Breaking

November 2, 2019

အန်အယ်လ်ဒီပါတီက နုတ်ထွက် လိုက်တဲ့ ပြည်သူ့ လွှတ်တော် အမတ် ဒေါက်တာ သက်သက်ခိုင်နဲ့ အင်တာဗျူး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ )ပါတီက လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သက်သက်ခိုင်ဟာ ပါတီကနေ နုတ်ထွက်လိုက်ပါတယ်။
သူဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကနေ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့တဲ့သူပါ။
အန်အယ်လ်ဒီ ပါတီက ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်းမှာ သူ့ကို ပါတီ တာဝန်ကနေ ရပ်ဆိုင်းထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း အောက်တိုဘာလ ၃၀ ရက်နေ့မှာတော့ အန်အယ်လ်ဒီ ပါတီကနေ သူနုတ်ထွက်ခွင့် ရရှိခဲ့ပြီ ဖြစ်ပါတယ်။
သူ နိုင်ငံရေးပါတီသစ်ထူထောင်ဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။
သူ့ရဲ့ပါတီအမည်ကို မပြောသေးပေမယ့် အဲဒီပါတီဟာ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဆိုတဲ့ သတင်းတွေ ထွက်ပါတယ်။
ဒေါက်တာ သက်သက်ခိုင်နဲ့ ဘီဘီစီ အင်တာဗျူး
ဘီဘီစီ - အန်အယ်လ်ဒီပါတီ ကနေ ဘာကြောင့် နုတ်ထွက်တာပါလဲ။
ဒေါက်တာ သက်သက်ခိုင် - ၂၀၁၅ (ရွေးကောက်ပွဲ)အောင်နိုင်ရေးကာလကတည်းက စလို့ ကျွန်မကို မီဒီယာနဲ့ စကားပြောလို့ဆိုပြီး ခေါ်ယူပြီးတော့ သတိပေးတာတွေ လုပ်တယ်ရှင့်၊ ထုချေလွှာတင်ပါတို့ ဘာတို့ အဲဒါတွေလည်း လုပ်တယ်ရှင့်၊ အဲဒါတော့ တောက်လျှောက်ပေါ့နော်၊ အဲဒီလို လုပ်ပြီးတော့ ၂၀၁၈ စက်တင်ဘာလကျတော့ ဗြုန်းစားကြီး စာရောက်လာပါတယ်ရှင့်၊ ဒေါ်သက်သက်ခိုင်ကို ပါတီတာဝန်က ရပ်နားတယ်ပေါ့နော်၊ ဟိုအကြောင်းပြချက်လည်း မရှိဘူး၊ ကျွန်မအနေနဲ့တော့ ဒါပါတီတွင်းမှာ ဥပဒေမဲ့လုပ်တာမျိုးလို့ မြင်တယ်၊ ၂၀၁၉ ထဲမှာ ကျွန်မ လွှတ်တော်အတွင်းမှာ တတိယအကြိမ် လွှတ်တော်အတွင်းမှာ အဆိုတင် တယ်ရှင့်၊ အဆိုတင်တဲ့အခါကျတော့ ပါတီကို အရင်ဖြတ်ရတာပေါ့နော်၊ ကျွန်မ ပါတီကို အရင်တင်ပါတယ်၊ ပါတီက ပြင်ခိုင်းတာကိုလည်း ကျွန်မပြင်ပါတယ်၊ ပြင်ပြီးတော့မှ ကျွန်မ လွှတ်တော်ကို တင်ပါတယ်၊ ထောက်ခံပေးမယ့်လူကျတော့၊ ဒေါ်သက်သက်ခိုင် အဆိုကို ထောက်ခံလို့ရှိရင် ပါတီကနေထုတ်မယ်လို့ ပြောပါတယ်ရှင့်၊ ပြီးတော့ ပါတီတွင်းမှာလည်း ၂၀၂၀ အတွက်(ရွေးကောက်ခံအမတ် ရွေးမယ်) ဆိုရင် ဘယ်သူ့ကို ထည့်မယ် ဘယ်သူ့ကို မထည့်ဘူး၊ အဲဒါတွေ တိုးတိုးတိတ်တိတ်တွေ ထွက်တာပေါ့၊ ကျွန်မတို့ ဒဂုံမြို့နယ်မှာ ၄ ယောက်ရှိတာ၊ တယောက်ပဲပြန်ပါမယ်ဆိုတာလည်း ကြားရတယ်။
