Breaking

August 25, 2023

အမေရိကန်သမ္မတဟောင်းထရမ့် ဂျော်ဂျီယာအကျဥ်းထောင်သို့ သွားရောက်အဖမ်းခံ

သြဂုတ် ၂၅၊ ၂၀၂၃

M-Media
-၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့ ကြိုးစားတယ်ဆိုတဲ့ စွဲချက်အတွက် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ဂျော်ဂျီယာပြည်နယ်မှာ မနေ့က သွားရောက် အဖမ်းခံခဲ့ပါတယ်။
လာရောက်အဖမ်းခံဖို့ သတ်မှတ်ထားတဲ့ နောက်ဆုံးရက်မတိုင်မီ တစ်ရက်အလိုမှာ ဖူလ်တန်ခရိုင် အကျဥ်းထောင်ကို ထရမ့်တစ်ယောက် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဂျော်ဂျီယာပြည်နယ်က မဲရလဒ်ကို ပြောင်းလဲဖို့ ကြိုးပမ်းတယ်ဆိုတဲ့ စွဲချက်နဲ့ တရားစွဲဆိုခံရသူ ၁၉ ဦးရှိပြီး မနေ့က ထရမ့်နဲ့အတူ ၁၁ ဦး လာရောက် အဖမ်းခံခဲ့ပါတယ်။
ထရမ့်ဟာ အကျဥ်းထောင်မှာ မိနစ် ၂၀ လောက် ကြာမြင့်ခဲ့ပြီး၊ ဒေါ်လာ ၂ သိန်းအာမခံနဲ့ ပြန်ထွက်လာခဲ့ပါတယ်။
ဂျော်ဂျီယာရဲတပ်ဖွဲ့က စွပ်စွဲခံရသူအဖြစ် မှတ်တမ်းယူထားတဲ့ ထရမ့်ရဲ့ဓာတ်ပုံကို နောက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး အမေရိကန်သမိုင်းမှာ ရာဇ၀တ်မှုနဲ့ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခံရတဲ့ ပထမဆုံး သမ္မတဟောင်းအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။
ရဲမှတ်တမ်းမှာ လူဖြူ၊ အရပ် ၆ ပေ ၃ လက်မ၊ ကိုယ်အလေးချိန် ၂၁၅ ပေါင်၊ ရွှေနဲ့ စတော်ဘယ်ရီရောင် ဆံပင်၊ မျက်လုံးပြာ ရှိသူအဖြစ် ထရမ့်ကို မှတ်တမ်းတင်ထားပြီး အကျဥ်းသား နံပါတ်က P01135809 ဖြစ်ပါတယ်။
ထောင်ကထွက်လာအပြီး သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က သူ့မှာ အပြစ်မရှိဘဲ နိုင်ငံရေးအရ လုပ်ကြံခံရတာလို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအပြီး သူ့ကိုထောက်ခံသူတွေက လွှတ်တော်ကို ၀င်ရောက်စီးနင်းမှုမှာ လှုံ့ဆော်အားပေးမှု၊ နိုင်ငံတော်လျှို့၀ှက်ချက်တွေ လက်၀ယ်ထားရှိမှု၊ ပေါက်ကြားမှု စတာတွေနဲ့လည်း ထရမ့်ဟာ တရားစွဲဆို ခံထားရပါတယ်။
Ref: BBC, Reuters
(ဓာတ်ပုံ - ဂျော်ဂျီယာ ရဲတပ်ဖွဲ့၏ ရာဇ၀တ်မှတ်တမ်းမှ ထရမ့်ဓာတ်ပုံ)

No comments:

Post a Comment

Note: Only a member of this blog may post a comment.