Breaking

April 29, 2024

အငြင်းပွားပင်လယ်ပြင်ထဲ တရုတ်နဲ့ ဂျပန်လွှတ်တော်အဖွဲ့ ထိပ်တိုက်တွေ့

၂၉ ဧပြီ၊ ၂၀၂၄


တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောတစီးက ပိုင်နက်အငြင်းပွါးနေတဲ့ကျွန်းတွေထဲကတခုဖြစ်တဲ့ Senkaku ကျွန်းနားက ဂျပန်ကမ်းခြေစောင့်တပ်ပိုင်သင်္ဘောအနီးကို တိုးကပ်သွားပုံ။ (ဧပြီ ၂၇၊ ၂၀၂၄ / Reuters)
တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောတစီးက ပိုင်နက်အငြင်းပွါးနေတဲ့ကျွန်းတွေထဲကတခုဖြစ်တဲ့ Senkaku ကျွန်းနားက ဂျပန်ကမ်းခြေစောင့်တပ်ပိုင်သင်္ဘောအနီးကို တိုးကပ်သွားပုံ။ (ဧပြီ ၂၇၊ ၂၀၂၄ / Reuters)

တရုတ်နဲ့ဂျပန်တို့ကြား နယ်မြေပိုင်နက်အငြင်းပွါးနေတဲ့ အရှေ့တရုတ်ပင်လယ်ပြင်ထဲမှာ တရုတ်ကမ်းခြေစောင့်တပ်နဲ့ ဂျပန်လွှတ်တော်အမတ်ပါအဖွဲ့တို့ ထိပ်တိုက်တွေ့ခဲ့ကြတယ်လို့ တိုကျိုမြို့က တရုတ်သံရုံးနဲ့ ဂျပန်သတင်းမီဒီယာတွေက ပြောပါတယ်။ ဒါဟာ တရုတ်နဲ့အိမ်နီးချင်းနိုင်ငံတို့ကြား ရေပြင်ပိုင်နက်အငြင်းပွါးမှုနဲ့ပတ်သက်ပြီး နောက်ဆုံးဖြစ်ရပ်ဖြစ်ပါတယ်။

တရုတ်ကမ်းစောင့်တပ်ဘက်က တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်ချက်တချို့ပြုလုပ်ခဲ့တယ်လို့ သံရုံးထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ တရုတ်နိုင်ငံက “Diaoyu “လို့ခေါ်ပြီး ဂျပန်က “Senkaku” လို့ခေါ်တဲ့ လူမနေတဲ့ကျွန်းငယ်လေးနားမှာ ဂျပန်နိုင်ငံဘက်က ရန်စတဲ့လုပ်ရပ်တွေ လုပ်ခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အိုကီနာဝါစီရင်စုထဲက အီရှီဂါကီမြို့ရဲ့စီစဥ်မှုနဲ့ ဂျပန်ကာကွယ်ရေးဝန်ကြီးဟောင်း Tomomi Inada ပါဝင်တဲ့ ဂျပန်အဖွဲ့တခုဟာ ဒရုန်းယာဥ်တွေသုံးပြီး ကျွန်းဧရိယာကို စစ်ဆေးနေတာဖြစ်တယ်လို့ ဂျပန်NHK သတင်းဌာနက ပြောပါတယ်။ ကျွန်းတဝိုက် ၃ နာရီကြာ ကွင်းဆင်းစစ်ဆေးနေကြတဲ့ ဂျပန်အဖွဲ့ကို တရုတ်ကမ်းစောင့်တပ်က ဟန့်တားခဲ့တယ်လို့လည်း NHK သတင်းက ပြောပါတယ်။ ဂျပန်တို့အုပ်ချုပ်နေတဲ့ကျွန်းတွေအနီး ဂျပန်နဲ့တရုတ်တို့ အကြိမ်ကြိမ်ထိပ်တိုက်ရင်ဆိုင် တွေ့လေ့ရှိပါတယ်။

တောင်တရုတ်ပင်လယ်ရေပြင်ပိုင်နက်အတော်များများကို သူပိုင်အဖြစ်ပြောဆိုနေတဲ့တရုတ်နိုင်ငံဟာ အရှေ့တောင် အာရှနိုင်ငံအတော်များများနဲ့လည်း အခြေအတင်ဖြစ်နေသလို ဖိလစ်ပိုင်နိုင်ငံနဲ့လည်း တင်းမာမှုတွေ ကြီးထွားလာနေတာဖြစ်ပါတယ်။

https://burmese.voanews.com/a/china-japan-maritine-confrontation-senkaku-/7588512.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.