ဆိုတော့ ထွက်ရခြင်းအကြောင်းရင်းက ၃ ချက်ပါ၊ နံပါတ် ၁ က ကျတော့ ဒီမိုကရေစီနဲ့မညီတဲ့ ကန့်သတ်မှုတွေ ကျွန်မကိုလုပ်တယ်၊ နံပါတ် ၂ က ကျတော့ လွှတ်တော် ကိုယ်စားလှယ် တယောက်ရဲ့ အခွင့်အရေးကို ကန့်သတ်ဖို့ကြိုးစားတယ်၊ ပြီးတော့ နံပါတ် ၃ က ကျတော့ ၂၀၂၀ (ရွေးကောက်ပွဲအတွက်)မှာလည်း ကျွန်မကို ထည့်တော့မှာမဟုတ်ဘူး ဆိုတဲ့အခါကျတော့ ကျွန်မ အန်အယ်ဒီက နုတ်ထွက်တာဖြစ်ပါတယ်ရှင့်၊
အဓိက ကျွန်မဘာလို့နုတ်ထွက်ရလဲ ဆိုလို့ရှိရင် ကျွန်မ လွတ်လွတ်လပ်လပ်နဲ့ လုပ်မယ်ဆိုရင် ကျွန်မ ဒီထက်ပိုပြီးတော့မှ အလုပ်တွေအများကြီးလုပ်နိုင်သေးတယ်လို့လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့အတွက် အခုလို နုတ်ထွက်တာ ဖြစ်ပါတယ်ရှင့်။
ဘီဘီစီ - အဲဒီကိစ္စတွေဖြစ်ခဲ့တုန်းက ဘာဖြစ်လို့မပြောခဲ့ပဲ ဒါတွေဘာဖြစ်လို့ အခုမှထုတ်ပြော ရတာ ပါလဲ။
ဒေါက်တာ သက်သက်ခိုင် - ပြောခဲ့တာတွေလည်း ရှိတာတွေတော့ ရှိပါတယ်၊ အဓိကကတော့ ပါတီနဲ့ ကျွန်မ ပြဿနာမဖြစ်ချင်ဘူး၊ ကြိုးစားပြီးတော့ သည်းညည်းခံပြီးကျွန်မ နေခဲ့တယ်၊ ခေါ်ရင်လည်း သွားတာပဲ၊ မေးရင်လည်းဖြေတာပဲ၊ စစ်ဆေးတယ်ဆိုရင်လည်း ကျွန်မ မီဒီယာနဲ့ ပြောတယ်ဆိုတာ ကျွန်မယုံကြည်တဲ့အတိုင်း ဘာကြောင့်လဲ ဆိုတာ ပြောပါတယ်ရှင့်၊ ပါတီတွင်းရုန်းကန်မှုပေါ့နော်၊ ကျွန်မအဲဒါတွေတော့ လုပ်ခဲ့ပါတယ်။
ဘီဘီစီ - အခုလို ရွေးကောက်ပွဲဝင်ဖို့ ပါတီထောင်ဖို့က အန်အယ်လ်ဒီကို စဝင်ကတည်းက ရည်ရွယ်ချက်ရှိခဲ့တာလား။
ဒေါက်တာ သက်သက်ခိုင် - ပြဿနာတွေကြောင့်ပါရှင့်၊ ကျွန်မတသက်လုံးမှာ ပါတီထောင်မယ်လို့ တခါမှ မစဉ်းစားဖူးပါဘူး၊ ပါတီထောင်တယ်ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူးရှင့်၊ ကျွန်မတို့ကတော့ ဒီမိုကရေစီကို ယုံကြည်မှလာပါဆိုတော့ ဒီမိုကရေစီကို ယုံကြည်လို့လာတယ်၊ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ဆန့်ကျင်တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ကျွန်မတို့ကို ကျောသားရင်သားခွဲခြားပြီး လုပ်တယ်ပေါ့နော်၊ နောက်ဆုံးရွေးကောက်ခံ ကိုယ်စားလှယ်တယောက်ရဲ့အခွင့်အရေးကို ဥပဒေနဲ့မညီဘဲနဲ့ ကန့်သတ်ဖို့ ကြိုးစားတယ်ပေါ့နော်။
