Breaking

October 31, 2019

IS ခေါင်းဆောင်အား သုတ်သင်နိုင်မှု၏ နောက်ကွယ်မှ စိတ်၀င်စားဖွယ်ရာများ

အောက်တိုဘာ ၃၀၊ ၂၀၁၉

-IS အကြမ်းဖက်အဖွဲ့ရဲ့ခေါင်းဆောင် အဘူ ဘာကာ အလ်-ဘဂ္ဂဒါဒီကို အမေရိကန်က အထူးစစ်ဆင်ရေးတစ်ရပ်နဲ့ စနေနေ့မှာ သုတ်သင်ရှင်းလင်းနိုင်ခဲ့ပါတယ်။
၂၀၁၄ ခုနှစ်မှာ အီရတ်နဲ့ ဆီးရီးယားတို့က နယ်မြေအများအပြားကို သိမ်းယူပြီးနောက်ပိုင်း ဘဂ္ဂဒါဒီဟာ ဘုန်းမီးနေလ တောက်ခဲ့ပြီး သူ့ကိုယ်သူ မွတ်စလင်အားလုံးရဲ့ ခေါင်းဆောင် ‘ခလီဖာ’ အဖြစ် ကြေငြာခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ IS အဖွဲ့ရဲ့ နယ်မြေတွေ တစ်စတစ်စ ကျဉ်းမြောင်းလာခဲ့ပြီး ဘဂ္ဂဒါဒီတစ်ယောက်လည်း ပုန်းရှိုးကွယ်ရှိုးနဲ့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။ အရင်က ဘဂ္ဂဒါဒီ သေဆုံးသွားပြီလို့ ကောလဟလ သတင်းတွေလည်း ထွက်ခဲ့ဖူးပါတယ်။
အောက်တိုဘာ ၂၆ ရက်နေ့မှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဘဂ္ဂဒါဒီဟာ ဆီးရီးယားနိုင်ငံ အီဒလစ်မြို့က အမေရိကန်အထူးတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးအတွင်း ကိုယ့်ကိုကိုယ် ဗုံးခွဲသတ်သေသွားတယ်လို့ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
ဘဂ္ဂဒါဒီနေထိုင်ရာနေရာ အတိအကျကို သိရဖို့အတွက် အမေရိကန်ဟာ အီရတ်၊ ဆီးရီးယား၊ တူရကီ၊ ရုရှား စတဲ့ နိုင်ငံတွေရဲ့ အကူအညီကို ယူခဲ့ရသလို၊ ဆီးရီးယားက လက်နက်ကိုင်တွေ အထူးသဖြင့် ကာ့ဒ်တပ်ဖွဲ့ဦးဆောင်တဲ့ SDF ရဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်တွေကို အဓိက အားထားခဲ့ရပါတယ်။
အတွင်းခံဘောင်းဘီကို DNA စစ်ခဲ့
စစ်ဆင်ရေးမတိုင်ခင်မှာ ဘဂ္ဂဒါဒီမှန်း သေချာစေဖို့အတွက် သူ့ရဲ့ အတွင်းခံဘောင်းဘီကို ရအောင်ယူဆောင်ကာ DNA စစ်ဆေးခဲ့တယ်လို့ ဆီးရီးယားက ကာ့ဒ်တပ်ဖွဲ့ ဦးဆောင်တဲ့ ဆီးရီးယား လက်နက်ကိုင် အဖွဲ့ SDF က အကြီးတန်း အကြံပေး ပိုလတ်ကန်က ပြောပါတယ်။
IS ခေါင်းဆောင်ကို သုတ်သင်နိုင်မှုမှာ ကာ့ဒ်တပ်ဖွဲ့ကပေးအပ်တဲ့ သတင်းအချက်အလက်တွေဟာ တော်တော်လေး အထေက်အကူ ဖြစ်ခဲ့တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင် ထုတ်ဖော် ပြောဆို ထားပါတယ်။
