
Unicode
အောက်တိုဘာ ၂၉၊ ၂၀၁၉ Myanmar Muslim Media
အောက်တိုဘာ ၂၉၊ ၂၀၁၉ Myanmar Muslim Media
ဇင်းကျန်းပြည်နယ်က အစုလိုက်အပြုံလိုက်ထိန်းသိမ်းရေးစခန်းတွေနဲ့
အထူးကြီးကြပ်စောင့်ကြည့် မှုတွေဟာ တရုတ်နိုင်ငံကအွီဂါလူမျိုးစုတွေအပေါ်
သက်ရောက်မှုဖြစ်စေရုံတင် မကပဲ ပြည်ပကသူတွေကိုပါ သက်ရောက်မှု
တွေဖြစ်စေခဲ့ပါတယ်။
သြစတြေးလျအွီဂါအသိုင်အဝန်းကလူအများစုဟာ
တစ်စုံတစ်ယောက်ကိုဆုံးရှုံးနေကြရပါတယ်။ သူတို့ရဲ့ မိသားစု ဝင်တစ်ယောက်ယောက်ဟာ
ဇင်းကျန်းပြည်နယ်မှာပိတ်မိနေရင်နေ မဟုတ်ရင် ထိန်းသိမ်းခံရ
ထောင်ချခံနေရတယ်လို့ သူတို့အားလုံးကပြောကြပါတယ်။ အများအပြားဟာ
အဲဒီမှာရှိနေတဲ့သူတို့ ရဲ့ဆွေမျိုးသားချင်းတွေအတွက်
စိုးရိမ်ပြီးတိတ်ဆိတ်နေရပါတယ်။ ဒါပေမယ့်အခုအခါမှာတော့
မျှော်လင့်ချက်မဲ့တဲ့ အခြေအနေတွေကြောင့် သူတို့ဟာဒီအကြောင်းအရာတွေကို
လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမှုတွေလုပ်လာခဲ့ပြီဖြစ်ပါတယ်။
“ကျွန်တော့်ရဲ့အစ်ကိုကြီး ညီငယ်လေးတွေနဲ့
ညီမလေးနှစ်ယောက်စုစုပေါင်းမောင်နှမ၅ယောက်ကို တရုတ်အစိုးရက ဖမ်းဆီးသွားပါတယ်”
လို့ နူးရ်မိုဟာမက်မဂျစ်က ဆိုပါတယ်။ မျက်နှာဖုံးစွပ်ထားတဲ့ရဲတွေ
လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ အထူးတပ်ဖွဲ့ဝင်တွေက
သူတို့အိမ်ကိုဝင်ရောက်စီးနင်းပြီး ကလေးတွေရှေ့မှာတင် လက်ထိပ်ခတ်
မျက်နှာတွေဖုံးပြီးခေါ်သွားခဲ့တာ လို့ဆိုပါတယ်။ ဟေရူလာဟ်မိုင် လို
သြစတြေးလျအွီဂါတစ်ချို့ဟာ ၂၀၁၇ခုနှစ်က
ဇင်းကျန်းပြည်နယ်ကဆွေမျိုးတွေဆီသွားရောက်လည်ပတ်စဉ်အတွင်း
သုံးပတ်လောက်ထိန်းသိမ်းခံခဲ့ရပါတယ်။ ဆဒမ်အဗ္ဗဒူဆာလာမူနဲ့ အလ်မက်စ်
နာဇာမီဒင်တို့လို တစ်ခြားသူတွေဟာလည်း သူတို့ရဲ့ဇနီးသည်တွေ
ကလေးငယ်တွေနဲ့ခွဲခံရပြီး သူတို့မိသားစုဝင်တွေဆီမပြန်နိုင်သလို
သူတို့ကိုသြစတြေးလျကိုဘေးကင်းအောင် ခေါ်လာဖို့တတ်နိုင်ခြင်းမရှိပါဘူး။
ဇင်းကျန်းပြည်နယ်မှာ အွီဂါလူမျိုးစုအများစုနေထိုင်နေကြတာဖြစ်ပေမယ့်
တစ်ခြားလူမျိုးစုငယ်တွေလည်းနေထိုင်ကြပါတယ်။ သူတို့တွေဟာ
ပြီးခဲ့တဲ့နှစ်တွေအတွင်း စနစ်တကျပိတ်လှောင်ခံခဲ့ရပြီး
သူတို့ရဲ့ပတ်စ်ပို့တွေ သိမ်းယူခံခဲ့ရသလို လူမျိုးဘာသာဖြည့်သွင်းဖို့အတွက်
အချက်အလက်တွေပေးခဲ့ရပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး
အွီဂါမွတ်စလင်တစ်သန်းကျော်တိုက်ရိုက်သက်ရောက်မှု
ခံရတယ်လို့ခန့်မှန်းထားပါတယ်။ ၂၀၁၈ သြဂုတ်လမှာ
တရုတ်အစိုးရအသစ်ရဲ့ပေါ်လစီတွေဟာ
ဒီဒေသကိုကြီးမားတဲ့ပြုပြင်ထိန်းသိမ်းရေးစခန်းအဖြစ်ပြောင်းလဲပြီး
လျှို့ဝှက်ထားတယ်ဆိုတဲ့ သတင်းတွေရရှိခဲ့တယ်လို့ ကုလသမဂ္ဂကော်မတီက
ပြောကြားခဲ့ပါတယ်။
တရုတ်အစိုးရကတော့ ဒီထိန်းသိမ်းရေးစခန်းတွေကို
ပညာပြန်လည်သင်ကြားရေးစင်တာတွေအဖြစ် ရည်ညွှန်းပြောဆိုပြီး
အွီဂါတွေဟာအဲဒီမှာပျော်ရွှင်နေတယ်ဆိုပြီး ဗီဒီယိုထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့်