နောက်ပါတီထောင်ရခြင်း အကြောင်းရင်းက တိုင်းပြည်တည်ဆောက်ရေးအပိုင်းမှာ ကျွန်မ ကလည်း တတပ်တအားက ပါဝင်ချင်တယ်ပေါ့နော်၊ ပါဝင်နိုင်သေးတယ်၊ ကျွန်မဒီထက် အများကြီးလည်း လုပ်နိုင်သေးတယ်လို့ ယုံကြည်တဲ့အတွက် ကျွန်မအခုလို ပါတီထောင်တာ ဖြစ်ပါတယ်၊ ဒါပေမဲ့ ကျွန်မတယောက်တည်းထောင်တာ မဟုတ်ပါဘူး၊ ကျွန်မတို့က စုပေါင်းဦးဆောင်မှုနဲ့ ထောင်တာ ဖြစ်တယ်၊ ကျွန်မတို့လုပ်ငန်းရှင်တွေ၊ စီးပွားရေး ပညာရှင်တွေ၊ လူငယ်ပညာတတ်တွေ၊ အတွေ့အကြုံရင့်ကျက်တဲ့ တတ်သိပညာရှင်တွေနဲ့ စုပေါင်းပြီးတော့မှ ကျွန်မတို့တည်ထောင်တာ ဖြစ်ပါတယ်ရှင့်။
ဘီဘီစီ - နိုင်ငံရေးအစဉ်အလာရှိတဲ့သူတွေ ဘယ်လိုလူမျိုးတွေ ပါပါလဲ။
ဒေါက်တာ သက်သက်ခိုင် - ပါတီနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့ပါတီကို ပြည်သူနဲ့ မိတ်ဆက်တဲ့ပွဲလုပ်မယ်၊ သတင်းစာရှင်းလင်းပွဲလည်းလုပ်ပါမယ်၊ အဲဒီကျရင် ကျွန်မတို့ ပါတီ တည်ထောင်တဲ့လူတွေ အားလုံးကနေပြီးတော့ ကျွန်မတို့ဘယ်လို ပါတီမျိုးလဲ၊ ဘယ်သူတွေပါသလဲ ဆိုတာ ကျွန်မတို့အားလုံး ချပြမှာပါရှင့်။
ဘီဘီစီ - ပါတီမူဝါဒ၊ ပါတီရည်ရွယ်ချက်အဲ့လောက် ကိုရော ပြောပြလို့ရပါပြီလား။
ဒေါက်တာ သက်သက်ခိုင် - ကျွန်မတို့ သတင်းစာရှင်းလင်းပွဲကျရင် ကျယ်ကျယ်ပြန့်ပြန့် ပြောမှာပါ၊ အခုတော့ ပြောလိုက်လို့ရှိရင် မပြည့်မစုံနဲ့ဖြစ်ပြီးတော့လေ၊ တဝက်တပျက်ကြီး ဖြစ်မှာစိုးလို့ပါ။
ဘီဘီစီ - အန်အယ်ဒီကနေလည်း အရွေးခံခဲ့ဖူးတယ်၊ အခု ပါတီထောင်ပြီးရွေးကောက်ပွဲ ဝင်မှာပေါ့လေ၊ အန်အယ်လ်ဒီလို ပါတီကြီးပေါ့လေ၊ လူထုထောက်ခံမှု ရထားတဲ့ ပါတီကြီး ဖြစ်နေဆဲ ဆိုတော့ အဲဒီပါတီကိုတကယ်ပဲ ယှဉ်နိုင်ပါ့မလား။
ဒေါက်တာ သက်သက်ခိုင် - အဓိကကတော့ အန်အယ်လ်ဒီကို ယှဉ်ဖို့လို့ (ရည်ရွယ်ပြီး) ကျွန်မတို့ ပါတီထောင်တာ မဟုတ်ပါဘူး၊ အဓိကက ဘာလဲဆိုရင် ကျွန်မတို့ ပါတီစုံ ဒီမိုကရေစီဆိုတဲ့ အနှစ်သာရ ပြည့်ဝအောင်၊ ပြည်သူတွေ ရွေးချယ်စရာတခု တိုးလာဖို့အတွက် လုပ်တာပါ၊ ပြီးလို့ရှိရင် ပြည်သူတွေရဲ့ထောက်ခံမှုနဲ့ တိုင်းပြည်တည်ဆောက်မှုမှာ ပါဝင်ဖို့အတွက် ကျွန်မတို့က လုပ်တာပါရှင့်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.