ယာဉ်ပိုင်ရှင်အမည်ပေါက်ပြောင်းလဲမည်ဆိုပါက အမည်ပြောင်းခ ငွေကျပ် ၅၀၀၀ သာကျသင့်မည်ဖြစ်ပြီး နေ့ချင်းပြီးဆောင်ရွက်ပေးရန် စီစဉ်ထားကာ သက်တမ်းရှိယာဉ်ဖြစ်ပါက ယာဉ်ပါစရာမလိုကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်မှ ပြောကြားခဲ့သည်။



“ကျွန်တော်တို့အနေနဲ့ အမည်ပြောင်းခကို ကျပ် ၅၀၀၀ ပဲကောက်ခံမှာဖြစ်ပါတယ်။ သက်တမ်းရှိတဲ့ယာဉ်ဆိုရင် ကား လာစရာမလိုပါဘူး။ ယာဉ်ပိုင်ရှင်ရဲ့ မှတ်ပုံတင်လိုမယ်၊ သန်းခေါင်စာရင်းလိုမယ်၊ ရပ်ကွက်ထောက်ခံစာလိုမယ်၊ ပြည်တွင်းအခွန်ဦးစီးဌာနရဲ့ အခွန်ပုံစံ ၁ အခွန်စိမ်းစာရွက်လိုမယ်၊ ယာဉ်ပိုင်ရှင်ရဲ့ ခံဝန်ချက်လိုပါမယ်။ ဒါတွေပြည့်စုံရင် ပိုင်ရှင်ကိုယ်တိုင်ဖြစ်ဖြစ် သန်းခေါင်စာရင်းဝင် တစ်ယောက်ယောက်ဖြစ်ဖြစ်လာရင် ဆောင်ရွက် ပေးမှာ ဖြစ်ပါတယ်။ နေ့ချင်းပြီးဆောင်ရွက်ပေးဖို့ စီစဉ်ထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ဝန်ထမ်းအင်အားနဲ့ လုပ်ငန်းပမာဏ မမျှပေမဲ့  အတတ်နိုင်ဆုံးကြိုးစားပြီး အမြန်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမှာပါ ”
ဟု ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး  ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်မှ ပြောကြားခဲ့သည်။

မြင်သာ ကညန ရုံးတွင် တစ်ရက်လျှင် ပျဉ်းမျှယာဉ်စီးရေ ၃၀၀ ခန့် လာရောက် သက်တမ်းတိုး ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာလတွင်မူ တစ်ရက်လျှင် ယာဉ်စီးရေ ၄၀၀ ခန့်သို့ တိုးတက်လာခဲ့ကြောင်း၊ ရန်ကုန်တိုင်းတစ်တိုင်းလုံးတွင် တစ်ရက်လျှင် ယာဉ်စီးရေ ၆၀၀ ခန့် လာရောက်သက်တမ်းတိုးဆောင်ရွက်လျက်ရှိကာ အဆိုပါပမာဏတွင် ယာဉ်စီးရေ ၁၀၀ ခန့်မှာ ပိုင်ရှင်ကိုယ်တိုင်လာရောက်ဆောင်ရွက်ပြီး ကျန်၅၀၀ ခန့်မှာ ကိုယ်စားလှယ်ဆောင်ရွက်လျက်ရှိသောကြောင့် ယာဉ်စီးရေ၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းသာ ပိုင်ရှင်အမည်ပေါက်မှန်ကန်မည်ဟု အကြမ်းဖျဉ်း ခန့်မှန်းထားကြောင်း ကညန တိုင်းညွှန်မှူးမှ ပြောကြားခဲ့သည်။