Breaking

August 10, 2023

ရိုဟင်ဂျာဒုက္ခသည်အရေးအတွက် အမေရိကန် ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာရောက်မည်ဟုဆို

 ဩဂုတ် ၁၀ ၊ AEN

ရိုဟင်ဂျာဒုက္ခသည်အရေး ဆွေးနွေးဖို့အတွက် အမေရိကန်ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ် Ed Case နဲ့ Richard McCormick တို့ ဒါကာမြို့ကို လာမယ့်စနေနေ့မှာ ဆိုက်ရောက်ဖို့ရှိနေပြီး လေးရက်ကြာ လာရောက်လည်ပတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန် ကွန်ဂရက်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ခရီးစဉ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူမိုမမ်က Dhaka Tribune သတင်းဌာနကို အတည်ပြုပြောကြားထားပြီး ဒီခရီးစဉ်မှာ အမေရိကန်ကိုယ်စားလှယ်တွေအနေနဲ့ ကော့ဇ်ဘဇားခရိုင်မှာ ခိုလှုံနေကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေ အရေးကိစ္စတွေအပေါ် အာရုံစိုက်သွားဖို့ ရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။
အမေရိကန်အစိုးရအနေနဲ့ ၂၀၁၇ ခုနှစ်ကစလို့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ အိမ်ရှင်အသိုင်းအဝိုင်းကို ကူညီပံ့ပိုးမှု ဒေါ်လာ ၂.၁ ဘီလီယံကျော်အထိ ရှိနေပြီး ထိပ်တန်းအလှူရှင်နိုင်ငံတစ်နိုင်ငံလဲဖြစ်ပါတယ်။
အမေရိကန် ကွန်ဂရက်လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ Ed Case ဟာ ဟာဝိုင်အီက ဒီမိုကရက်တစ် ကိုယ်စားလှယ်ဖြစ်ပြီး Richard McCormick ဟာ ဂျော်ဂျီရာက ရီပါပလစ်ကန် ကိုယ်စားလှယ်တစ်ဦးဖြစ်ပါတယ်။
"သူတို့အနေနဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာဖို့ ကော့ဘဇားကို သွားကြမယ်လို့ ကနဦးသိထားရပါတယ်။ ဒါကာကနေ မထွက်ခွာခင်မှာတော့ ကျွန်တော်နဲ့တွေ့ဖို့ ရှိနေပါတယ်" လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူမိုမမ်က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကြီးမတိုင်ခင် ဒီခရီးစဉ် ထွက်ပေါ်လာတာပါ။ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အာဏာရ Awami League ပါတီအပါအဝင် အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံသွားဖို့ရှိနေတယ်လို့ ဒီခရီးစဉ်အကြောင်းရင်းနှီးတဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

Ref: Dhaka Tribune

No comments:

Post a Comment

Note: Only a member of this blog may post a comment.