ပြုပြင်ထိန်းသိမ်းရေးစခန်းတစ်ခုကိုလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေရိုက်ကူးထားတဲ့
ဗီဒီယိုထဲမှာ အကျဉ်းစခန်းတွေဟာ သံတိုင်အထပ်ထပ်နဲ့ကာထားပြီး
ကင်မရာတွေလည်းတပ်ဆင်ထားပါတယ်။ သူတို့ပြောတဲ့စာသင်ခန်းတွေကလည်း
သင်ကြားသူတွေနဲ့ ဆရာတွေနဲ့သီးခြားထားပြီး သံကြိုးတွေနဲ့ကာထားပါတယ်။
ဇင်းကျန်းပြည်နယ်မှာ ဒီလိုပုံစံမျိုးအဆောက်အဦး၁၀၀နီးပါးရှိနေတယ်လို့
ယခုအခါမှာ သုတေသီတွေကဖော်ထုတ်နိုင်ခဲ့ပါတယ်။
“သက်လတ်ပိုင်းအရွယ်တွေရာခိုင်နှုန်းအများအပြား
ထိန်းသိမ်းခံထားရတာရှင်းပါတယ်။ အထူးသဖြင့် အွီဂါတွေဟာ အသက်၁၈နှစ်ကနေ
၄၅နှစ်ကြားဖြစ်ကြပါတယ်။ သူတို့တွေဟာ
အကျဉ်းထောင်လိုထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးခံထားရပါတယ်”
လို့လူနည်းစုလူမျိုးစုတွေအပေါ် တရုတ်ရဲ့လုပ်ဆောင်ချက်တွေကိုသုတေသနပြုနေတဲ့
အက်ဒရီယန်ဇန့်ဇ်ကပြောကြားခဲ့ပါတယ်။
ဒါ့အပြင်ထိန်းသိမ်းခံထားရတဲ့အွီဂါတွေရဲ့ ကလေးငယ်တွေအတွက်စိုးရိမ်ပူပန်စရာ
အခြေအနေတွေလည်းရှိပါတယ်။ ဒီကလေးငယ်တွေကိုသူတို့ရဲ့အသိုင်းအဝန်းတွေကနေ
ဖယ်ရှားပြီး မိဘမဲ့ဂေဟာတွေ ဒါမှမဟုတ် ဘော်ဒါကျောင်းတွေကိုပို့ခံရပါတယ်။
“သူတို့တွေကအခြေခံကျတဲ့ အွီဂါယဉ်ကျေးမှုနဲ့
လူ့အဖွဲ့အစည်းရဲ့အမှတ်သင်္ကေတတွေကို
ရှင်းလင်းပစ်ဖို့လိုလားနေကြတာဖြစ်ပါတယ်။ သူတို့ကအဖွဲ့အစည်းတစ်ခုလုံးကို
ပြောင်းလဲပစ်ဖို့ကြိုးစားနေကြတာဖြစ်ပါတယ်”လို့ မနုသဗေဒပညာရှင်
ဒါရန်ဘိုင်လာက ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ အွီဂါတွေအပေါ်
နည်းပညာထောက်လှမ်းရေးတွေအသုံးချပြီး စောင့်ကြည့်မှုတွေလုပ်ဆောင်ခဲ့သလို
ဂြိုလ်တုပုံရိပ်ကနေရရှိထားတဲ့ သက်သေခံပုံရိပ်တွေအရ ဗလီတွေ
တစ်ခြားအွီဂါတွေရဲ့ယဉ်ကျေးမှုအမှတ်လက္ခဏာတွေနဲ့
အွီဂါတွေနေထိုင်ခဲ့ကြတဲ့ဧရိယာတွေကို
ဖျက်ဆီးဖြိုချမှုတွေလုပ်ဆောင်ခဲ့ကြပါတယ်။
လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ထွက်ဆိုချက်တွေ
ဂြိုလ်တုပုံရိပ်တွေကိုသုံးသပ်လေ့လာမှုတွေနဲ့
အွန်လိုင်းကနေရှာဖွေတွေ့ရှိခဲ့တဲ့ တရုတ်အစိုးရစာရွက်စာတမ်းတွေရဲ့
အချက်အလက်တွေအရ ဇင်းကျန်းပြည်နယ်အတွင်းမှာ အွီဂါမွတ်စလင်တွေနဲ့
တစ်ခြားလူနည်းစုလူမျိုးစုတွေအပေါ် ဘာသာရေး ယဉ်ကျေးမှုတွေဖိနှိပ်တဲ့
တရုတ်အစိုးရရဲ့ပေါ်လစီတွေကို မှတ်တမ်းဗီဒီယိုကနေ
စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ဒါဟာဒုတိယကမ္ဘာစစ်ပြီးကတည်းက လူမျိုးကိုအခြေခံပြီး
အကြီးမားဆုံးဖမ်းဆီးထိန်းသိမ်းမှုတွေလုပ်ဆောင်ထားတဲ့ဖြစ်ရပ်ဖြစ်တယ်လို့
သုတေသီတစ်ချို့ကယုံကြည်ထားပြီး ဒီအရေးကိုကမ္ဘာသိအောင်လုပ်ဆောင်သွားဖို့
စီစဉ်နေကြတာဖြစ်ပါတယ်။
Al Jazeera သတင်းဌာနပါ “Tell the World: The
Silent Plight of China’s Uighurs” အမည်ဖြင့်ဖော်ပြထားသည့်
သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က
မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.