Breaking

November 17, 2019

အိုင်စီဂျေမှာ မြန်မာကို တရားစွဲရတဲ့ အကြောင်း ဂမ်ဘီယာ ဝန်ကြီးနဲ့ ဘီဘီစီ အင်တာဗျူး

Abubakar Tambadou
Getty Images
အဘူဘာကာ တမ်ဘာဒူးဟာ ရဝမ်ဒါ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာ ခုံရုံးမှာ ရှေ့နေတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
ဂမ်ဘီယာက တရားရေး၀န်ကြီး နဲ့ ရှေ့နေချုပ် အဘူဘာကာ တမ်ဘာဒူးဟာ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ကို သွားပြီး နိုင်ငံတကာတရားရုံး (ICJ)မှာ ဂမ်ဘီယာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို တရားစွဲတဲ့သူ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် မြန်မာနိုင်ငံကို တရားစွဲတာပါ။
ဂမ်ဘီယာဟာ အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အဖွဲ့ဝင်ဖြစ်ပြီး အခုတရားစွဲတဲ့ ကိစ္စမှာ အိုအိုင်စီအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေနဲ့ တရားစွဲတာပါ။ အခုလိုတရားစွဲဆိုတာကို နိုင်ငံတကာရှေ့နေတချို့ရဲ့ ထောက်ခံအားပေးမှုလည်း ရထားတယ်လို့ ဆိုပါတယ်။
မစ္စတာ အဘူဘာကာ တမ်ဘာဒူးဟာ ၁၉၉၄ တုန်းက ဖြစ်ပွားခဲ့တဲ့ ရ၀မ်ဒါ လူမျိုးတုံးသတ်ဖြတ်မှုကိစ္စနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှာ ရှေ့နေတစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ အခု မြန်မာကို တရားစွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဂမ်ဘီယာ တရားရေးဝန်ကြီးကို ဘီဘီစီက မေးမြန်းထားပါတယ်။
ဘီဘီစီ။ ။မြန်မာကို နိုင်ငံတကာတရားရုံး (ICJ)မှာ ဘာကြောင့် တရားစွဲတာပါလဲ။
ဂမ်ဘီယာ ဝန်ကြီး။ ။ကျွန်တော်တို့က ICJ ကို တောင်းဆိုနေတာက မြန်မာနိုင်ငံဟာ သူ့နိုင်ငံသားတွေကို လူမျိုးတုံး သတ်မခံရအောင် အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တယ်ဆိုတာကို အသိအမှတ်ပြုဖို့ပါ။ ဘာကြောင့်လဲဆိုတော့ လူမျိုးတုံးသတ်ဖြတ်မှု ကွန်ဗင်းရှင်းအရ ကာကွယ်ဖို့ တာ၀န်ရှိပါတယ်။ မြန်မာဟာ ဂမ်ဘီယာလိုပဲ ဒီကွန်ဗင်းရှင်းမှာ လက်မှတ်ထိုးထားသလို အဖွဲ့ဝင်တိုင်းအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုမဖြစ်အောင် အကာအကွယ်ပေးဖို့ တာဝန်ရှိပါတယ်။
