- ရေးသားသူ, ဆာရက်ဟာဗီ၊ အာမန် ခါဝါဂျာနဲ့ အလက်ဇန်းဒရာ ဖောက်ချီ
- ရာထူးတာဝန်, သတင်းထောက်
သူမမှာ မွေးရာပါ နှလုံးရောဂါရှိတယ်ဆိုတဲ့ သတင်းဆိုးကြီးကို သူ့မိဘတွေသိလိုက်ရတဲ့အချိန် ၂၀၁၂ ခုနှစ်တုန်းက အာယီရှာဟာ အသက် ၇ နှစ်ပဲ ရှိပါသေးတယ်။
အာယီရှာလေးဟာ အသက်ရှူတာ၊ စကားပြောတာနဲ့ လမ်းလျှောက်ရာမှာ အခက်အခဲတွေရှိနေခဲ့ပါတယ်။
သူမ နှလုံးက သွေးပို့လွှတ်ရာမှာ အခက်အခဲဖြစ်နေတာကြောင့် နှလုံးရောဂါခံစားနေရတာပါ။
“သူ့ နှလုံး ၂၅ ရာခိုင်နှုန်းလောက်က ပျက်နေပြီလေ။ ဒီတော့ ပိုပိုဆိုးလာတော့တာပဲ” လို့ သူမမိခင် ဆာနိုဘာ ရာရှိဒ်က ပြောပါတယ်။
အာယီရှာရဲ့ ကျန်းမာရေးအခြေအနေက သူမ မိသားစုအတွက် အိန္ဒိယနဲ့ ကပ်နေတဲ့ပါကစ္စတန် နယ်စပ်ကို ဘုရင့်နောင်ဖောင်ဖျက် ပြောင်းရွှေ့ဖို့ ဖြစ်လာပါတယ်။
ဗြိတိသျှအင်ပါယာအောက်မှာရှိတဲ့ခဲ့ ဗြိတိသျှအိန္ဒိယဟာ ၁၉၄၇ ခုနှစ်မှာလွတ်လပ်ရေးခဲ့အပြီး အိန္ဒိယနဲ့ ပါကစ္စတန်အဖြစ် နှစ်ခြမ်းကွဲသွားတာဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက ဒီနှစ်နိုင်ငံဟာ ဘာသာရေးနဲ့ သမိုင်းကြောင်းနောက်ခံတွေအရ အမုန်းတရားတွေရှိနေတာဖြစ်ပါတယ်။
အခု အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ ဆယ်ကျော်သက်အရွယ် အာယီရှာဟာ သူ့အပြောအရဆိုရင် သူ့ရောဂါခရီးကြမ်းကို ရုန်းကန်ခဲ့ရပြီးတဲ့နောက် ချန်နိုင်းမြို့မှာ နှလုံးအစားထိုးကုသမှု အောင်အောင်မြင်မြင်နဲ့ ခံယူနိုင်ခဲ့ပါတယ်။
ရာရှိဒ်မိသားစုဟာ သူတို့ဇာတိ ကရာချီမြို့ရဲ့အဝေး ချန်နိုင်းမြို့ဆေးရုံကနေ သူတို့သမီးကို အသစ်တဖန်ရှင် သန်စေခဲ့တဲ့ အသည်းနဲ့ အဆုတ်အစားထိုးကုသမှုဆိုင်ရာအဖွဲ့အစည်းနဲ့ MGM ကျန်းမာရေး စောင့် ရှောက်မှုဌာနရဲ့ စက်နဲ့ သွေးလည်ပတ်စေခြင်း အထောက်အပံ့အကြောင်းကို ပြောပြလာခဲ့ပါတယ်။
ကုသမှု ရှာပုံတော် ဖွင့်ရပြီ
အာယီရှာရောဂါ ဇစ်မြစ်ကို သိသိချင်းတော့ သူ့မိခင်နဲ့ ဖခင် ရာရှိဒ်ဇနီးမောင်နှံဟာ အရည်သွေးပြည့်မီတဲ့နှလုံးရောဂါကုသရေးဆေးရုံဆေးခန်းတွေကို ပါကစ္စတန်မှာ နှစ်အတန်ကြာအောင် ရှာခဲ့ကြပါသေးတယ်။
