၂၆ ဧပြီ၊ ၂၀၂၄
ဂါဇာကမ်းမြောင်ဒေသက ပစ်မှတ် ၃၀ ကျော်ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ကြာသပတေးနေ့မှာ အစ္စရေးစစ်တပ်ကပြောသလို ဂါဇာဆေးရုံတာဝန်ခံတွေကလည်း ဂါဇာတောင်ပိုင်း ရာဖါမြို့မှာ အစ္စရေးတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၅ ဦးသေဆုံးခဲ့တယ်လို့ ပြောပါတယ်။
အစ္စရေးကာကွယ်ရေးတပ်ကတော့ အစ္စရေးတပ်တွေကို ရော့ကက်လောင်ချာတွေနဲ့ပစ်ခတ်နေတဲ့ ဟာမတ်စ်ကုန်လှောင်ရုံအပါအဝင် ဂါဇာအလယ်ပိုင်းဒေသကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။ ဂါဇာဒေသခံတွေအတွက် လူသားစာနာမှုအကူအညီ ဒေါ်လာ ၁ ဘီလီယံနဲ့ စစ်ရေးအသုံးစရိတ်အပါအဝင် အစ္စရေးအတွက် ဒေါ်လာ ၂၆.၄ ဘီလီယံ ပေးအပ်မယ့် အမေရိကန်ရဲ့ပြည်ပအကူအညီ ဒေါ်လာ ၉၅ ဘီလီယံ ချထားပေးမယ့် ဥပဒေကြမ်းကို သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးပြီး နောက်တနေ့ဖြစ်တဲ့ ကြာသပတေးနေ့မှာ အခုလို ဂါဇာမှာ တိုက်ခိုက်မှုတွေ ဆက်ဖြစ်ပွါးနေတာပါ။
ဗုဒ္ဓဟူးနေ့ကတော့ ဂါဇာအတွက် လူသားစာနာမှုအကူညီပေးရာမှာ သုံးမယ့် ဆိပ်ကမ်းဆောက်ဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း ဂါဇာအကူညီပေးရေးဆိုင်ရာ ကုလသမဂ္ဂအရာရှိက ကုလလုံခြုံရေးကောင်စီကို ပြောပါတယ်။ တချိန်တည်းမှာပဲ ဟာမတ်စ်တွေက အစ္စရေး- အမေရိကန် ဓါးစားခံတဦးဖြစ်တဲ့ Hersh Goldberg-Polin လို့ ယူဆရသူရဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကို ဝေဖန်အပြစ်တင်ပြောကြားနေတဲ့ ဗွီဒီယိုကိုထုတ်ပြန်ခဲ့ပါတယ်။
ဒီဗွီဒီယိုနဲ့ပတ်သက်ပြီး FBI က စုံစမ်းနေကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ သူဟာ အောက်တိုဘာ ၇ ရက် အစ္စရေးကို ဟာမတ်စ်တွေ ဝင်ရောက်တိုက်ခိုက်ချိန်က အဖမ်းခံရသူဖြစ်ကြောင်း သူ့မိသားစုကတော့ အတည်ပြုပါတယ်။
https://burmese.voanews.com/a/israel-hamas-fighting-gaza-southern-gaza-/7585252.html


No comments:
Post a Comment
Note: Only a member of this blog may post a comment.