ပိုလတ်ကန်က ဘဂ္ဂဒါဒီကို ရှာဖွေနိုင်ရေး SDF ဟာ မေလ ၁၅ ရက်နေ့ကတည်းက CIA နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဆီးရီးယားနိုင်ငံအရှေ့ပိုင်း ဒီရ် အက်ဇိုရ်ကနေ အီဒလစ်ပြည်နယ် ရွှေ့ပြောင်းသွားမှုကို အတည်ပြုနိုင်ခဲ့တယ်လို့ Twitter စာမျက်နှာမှာ ထုတ်ဖော် ရေးသားခဲ့ပါတယ်။
ဘဂ္ဂါဒီအမှန်တကယ်ဖြစ်တယ်ဆိုတာ သေချာရေး DNA စစ်ဆေးဖို့အတွက် သူ့ရဲ့အတွင်းခံကို ရအောင်ယူပေးတာ၊ နေထိုင်တဲ့နေရာ အတိအကျကို ရှာဖွေကာ ကိုဩဒိနတ်တွေပေးတာ၊ ကန်အထူး တပ်ဖွဲ့ဝင်တွေ ရဟတ်ယာဉ်နဲ့ ဆင်းရမယ့်နေရာကို သတ်မှတ်ပေးတာ‌ စတာတွေကို မိမိတို့အဖွဲ့က လုပ်ပေးတာဖြစ်ပြီး စစ်ဆင်ရေး နောက်ဆုံးမိနစ်အထိ မိမိတို့ ပါဝင်ခဲ့တယ်လို့လည်းက ပိုလတ်ကန်က ဆိုပါတယ်။
ဘဂ္ဂဒါဒီကို အီဒလစ်ကနေ ဂျာရာဘလက်စ်မြို့ကို ပြောင်းရွှေ့မယ့်ဆဲဆဲမှာ သုတ်သင်ရှင်းလင်း နိုင်ခဲ့တာဖြစ်ပါတယ်။
စစ်ဆင်ရေးတွေ ရွှေ့ဆိုင်းခဲ့ရ
ဘဂ္ဂဒါဒီ နောက်ဆုံးပုန်းအောင်းခဲ့သည့်နေရာ
စစ်ဆင်ရေးလုပ်တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ မတိုင်ခင် ၂ ပတ်အလို ကတည်းကဘဂ္ဂဒါဒီကို ခြေရာခံမိနေ တာဖြစ်ပါတယ်။
ခြေရာခံမိပြီးနောက်ပိုင်း ဝင်ရောက်စီးနင်းမယ့် စစ်ဆင်ရေး အနည်ဆုံး ၂ ခုကနေ ၃ ခုလောက်အထိ စီစဉ်ခဲ့ပေမယ့် ဘဂ္ဂဒါဒီက မကြာခဏ နေရာရွှေ့ပြောင်းနေထိုင်တာကြောင့် စစ်ဆင်ရေးတွေကို ရွှေ့ဆိုင်းခဲ့ရတယ်လို့ သမ္မတထရမ့်က ပြောကြားခဲ့ပါတယ်။
အီဒလစ်မြို့ကို ဘဂ္ဂဒါဒီ ပြောင်းရွှေ့သွားတာဟာ IS အဖွဲ့ကို ပြန်လည်ဖွဲ့စည်းဖို့ ဖြစ်တယ်လို့ ထောက်လှမ်းရေး သတင်းတွေက ဆိုပါတယ်။
စစ်ဆင်ရေးမှာ အမေရိကန်တပ်ဖွဲ့တွေဟာ ရဟတ်ယာဉ် ၈ စီး အသုံးပြုခဲ့ရပြီး ကွန်မန်ဒိုတွေဟာလည်း အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ ဘဂ္ဂဒါဒီနေထိုင်ရာ အဆောက်အဦးအတွင်း ဝင်ရောက်ရာမှာတော့ မူလ တံခါးမကြီးက မဝင်ဘဲ နံရံကို ဖောက်ခွဲကာ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပေမယ့် အမေရိကန်တပ်ဖွဲ့ဝင်တွေ ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ပါဘူး။
ဘဂ္ဂဒါဒီတစ်ယောက် ဆီးရီးယားမှာ တစ်ရွာကနေတစ်ရွာ ရွှေ့ပြောင်းနေထိုင်‌နေတာကို လွန်ခဲ့တဲ့ တစ်နှစ်နီးပါးက အတည်ပြုနိုင်ခဲ့ပြီး နေရာအတိကျကိုတော့ အီရတ်အာဏာပိုင်တွေရဲ့ အကူအညီနဲ့ ပြီးခဲ့တဲ့ ၅ လအရင်က ဂြိုဟ်တုတွေ၊ ဒရုန်းတွေနဲ့ ထောက်လှမ်း ကြည့်ရှုနိုင်ခဲ့ပါတယ်။