“အာယီရှာ့နှလုံး ပင်မသွေးလွှတ်ခန်းက ကျယ်လာလို့ ခွဲဖို့လိုတယ်လို့ ကျွန်မတို့ရဲ့ ဆရာဝန်တွေက ပြောတယ်။ ကလေးကို ကောင်းကောင်းကုနိုင်အောင် အိန္ဒိယဖြစ်ဖြစ်၊ ကနေဒါဖြစ်ဖြစ်ခေါ်သွားဖို့လိုတယ်လို့ သူတို့ပြောတာ” လို့ မစ္စစ် ရာရှိဒ်က ပြောပါတယ်။
နှံ့နှံ့စပ်စပ်ရှာဖွေပြီးတဲ့နောက်မှာတော့ သမီးငယ်ကို ကယ်နိုင်မယ့် အကောင်းဆုံးနေရာက အိန္ဒိယမှာ နှလုံးအစားထိုးကုသမှုနဲ့ ပတ်သတ်လို့ ထင်ရှားတဲ့ ချန်နိုင်းမှာရှိတာကိုသိခဲ့ရပါတယ်။ တမီလ် နာဒူးပြည်နယ် မြို့တော်ဖြစ်တဲ့ချန်နိုင်းမှာ ကိုယ်တွင်းအင်္ဂါအရှင် လှူဒါန်းတဲ့ အစီအစဉ်တစ်ခုရှိနေတာပါ။
အိန္ဒိယကို ဝင်ဖို့ ဗီဇာကလည်းရဖို့ခက်ခဲပြီး ပထမတော့ သူတို့ဗီဇာပယ်ချခံထိခဲ့ပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံသားတွေဟာ တင်းကြပ်တဲ့ဗီဇာကန့်သတ်ချက်တွေကြောင့် နှစ်နိုင်ငံခရီး သွားဖို့ အတော်လေးကိုခက်ခဲတာဖြစ်ပါတယ်။
ဒီအချိန်အတွင်းမှာပဲ အာယီရှာရဲ့ ကျန်းမာရေးက ပိုဆိုးလာခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာ ဒုတိယတစ်ကြိမ်ကြိုးစားကြည့်တဲ့ အရေးပေါ် ဗီဇာလျှောက်ထားမှုမှာတော့ ဗီဇာရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူတို့မိသားစုဟာ နှလုံးအထူးကုဆရာဝန်ကြီး ဒေါက်တာ ကေ အာရ် ဘာလာခရစ်ရှနန်နဲ့တွေ့ဖို့ ချန်နိုင်းမြို့ကို ပထမဆုံး ခရီးနှင်ခဲ့ကြပါတော့တယ်။
ဒေါက်တာ ကေ အာရ် ဘာလာခရစ်ရှနန်က MGM ကျန်းမာရေးစောင့်ရှောက်မှုဌာနရဲ့ ဒါရိုက်တာဖြစ်ပြီး အိန္ဒိယရဲ့ နှလုံးကုသရေးနယ်ပယ်မှာ အတော်ဆုံးဆရာဝန်ထဲကတစ်ဦးအဖြစ် မှတ်ယူခံရသူဖြစ်ပါတယ်။
ရုတ်တရက် နှလုံးခုန်ရပ်သွားခြင်း
အာယီရှာနဲ့ သူ့မိခင်တို့ ချန်နိုင်းမြို့ကို ရောက်ရောက်ချင်းမှာပဲ အကြောင်းကိစ္စတွေ အဆိုးဘက်ကို ရောက်ကုန်ပါတယ်။
“အာယီရှာ ရုတ်တရက် နှလုံးရပ်သွားပြီးတော့ သေမင်း ခံတွင်းဝ ကိုရောက်သလို အခြေအနေက နေ့လား ညလားဖြစ်ခဲ့တယ်” လို့ မစ္စစ်ရာရှိဒ်က ပြောပါတယ်။
အဲဒီအချိန်မှာ အာယီရှာ့နှလုံးက ၁၀ ရာခိုင်နှုန်းလောက်ပဲ အလုပ်လုပ်တော့တယ်လို့ သူက ပြောပါတယ်။
