Breaking

October 31, 2019

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ICC လုပ်ဆောင်နိုင်မယ့် အလားအလာ

၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာလုံခြုံရေး တပ်တွေရဲ့ နယ်မြေရှင်း လင်းရေးအတွင်း အဆိုးရွားဆုံး ကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်တခုအဖြစ် စွပ်စွဲခံထားရတဲ့ တူလာတူလီ (Tula Toli) ရိုဟင်ဂျာရွာလုံး ကျွတ် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုမှာ အသက်မသေဘဲ လွတ်မြောက်လာသူတွေထဲက ၈၆ ဦးကနေ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို အောက်တိုဘာလ နှောင်းပိုင်းက အမှုလျှောက်ထား တင်သွင်းခဲ့ကြောင်း ICC ခုံရုံးက အများပြည်သူသိအောင် ထုတ်ပြန်ထားပါတယ်။
ICC ခုံရုံးမှာ သဘောတူ လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ICC အနေနဲ့ အခုလို တရားစီရင်ရေး ဆောင်ရွက်မယ့် အလားအလာ၊ အကျိုးသက်ရောက်မှု ရှိမရှိ စတာတွေနဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

တူလာတူလီရွာမှာ မြန်မာတပ်မတော်ရဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ICC Pre-Trial Chamber III တရားရုံးမတင်ခင် ကြိုတင်စစ်ဆေးမယ့် တရားသူကြီးအဖွဲ အနေနဲ့ စုံစမ်းစစ်ဆေးဖို့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာကြတဲ့ အဲဒီ ရွာသူရွာသားတွေက အကျိုးဆောင် ရှေ့နေတွေက တဆင့် အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ တူလာတူလီက ရွာသူရွာသား အားလုံးဟာ ICC ခုံရုံးပြဌာန်းချက် ၁၅ (၃) အရ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေကို ကြုံတွေ့ခံစားခဲ့ရသူတွေ ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီသလို၊ နေရပ်ကနေ အတင်းအကျပ် မောင်းထုတ်ခံရသူတွေ ဖြစ်တဲ့ အတွက် အခုလို ICC ခုံရုံးမှာ တိုက်ရိုက် အမှုဖွင့် တိုင်ကြားခွင့်ရတာဖြစ်ကြောင်း ICC ရဲ့ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
အဲဒီတိုင်ကြားသူတွေထဲမှာ မြန်မာစစ်တပ်ရဲ့ သတ်ဖြတ်၊ လုယက်၊ အတင်းအဓ္ဓမ ပြုကျင့်မှု၊ မီးရှို့ဖျက်စီးမှု တွေကို ကိုယ်တိုင် ကြုံတွေခံစားခဲ့ရတဲ့ အမျိုးသမီး ၄၅ ဦး၊ အမျိုးသား ၃၂ ဦး၊ မိန်းကလေး ၆ ဦး၊ ယောကျ်ားလေး ၃ ဦးတို့ ပါဝင်ပါတယ်။

အခုလို ကိုယ်တိုင်ကြုံတွေ ခံစားခဲ့ရသူတွေ ကနေ ICC ခုံရုံးမှာ အမှုဖွင့် တိုင်ကြားခဲ့တဲ့အပေါ် နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာ တာဝန်ခံ Brad Adams က သူ့ရဲ့အမြင်ကို အခုလို ပြောပါတယ်။

" ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံး အနေနဲ့ မြန်မာစစ်တပ်ရဲ့ ရက်ရက်စက်စက် ကျူးလွန်တဲ့ အမှုကို ရှာနေတာပါ။ အခု တူလာတူလီ အမှုဆိုရင် ICC ရှေ့နေချုပ်အနေနဲ့ ဖြစ်နိုင်သမျှ သက်သေ အထောက်အထား အားလုံးကို သုံးသပ်အကဲဖြတ်ဖို့ ဆက်လက်လုပ်ဆောင်စေမှာ ဖြစ်ပါတယ်။ တူလာတူလီ ရွာလုံးကျွတ် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ရင် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီး အနေနဲ့ ကိုယ်တိုင် စုံစမ်းစစ်ဆေးပြီး ထုတ်ပြန်ထားတဲ့ အစီရင်ခံစာကို ICC ကို တင်သွင်းထားပါတယ်။"

