဂျာမနီထက် ၂ ဆ ကျော် နှင့် ပဥ္စမ ဖြစ်တဲ့ တရုတ်ထက် ၄ ဆ ကျော် ပမာဏ ရှိသည့် ရွှေတန်ချိန် ၈,၁၃၃.၄၇ လောက်ကို ပိုင်ဆိုင်ထားပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

No comments:

Post a Comment

Note: Only a member of this blog may post a comment.