“ကျွန်တော်တို့ဆီရောက်လာတော့ သူ့နှလုံးကရပ်နေပြီ။ ကျွန်တော်တို့ ပြန်ခုန်လာအောင် လုပ်ခဲ့ရ တယ်”လို့ ဒေါက်တာ ကေ အာရ် ဘာလာခရစ်ရှနန်က ပြောပါတယ်။
ဆေးအဖွဲ့က အာယီရှာကို ယာယီနှလုံးသွေးလွှတ်စက် အရင်တပ်ပေးခဲ့ပြီး နောက်တော့ အဆင့်ပိုမြင့်တဲ့ LVAD လို့ခေါ်တဲ့ နှလုံးဘယ်ဘက်သွေးလွှတ်ခန်း အထောက်အကူပြုစက်တပ်ပေးခဲ့ပါတယ်။
အဲဒီနောက်တော့ နလန်ပြန်ထူဖို့ အချိန်ယူနိုင်အောင် ကရာချီမြို့ကို ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ခပ်ယဲ့ယဲ့ သာကျန်တဲ့ သူမ ကျန်းမာရေး အခြေအနေကြောင့် ရောဂါကူးစက်လွယ်လာပါတော့တယ်။
အခြေအနေဆိုးလာခြင်း
အာယီရှာရဲ့ ဆရာဝန်တွေနဲ့ အဆက်သွယ်မပြတ်ရှိနေခဲ့တဲ့ ဒေါက်တာ ဘာလာခရစ်ရှနန်က အခုလိုပြန် ပြောင်း ပြောပြပါတယ်။
“နှလုံးစက်ကို စောင့်ကြည့်စစ်ပေးနိုင်တဲ့နေရာက ပါကစ္စတန်မှာမရှိဘူး။ ၂ နှစ်လုံးလုံး သူမမှာ ရောဂါကူးစက်ခံရလို့ ဆေးရုံခဏခဏတက်ခဲ့ရတယ်။ ရောက်သွားတဲ့အကြိမ်ရေတစ်ဝက်လောက်မှာလည်း သူမသတိလစ်မေ့မြောနေခဲ့တာ”
နှလုံးအစားထိုးကုသမှပဲ အာယီရှာ အသက်ရှင်နိုင်လိမ့်မယ်လို့ သူ့ဆရာဝန်တွေက ပြောကြပါတယ်။
“ပါကစ္စတန်မှာ နှလုံးခွဲစိတ်တာတော့လုပ်ခဲ့ပေမဲ့ အစားထိုးတာတော့မဟုတ်ဘူး။ ဒီကုသမှုအတွက်လည်း ကျွန်မတို့မတတ်နိုင်ဘူး”လို့ မစ္စစ်ရာရှိဒ်က ပြောပါတယ်။
အိန္ဒိယမှာ နှလုံးအစားထိုးကုသမှုတစ်ခုအတွက်ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၄၂,၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။
“ကျွန်မ ချန်နိုင်းက ဆရာဝန်တွေကို ဖုန်းခေါ်ပြီး ခွဲစိတ်ကုသမှုအတွက် ကျွန်မတို့ ကုန်ကျစရိတ် မတတ်နိုင်ဘူးလို့ ပြောခဲ့တယ်။ သူတို့က လာသာလာခဲ့ပါ၊ ငွေကြေးကိစ္စ သူတို့ တာဝန်ထားလို့ ပြောခဲ့ကြတယ်”လို့ ပြုံးပြီး ပြန်ပြောပြပါတယ်။
ဒီအခိုက်အတန့်ကလေးက မိသားစုအတွက် “ဝမ်းအသာရဆုံးနဲ့ စိတ်သက်သာရာအရဆုံးအချိန်”ပဲလို့ သူတို့က ပြောပါတယ်။
‘စိတ်အလှုပ်ရှားရဆုံးမိနစ်အပိုင်းအခြား’
နှလုံးအစားထိုးခွဲစိတ်ကုသမှုမှာ မကောင်းတဲ့နှလုံးကိုထုတ်ပြီး အလှူရှင်ရဲ့နှလုံးကို အစားထိုးထည့် ပေးရတာတွေပါပါတယ်။ ဒီခွဲစိတ်မှုက ၄ နာရီကနေ ၆ နာရီထိ ကြာနိုင်ပါတယ်။