ဘီဘီစီ။ ။ဂမ်ဘီယာဆိုတဲ့ နိုင်ငံက ဘာကြောင့် တရားစွဲတာလဲဆိုပြီး မေးတဲ့သူတွေ ရှိပါတယ်။ အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နိုင်ငံတွေထဲမှာ တခြားနိုင်ငံတွေလည်း ရှိပါလျက်နဲ့ ဂမ်ဘီယာက ဘာကြောင့် တရားစွဲတာပါလဲ။
ဂမ်ဘီယာ ဝန်ကြီး။ ။ဒါကတော့ အကြောင်းအရင်း အမျိုးမျိုးရှိပါတယ်။ ပထမဆုံးကတော့ ကျွန်တော်တို့ဟာ OIC ရဲ့ တာ၀န်ခံမှုဆိုင်ရာ အရေးပေါ် ၀န်ကြီးများကော်မတီရဲ့ ဥက္ကဌဖြစ်ပါတယ်။ နောက်ပြီး ဂမ်ဘီယာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေကို အနှစ် ၂၀ လောက် ကြုံခဲ့ရတာကနေ ရုန်းထွက်နေတဲ့ နိုင်ငံပါ။
ကမ္ဘာကြီးကို ကျွန်တော်တို့ ရှင်းလင်းတဲ့ သတင်းစကားတစ်ခု ပေးချင်တယ်။ အဲဒါကတော့ ရက်စက်ကြမ်းကြုတ်မှုတွေကို ပြစ်တင်ရှုံ့ချဖို့ ကျွန်တော်တို့ဟာ စီးပွားရေး၊ စစ်ရေး အင်အားကြီးနိုင်ငံ ဖြစ်ဖို့ မလိုပါဘူး။
ဒီထက် ပိုအရေးကြီးတာက လူသားဆန်မှု ဖြစ်ပါတယ်။ အာဖရိကမှာပဲ ဖြစ်ဖြစ်၊ ကမ္ဘာ့ဘယ်နေရာပဲ ဖြစ်ဖြစ် ကျွန်တော်တို့မျက်စိရှေ့မှာတင် လူသားတွေ အခွင့်အရေး ချိုးဖောက်ခံနေရတယ်။ ဒါတွေကို မကာကွယ် မတားဆီးနိုင်တာက ကျွန်တော်တို့မျိုးဆက်အတွက် ရှက်စရာကောင်းပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းဟာ ၁၉၉၄ ရ၀မ်ဒါ လူမျိုးတုံးသတ်ဖြတ်မှုကိုလည်း မရပ်တန့်နိုင်ခဲ့ဘူး။ ဒါကြောင့် အခုလည်း ဂမ်ဘီယာဟာ ကိုယ့်ရဲ့ကျင့်ဝတ်စာရိတ္တပိုင်းအရ ထုတ်ဖော်ပြောရတာပါ။
နောက်တစ်ခုကတော့ ရဝမ်ဒါခုံရုံးမှာ ဆောင်ရွက်ခဲ့တဲ့ ကျွန်တော့်ရဲ့ ကိုယ်တွေ့ အတွေ့အကြုံကြောင့်လည်း အခုလို လုပ်ဖြစ်တာပါ။ ဘာလို့လဲဆိုတော့ ဘင်္ဂလားဒေ့ရှ်က ကော့စ်ဘဇားကို ကျွန်တော်ရောက်တော့ အရမ်းကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေကို ကြားခဲ့ရတယ်။ နှိပ်စက်မှု၊ သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ ကလေးတွေ မီးရှို့ခံရမှု စတာတွေ ကြားရတော့ ရဝမ်ဒါလူမျိုးတုံး သတ်ဖြတ်မှုကို ပြန်အမှတ်ရစေတယ်။
လူမျိုးတုံးသတ်ဖြတ်မှုအကြောင်း ကျွန်တော် ကောင်းကောင်းသိတယ်။ ကော့စ်ဘဇားက ဒုက္ခသည်တွေကို တွေ့ရတော့ အဲဒီနယ်စပ်အကျော် မြန်မာပြည်ဘက်ခြမ်းမှာ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ခဲ့နိုင်လောက်တဲ့ ပုံစံမျိုး တွေ့ရတယ်။
ICJ
Getty Images
နိုင်ငံတကာတရားရုံး (ICJ) ဟာ နိုင်ငံအချင်းချင်းကြား ဖြစ်တဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းပေးရတဲ့ ကုလသမဂ္ဂရဲ့ အဓိက တရားရေးအဖွဲ့အစည်းလည်း ဖြစ်ပါတယ်။