မအင်ကြင်းနိုင် ။ ။ ဒါဆိုရင် ICC မှာ လက်မှတ် မထိုးထားတဲ့ မြန်မာနိုင်ငံကို ICC ဘက်က ခိုင်မာတဲ့ အထောက်အထားတွေ့လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ခုံရုံးမှာ အမှုရင်ဆိုင်ဖို့ ခေါ်ယူနိုင်တဲ့ နည်းဥပဒေ ရှိလားရှင့်။ တကယ်လို့ မရှိရင်ရော ICC က ရိုဟင်ဂျာ အရေး ကိုင်တွယ်မှုဟာ ပြရုပ်သင်္ကေတ သက်သက်ဖြစ်မလား။

Brad Adams။ ။ တကယ်လို့ ICC က အမှုကို ကိုင်တွယ်ပြီးဆိုရင် တရားသူကြီးတွေအတွက် မေးခွန်းထုတ်စရာ ရှိတာက သူတို့အနေနဲ့ တရားစီရင်ပိုင်ခွင့် ဘယ်လောက်ရှိသလဲ ဆိုတာပါ။ တကယ်လို့ သူတို့မှာ တရားစီရင်ပိုင်ခွင့် ရှိမယ်ဆိုရင် ICC အနေနဲ့ အမှုကို ကြားနာစစ်ဆေးပြီး၊ ICC တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်ဟာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံး မဖြစ်မနေလိုက်နာရမှာပါ။ ဒါကြောင့် ICC ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ တကမ္ဘာလုံးမှာ တာဝန်ရှိပါတယ်။
ဒါကြောင့် ပြရုပ်သပ်သပ်ပဲ ဆိုတာကတော့ လုံးဝမဟုတ်ပါဘူး။ ICC ခုံရုံးကိုင်တွယ်မှုက အရေးကြီးပါတယ်။ ဒါကြောင့်လည်း တရုတ်အစိုးရရဲ့ ကျောထောက်နောက်ခံမှုကို ယူပြီး မြန်မာအစိုးရက ICC ခုံရုံးပါဝင်မှုကို တားဆီးဖို့ ကြိုးပမ်းနေတာပါ။ ICC ခုံရုံးမှာ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်မှုနဲ့ ဥပဒေအတိုင်း မဖြစ်မနေ လိုက်နာရမယ်ဆိုတဲ့ ပြဌာန်းသတ်မှတ်ပိုင်ခွင့် ရှိနေတယ်ဆိုတာ မြန်မာအစိုးရက သိပါတယ်။ ဒါကြောင့် ICC ခုံရုံးပါဝင်မလာအောင် သူတို့ဘက်က အစွမ်းကုန်ကြိုးစားမှာပါ။

တူလာတူလီ အမှုမှာ မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ICC ခုံရုံးအနေနဲ့ စစ်ဆေးကိုင်တွယ်ဖို့ဆိုရင် အခက်အခဲတွေ အများကြီး ရှိနေတယ်လို့ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးကတော့ သုံးသပ်ပါတယ်။