ခွဲစိတ်နေစဉ်အတွင်းမှာ လူနာတွေကို နှလုံးနဲ့အဆုတ်အစားထိုးစက်တပ်ပေးထားရပြီး အဲဒီစက်က ခန္ဓာကိုယ်ကိုအောက်ဆီဂျင်ပို့လွှတ်တဲ့ နှလုံးရဲ့အဆုတ်ရဲ့တာဝန်ကို လွှဲယူထားပေးပါတယ်။
အိန္ဒိယနိုင်ငံရဲ့ကိုယ်အင်္ဂါအစားထိုးကုသမှုဆိုင်ရာကန့်သတ်ချက်အရ အိန္ဒိယနိုင်ငံသား လူနာမရှိမှပဲ နိုင်ငံခြားသားလူနာဆီကို ကိုယ်တွင်းအင်္ဂါကို အစားထိုးကုသခွင့်ပေးတာပါ။
အာယီရှာရဲ့ ကုသမှုမှာဆိုရင် အလှူရှင်ရဲ့နှလုံးနဲ့ အံကိုက်ဖြစ်မနေပေမဲ့ လက်ခံလို့တော့ ရခဲ့ပါတယ်။
“အသက်နဲ့အရွယ်အစား မကိုက်ညီနေပေမဲ့ ဒီနှလုံးကို ကျွန်တော်တို့ယူခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဒါက သူမအသက်ရှင်ဖို့ နောက်ဆုံးကောက်ရိုးတစ်မျှင်ဖြစ်နေလို့ပါ” လို့ ဒေါက်တာ ဘာလာခရစ်ရှနန်ကပြောပါတယ်။
ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှုတွေအားလုံးထဲကမှ နှလုံးအစားထိုးကုသမှုမှာ အချိန်က အများကြီး အရေးပါပါတယ်။
အလှူရှင်ဆီကနေ နှလုံးထုတ်ယူပြီးချိန် နှစ်နာရီကျော်သွားပြီဆိုရင် လက်ခံတဲ့သူဆီမှာ အစားထိုး ကုသမှုမှာ မအောင်မြင်နိုင်ခြေများပါတယ်။
“ဒါပေမဲ့ နှလုံး ဆေးရုံရောက်လာဖို့က ၅ နာရီလောက် ကြာနေတယ်။ ကျွန်တော်တို့လည်း ဒီနှလုံး အလုပ်ဖြစ်မဖြစ် မသေချာတော့ဘူး” လို့ MGMကျန်းမာရေးစောင့်ရှောက်မှုဌာနရဲ့တွဲဖက် ဒါရိုက်တာ ဒေါက်တာ ဆူရေ့ရှ်ရာအူးက ပြောပါတယ်။
ဒါပေမဲ့ သိပ်မကြာခင်လေးမှာ အာယီရှာရဲ့နှလုံးအသစ်လေး ပထမဆုံးတစ်ချက် ခုန်လိုက်ချိန်ဟာ “‘စိတ်အလှုပ်ရှားရဆုံးမိနစ်’ ဖြစ်ခဲ့တယ်လို့ သူကပြောပါတယ်။
အနာဂတ်မျှော်လင့်ချက်တွေ
အခုချိန်မှာတော့ အိုက်ရှာက MGMကျန်းမာရေးစောင့်ရှောက်မှုဌာနမှာ နလန်ထူဖို့ အချိန်ယူနေပါ တယ်။ သူ့အမေနားမှာ အဝတ်နှာခေါင်းစည်းလေးတပ်ပြီး ငြိမ်ငြိမ်လေး ထိုင်နေပါတယ်။
အားလုံးက စိုးရိမ်နေခဲ့ကြသလို သူမခန္ဓာကိုယ်က နှလုံးအသစ်ကို မငြင်းဆန်ဘဲ လက်ခံခဲ့ပါတယ်။
“နေလို့ကောင်းပါတယ်။ ခွဲစိတ်ပြီးသွားတော့ အရမ်းနေလို့ ကောင်းလာတယ်”လို့ ခွဲစိတ်မှုအပြီးစကားများများ မပြောနိုင်သေးလို့ သူမက လေသံတိုးတိုးလေးနဲ့ပြောပါတယ်။