ဘီဘီစီ။ ။ရိုဟင်ဂျာ မွတ်ဆလင်တွေအကြောင်း ပြောနေပေမယ့် တစ်ဘက်မှာကျတော့ တခြားနိုင်ငံတကာက မွတ်ဆလင်ကိစ္စတွေ၊ ဥပမာ တရုတ်က ဝိဂါမွတ်ဆလင်တွေအကြောင်း ထုတ်ဖော်ပြောတာမျိုး မလုပ်ဘူးလို့ ထောက်ပြတာတွေ ရှိတယ်။ ဘာကြောင့် ရိုဟင်ဂျာအကြောင်းကိုပဲ ပြောတာလဲ။
ဂမ်ဘီယာ ဝန်ကြီး။ ။လောလောဆယ်တော့ ရိုဟင်ဂျာ ပြဿနာက အိုအိုင်စီရဲ့ အဓိကဆွေးနွေးစရာ ခေါင်းစဉ်တွေထဲမှာ ပါနေတယ်။ နောက်ပြီး ရိုဟင်ဂျာအကြောင်း အချက်အလက်ရှာဖွေရေးအဖွဲ့တွေ၊ စုံစမ်းမှုတွေ၊ အစီရင်ခံစာတွေ ရှိတယ်။ ကုလသမဂ္ဂကရော အိုအိုင်စီကပါ အစီရင်ခံစာတွေ ထုတ်ထားတယ်။ ဒီအစီရင်ခံစာတွေအပေါ် အခြေခံပြီး ဂမ်ဘီယာနဲ့ အိုအိုင်စီက အိုင်စီဂျေကို တင်တာပါ။
ဘီဘီစီ။ ။ဝန်ကြီးက အခု သည်ဟိတ်ဂ်ကို လာပြီး ICJ မှာ တင်တော့ ရှေ့ဆက် လုပ်ငန်းစဉ်က ဘာဖြစ်မလဲ။
ဂမ်ဘီယာ ဝန်ကြီး။ ။လူမျိုးတုံးသတ်ဖြတ်မှု ကွန်ဗင်းရှင်းအရ ကျွန်တော်တို့က အမှုတင်ရုံတင်မကပဲ ကနဦး အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့လည်း လျောက်ထားပါတယ်။ အဲဒါကတော့ အိုင်စီဂျေအနေနဲ့ အရေးတကြီး ဆောင်ရွက်ပေးဖို့ကတော့ ပြီးခဲ့တဲ့ သုံးလေးနှစ်အတွင်း အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ မြန်မာနိုင်ငံက စစ်ဆင်ရေးတွေ အားလုံးကို ရပ်တန့်ခိုင်းဖို့ပါ။ လက်ရှိ တိုက်ခိုက်မှုတွေ ရပ်တန့်အောင် တရားရုံးက ပြောဖို့ တောင်းဆိုပါတယ်။
ဘီဘီစီ။ ။လူအမြောက်အမြားအပေါ် သတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး မြန်မာဘက်ကလည်း အမြဲငြင်းပယ်ခဲ့တယ်။ ဒုက္ခသည်တွေကိုလည်း ပြန်လက်ခံမယ်လို့ ပြောထားပါတယ်။ အခု ဂမ်ဘီယာ တောင်းဆိုသလို မြန်မာဘက်က လုပ်ဆောင်ပါ့မလား။
ဂမ်ဘီယာ ဝန်ကြီး။ ။ဒါက မြန်မာအတွက် နိုင်ငံတကာရှေ့မှာ၊ ကုလသမဂ္ဂရဲ့ အဓိက တရားရေးအဖွဲ့တစ်ခုရှေ့မှာ ထွက်ပြဖို့ အခွင့်အရေးပါ။ မြန်မာအနေနဲ့ ကိုယ့်ဘက်က မှန်တယ်ထင်ရင် ကမ္ဘာက ယုံအောင် ချပြနိုင်တယ်။ မြန်မာဘက်ကတော့ ရိုဟင်ဂျာတွေ လုံလုံခြုံခြုံ သိက္ခာရှိရှိ ပြန်နိုင်အောင် လုပ်ဆောင်နေတယ်လို့တော့ ပြောတယ်။ မြန်မာအနေနဲ့ အပြောနဲ့အလုပ် ညီသလားဆိုတာကို ကမ္ဘာက ယုံဖို့ ခက်နေပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.