" မှုခင်းဖြစ်ပျက်တဲ့ နေရာက ကျနော်တို့ မြန်မာနိုင်ငံ အတွင်းမှာ ဖြစ်တယ်။ နောက်ပြီးတော့ တခါ အိုးအိမ်တွေ ဖျက်စီးခံရတယ်၊ မီးရှို့ခံရတယ်၊ ဆိုတဲ့ ကိစ္စရပ်တွေကလည်း ကျနော်တို့ မြန်မာနိုင်ငံ အတွင်းမှာဘဲ ဖြစ်သွားခဲ့တာ။ အဲတော့ အဲဒီလို ဖြစ်သွားခဲ့တဲ့ တကယ့် အကြောင်းရင်းခံက ဘာလဲ ဆိုတာကို ဒီ စုံစမ်းစစ်ဆေးဖို့ တင်တဲ့စာထဲမှာ ပါမလာဘူး။ အဲတော့ ဘာကြောင့် ဒီလို အရေးအခင်းကြီး ဖြစ်သွားတာလဲ ဆိုတဲ့ အခြေခံ အချက်လည်း မရှိဘူး။
သူက ဖြစ်တယ် သတ်သွားတယ်။ နောက် အိမ်တွေ မီးရှိုှု့ခံရတယ်၊ ပစ္စည်းတွေ လုယက်ခံရတယ်၊ လူတွေ မုဒိမ်းကျင့်ခံရတယ်။ အဲဒါ ဘာကြောင့် ဖြစ်တယ်ဆိုတဲ့ အကြောင်းရင်း အခြေခံကို ရည်ညွှန်းထားတာ မတွေ့ရဘူး။ အဲတော့ အဲဒီ ဥစ္စာကို စုံစမ်းစစ်ဆေးဖို့ ဆိုတာကတော့ ကျနေ်ာတို့ ဗမာပြည် အစိုးရနဲ့ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်မှသာ အဆင်ပြေနိုင်မယ့် ကိစ္စရပ်မျိုး ဖြစ်တယ်။ အဲတော့ အဲဒီမှာ ဖိအားပေး တောင်းဆို တာမျိုး လောက်နဲ့တော့ ရမယ်လို့ ကျနော်တော့ မထင်ဘူး။ "

အခု ICC ကိုတင်သွင်းခဲ့တဲ့ တူလာတူလီ အမှုကိုကြည့်ရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး မြန်မာအစိုးရကို အတင်းအကျပ် ဖိအားပေးတဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့လည်း ဦးမင်းလွင်ဦး ကပြောပါတယ်။

ICC Pre-Trial Chamber III လို့ခေါ်တဲ့ တရားရုံးမတင်ခင် ကြိုတင်စစ်ဆေးမယ့် တရားသူကြီးအဖွဲ့က ဒီနှစ် ဇွန်လမှာ ခွင့်ပြုချက် ပေးလိုက်တဲ့အတွက် ICC ရှေ့နေချုပ်ရုံးက စတင်နေတဲ့ စုံစမ်းနေတဲ့ ပဏာမလုပ်ငန်းမှာ- ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာ ဖြစ်ခဲ့တဲ့ ၂၀၁၆ အောက်တိုဘာလ နောက်ပိုင်းနဲ့ တကျော့ပြန်ဖြစ်ခဲ့တဲ့ ၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့ နောက်ပိုင်း ကဖြစ်ရပ်တွေပဲ ဖြစ်ပါတယ်။
ရိုဟင်ဂျာအသုံးအနှုန်းကို အသိအမှတ်ပြု လက်ခံမထားတဲ့ မြန်မာအစိုးရဟာ ICC ရာဇဝတ်ခုံရုံးကို ဖွဲ့စည်းခဲ့တဲ့ Rome Statute စာချုပ်မှာ လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့အတွက် ဒုက္ခသည်တွေ လက်ခံထားတဲ့ စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ICC ခုံရုံးကနေ ပူးပေါင်း ဆောင်ရွက် နေတာ ဖြစ်ပါတယ်။ ICC ရှေ့နေချုပ်ရဲ့ အဓိက စွဲချက်ကတော့ - ၂၀၁၇ခုနှစ်က မြန်မာ စစ်တပ်နဲ့ လုံခြုံရေးတပ်တွေရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ရိုဟင်ဂျာ ၇၀၀၀၀၀ ကျော် ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ နယ်စပ်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.