အနီးကပ်အကြံပေးက သတင်းပေး
ဘဂ္ဂဒါဒီကို ဖမ်းဆီးနိုင်ရေး ကြိုးပမ်းမှုမှာ အနီးကပ်အကြံပေး အစ္စမာအီလ် အလ်-အီသာဝီထံကနေ ရရှိခဲ့တဲ့ သတင်းတွေက အလွန်အရေးပါခဲ့တယ်လို့ အီရတ်အာဏာပိုင်တွေက ပြောပါတယ်။
အလ်-အီသာဝီကို တူရကီက ဖမ်းဆီးကာ အီရတ်ကို လွှဲ‌ပြောင်းပေးခဲ့တာပါ။ ဘဂ္ဂဒါဒီရဲ့ သွားလာ လှုပ်ရှားမှုတွေ၊ တိမ်းရှောင်နေထိုင်ရာနေရာတွေနဲ့ပတ်သက်ပြီး အီရတ်အာဏာပိုင်တွေ လိုအပ်နေတဲ့ ကွက်လပ်ကို အီသာဝီထံကရရှိတဲ့ သတင်းအချက်အလက်တွေနဲ့ ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။
ဘဂ္ဂဒါဒီဟာ အသီးအရွက်တွေတင်ပြီး မောင်းနေတဲ့ မီနီဘတ်စ်ကားထဲမှာ တပ်မှူးတွေနဲ့ အစည်းအဝေး လုပ်တာ၊ သူအပါအဝင် ဘဂ္ဂဒါဒီရဲ့ ထိပ်တန်းအကြံပေး ၅ ဦးအကြောင်း အသေးစိတ်၊ ဆီးရီးယားမှာ အစည်းအဝေးလုပ်တဲ့အခါ အသုံးပြုတဲ့နေရာတွေ စတဲ့အချက်အလက်တွေကိုလည်း အီသာဝီက ဖွင့်ပြောခဲ့ပါတယ်။
ဆက်ခံမယ်သူလည်း သေပြီ
အီဒလစ်မှာ ဘဂ္ဂဒါဒီကို သုတ်သင်တဲ့ စစ်ဆင်ရေးအတွင်း သူ့ရဲ့ အနီးကပ်လူယုံတွေ၊ တပ်မှူးတွေကိုလည်း ရှင်းလင်းနိုင်ခဲ့သလို ဆီးရီးယားက အခြားနေရာတွေမှာလည်း IS အဖွဲ့က ထိပ်တန်းခေါင်းဆောင်တွေကို သုတ်သင်နိုင်ခဲ့ပါတယ်။
ဘဂ္ဂဒါဒီသေဆုံးအပြီး တစ်ရက်အကြာ အောက်တိုဘာ ၂၆ ရက်နေ့က ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း သူ့ရဲ့ ညာလက်ရုံးဖြစ်သူ အဘူ အလ်-ဟာဆန် အလ်-မူဟာဂျီကို သုတ်သင်နိုင်ခဲ့ပါတယ်။ မူဟာဂျီဟာ ဘဂ္ဂဒါဒီရဲ့နေရာကို ဆက်ခံမယ့်သူအဖြစ် နာမည်ကြီးနေသူ ဖြစ်ပါတယ်။
ဘဂ္ဂဒါဒီကို သုတ်သင်ရှင်းလင်းတဲ့ ဗီဒီယိုက တစ်စိတ်တစ်ပိုင်းကို ထုတ်ပြန်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစောပိုင်းမှာ ပြောခဲ့ပေမယ့် အမေရိကန် စစ်ဦးစီးအရာရှိချုပ်များအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ် မိုက်မီလီက လက်ရှိမှာတော့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေကို ထုတ်ပြမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
ဗုံးခွဲသေဆုံးမှုကြောင့် ဘဂ္ဂဒါဒီရဲ့ ခန္ဓာကိုယ်ဟာ အပိုင်းပိုင်းပြတ်သွားခဲ့ပြီး အဲဒီရုပ်ကြွင်းတွေကို ရေချသင်္ဂြိုဟ်လိုက်တယ်လို့ အမေရိကန်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.