Breaking

October 25, 2019

တိမ်ညိုကယ်ဆယ်ရေးစခန်းနဲ့ ဆေးရုံကို တပ်မတော် ဝင်စစ် ၊ဒုက္ခသည်များ ထွက်ပြေး

 ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက စစ်ဘေးရှောင်ဒုက္ခသည် ထောင်နဲ့ချီခိုလှုံနေကြတဲ့ တိမ်ညိုကျေးရွာ ဒုက္ခသည်စခန်းနဲ့ တိုက်နယ်ဆေးရုံကို အောက်တိုဘာ ၂၄ရက်နေ့လယ်ပိုင်းမှာ တပ်မတော်က ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။
အဲ့ဒီလို တပ်မတော်က ဝင်ရောက်စစ်ဆေးခဲ့တဲ့အတွက် ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ တပ်မတော်ရဲ့ ဖမ်းဆီးစစ်ဆေးမှုတွေ ခံရမှာကိုစိုးရိမ်ပြီးတော့ ထွက်ပြေးသွားခဲ့ကြရတယ်လို့ ထွက်ပြေးနေသူတွေက ပြောပါတယ်။
ဒါ့အပြင် တိမ်ညိုတိုက်နယ်ဆေးရုံမှာလည်း ဆေးကုသမှုခံယူနေတဲ့ လူနာတွေကို ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ပြီး ဆေးမှတ်တမ်းတွေကို တောင်းယူသွားခဲ့တယ်လို့ ဆေးရုံနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
အခုလိုမျိုး စစ်ဆေးမှုတွေပြုလုပ်ရတာဟာ ရက္ခိုင့်တပ်တော် အေအေကနေပြီးတော့ အရပ်သားတွေ အဖြစ်နဲ့ တိမ်ညိုဆေးရုံမှာ ဆေးကုသမှုခံယူနေသူတွေရှိနေသလို ဒုက္ခသည်စခန်း မှာလည်း ရောက်ရှိနေပြီး အဲ့ဒီစခန်းက ရိက္ခာတွေကို သူတို့အတွက် အသုံးပြုမှုတွေ ရှိနေတာကြောင့် စစ်ဆေးရတာဖြစ်တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောခွင့်ရ ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဘီဘီစီကို အတည်ပြု ပြောကြားခဲ့ပါတယ်။
"တိမ်ညိုစခန်းနဲ့ဆေးရုံကို ဝင်စစ်တယ်ဆိုတာကတော့ လိုအပ်လို့ရှိရင်တော့ ဖြစ်မှာပဲလေ။ အခုက အေအေကနေပြီးတော့ ရိက္ခာတွေ ဆိုလို့ရှိရင်လည်း တိမ်ညိုစခန်းကနေပြီးတော့ ရနေတာတွေ ကျွန်တော်တို့သတင်းတွေရတယ်။ နောက်ပြီးတော့လည်း ဒဏ်ရာရတဲ့အဖွဲ့တွေ ဆိုလို့ရှိရင်လည်း တိုက်ပွဲရှောင်စခန်းမှာနေပြီးတော့မှ ဆေးကုသနေတယ်လို့ သတင်းတွေ ရနေတယ်။ အဲ့ဒါကြောင့်မို့လို့ လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်နေတာဖြစ်တယ်"လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
လောလောဆယ်မှာတော့ တပ်မတော်က ဝင်ရောက်စစ်ဆေးတဲ့အခါမှာ သတင်းတွေ ရရှိထားတဲ့အတွက် ရှောင်နေတာတွေရှိ သလို သူတို့အချင်းချင်း ထုတ်ဖော်ပြောဆို တာတွေလည်းရှိတာကြောင့် သံသယရှိသူတွေကို မတွေ့ရှိခဲ့ဘူးလို့ ဆိုပါတယ်။
တိမ်ညိုဒုက္ခသည်စခန်းကို ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်မယ်ဆိုပြီးတော့ အောက်တိုဘာလ၂၄ ရက် မနက်ပိုင်းက တိမ်ညိုကျေးရွာ အုပ်ချုပ် ရေးမှူးကို ရဲစခန်းကိုခေါ်ယူပြီးတော့ ရဲစခန်းမှူးနဲ့ တပ်ရင်းမှူးတို့က အကြောင်းကြားပြီးဖြစ်တယ်လို့ စခန်းတာဝန်ရှိသူ တစ်ဦးကဆိုပါတယ်။
ဒေသခံတွေအနေနဲ့ အေအေဘက်က ဝင်ရောက်လာခဲ့တဲ့အခါမှာ ကြောက်ရွံ့ထွက်ပြေး တာတွေမရှိဘဲ တရားဝင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ တပ်မတော်စစ်ကြောင်းတွေကို ကြောက်ရွံ့ ထွက်ပြေးနေတယ်ဆိုတာဟာ သတင်းလွှင့်ချင်တဲ့အတွက်ကြောင့် အခုလိုလုပ်ကြတာလို့ သုံးသပ်ကြောင်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးကပြောပါတယ်။