“ကျွန်မ အခု လမ်းလည်းကောင်းကောင်းလျှောက်နိုင်ပြီလေ။ မခွဲခင်ကဆို ခုလို လမ်းလည်းမလျှောက်နိုင်၊ အသက်လည်းမရှူနိုင်ဘူး”
ဆယ်ကျော်သက်ကောင်မလေးဟာ နောက် ၂ လလောက်ဆို ကရာချီမြို့က အိမ်ကိုပြန်တော့မှာဖြစ်ပြီးတော့ သူမ အနာဂတ်အတွက် စိတ်လှုပ်ရှားနေမိပြီလို့ ပြောပါတယ်။
“စာလည်းသင်ချင်တယ်။ ကျွန်မ ဖက်ရှင်ဒီဇိုင်နာ တစ်ယောက်လည်းဖြစ်ချင်တယ်”လို့ သူမက ပြောပါတယ်။
သူမခွဲစိတ်မှုအတွက် ကူညီပေးတဲ့ အိန္ဒိယအစိုးရကို ကျေးဇူးတင်နေတာပါ။
“အိန္ဒိယနဲ့ ပါကစ္စတန်က ဘယ်နေရာကြည့်ကြည့်အကုန်တူတူပဲ၊ ဘာမှမကွာဘူး။ တခြားနိုင်ငံရောက် နေတယ်လို့ကို မခံစားရဘူး” လို့ သူမပြောပါတယ်။
အိုက်ရှ်ဝါယာလို့ ခေါ်တဲ့ အိန္ဒိယက အလှူရှင်အဖွဲ့အစည်းတစ်ခုက သူမခွဲစိတ်မှုကို ဖြစ်မြောက်အောင် ကူညီခဲ့တာဖြစ်ပြီးတော့ ဒီအဖွဲ့ကို နှလုံးရောဂါကြောင့် သမီးဖြစ်သူဆုံးရှုံးခဲ့ရတဲ့မိခင်တစ်ဦးက စတင်ခဲ့တာပါ။
ဒေါက်တာ ဘာလာခရစ်ရှနန်ကလည်း အာယီရှာကို ကယ်တင်ရေးလုပ်ဆောင်နေစဉ်မှာ ဆေးပညာ ဆိုင်ရာ၊ ငွေကြေးဆိုင်ရာနဲ့လူမှုရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဆေးအဖွဲ့ကြုံခဲ့ရတယ်လို့ ပြောပါတယ်။
အိန္ဒိယလူမှုကွန်ရက်စာမျက်နှာတွေမှာလည်း ပါကစ္စတန်နိုင်ငံသားကို ဆေးကုသမှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်တဲ့မှတ်ချက်တွေရှိခဲ့တာပါ။
“ကျွန်တော်တို့နိုင်ငံတွေရဲ့ ပကတိအခြေအနေတွေကိုထည့်တွက်စဉ်းစားရတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အရမ်းလည်းဖိစီးမှုများတယ်။ ဒါပေမယ့်မှန်တဲ့ဘက်မှာရပ်ပြီး လုပ်ခဲ့ပါတယ်” လို့ ဒေါက်တာ ဘာလာခရစ်ရှနန်က ပြောပါတယ်။
“လူနာတစ်ယောက် ကျွန်တော်တို့ဆီလာရင် ဘယ်နိုင်ငံလဲ(သူတို့မိခင်နိုင်ငံ)ဆိုတာ မကြည့်ဘူး။ ကျွန်တော်တို့ ကုသပေးနိုင်တဲ့လူသားတွေအဖြစ်ပဲ မြင်ပါတယ်”
https://www.bbc.com/burmese/articles/cneezpprl1wo
No comments:
Post a Comment
Note: Only a member of this blog may post a comment.