အောက်တိုဘာ ၂၄ရက်နေ့ မွန်းလွဲ ၁ နာရီကျော်လောက်မှာ တပ်မတော်စစ်ကြောင်းက တိမ်ညိုကယ်ဆယ်ရေးစခန်းကို စစ်ဆေးဖို့ဝင်ရောက်လာခဲ့ပြီး စခန်းနဲ့ ကပ်လျက်တည်ရှိတဲ့ တိမ်ညိုတိုက်နယ်ဆေးရုံကိုလည်း တပြိုင်နက်တည်းမှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
"စခန်းကိုဝင်စစ်တယ်ဆိုတော့ ယောက်ျားတွေက အကုန်လုံးထွက်ပြေးတာပေါ့။ မိန်းမတွေပဲ ကျန်ခဲ့တယ်။ ကြောက်တယ်ဆိုတာကလည်း ကျွန်တော်တို့ အောက်သကန်ရွာကို ဝင်စစ်တုန်းကလည်း ဒီလိုပဲ ခံခဲ့ရတာ။ တစ်ရွာလုံးကိုဝိုင်းပြီးတော့ ရွာကလည်း အပြစ်မရှိတဲ့ပြည်သူတွေကို ဖမ်းသွားတယ်။ အခုလည်း ကျွန်တော်တို့ကို ဖမ်းမှာလားဆိုပြီးတော့ ထွက်ပြေးနေကြတာပါ။"လို့ အမည်မဖော်လိုတဲ့ ဒုက္ခသည်တစ်ဦးကပြောပါတယ်။
တိမ်ညိုဒုက္ခသည်စခန်းမှာ အိမ်ထောင်စုပေါင်း ၇၆၇ စုရှိပြီး လူဦးရေ ၂၃၇၆ ဦးရှိနေပြီး အောက်သကန်၊ လက္ကာ၊ ဗူးရွက်မညိုး၊ ပေါက်ပင်ကွင်း၊ ပေါက်တောပြင်၊ ဝေသာလီ၊ ပြိုင်းတောင်ချေ၊ ခူလှိုင် စတဲ့ကျေးရွာပေါင်း ၁၂ ရွာက ဒုက္ခသည်တွေနေထိုင်နေကြတဲ့ စခန်းတစ်ခုလည်းဖြစ်ပါတယ်။
တိမ်ညိုစခန်းဟာ မြောက်ဦးမြို့နယ်အတွင်းမှာ အကြီးဆုံးစခန်းတစ်ခုဖြစ်ပြီး မြောက်ဦးမြို့နယ် မြောက်ပိုင်း ဒေသက ရခိုင်နဲ့ ခမီလူမျိုး စစ်ဘေးရှောင်ကျေးရွာသားတွေ စုပေါင်းနေထိုင် လျက်ရှိနေတာလည်းဖြစ်ပါတယ်။
"လက်နက်ကိုင်လို့ ဝင်လာရင်တော့ ကြောက်နေကြတာပေါ့။ စစ်ဖြစ်မယ်၊ မေးမြန်းခံရမယ်၊ အရိုက်ခံရမယ် အဲ့ဒါတွေကိုကြောက်ကြတာ။ ချိုချိုသာသာမဟုတ်တော့ ကြောက်တာပေါ့။ ဝင်စစ်မှာကိုလည်း မနက်က အုပ်ချုပ်ရေးမှူးကို ရဲစခန်းမှူးနဲ့ တပ်ရင်းမှူးက ခေါ်ပြီးတော့ ပြောထားတယ်။"လို့ စခန်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အခုလိုမျိုး တပ်မတော်စစ်ကြောင်းတွေက ဒုက္ခသည်စခန်းတွေကို ထပ်မံပြီးတော့ ဝင်ရောက် စစ်ဆေးမှုတွေ ပြုလုပ်လာမှာကိုလည်း ဒုက္ခသည်တွေအနေနဲ့ စိုးရိမ်မှုတွေရှိနေကြတာ ဖြစ်ပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.