Breaking

November 17, 2019

ICJ အမှုကလွဲပြီး ကျန်တဲ့ ICC နဲ့ အာဂျင်တီးနား အမှုကို မြန်မာ ဖြေရှင်းမည်မဟုတ်

■ မြန်မာနိုင်ငံကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နဲ့ နိုင်ငံတကာတရားစီရင်ပိုင်ခွင့်မူအရ အာဂျင်တီးနားနိုင်ငံ (international jurisdiction) သုံးခုနဲ့ တရားစွဲဆိုထားပေမယ့် အစိုးရက ICJ တစ်ခုတည်းကိုပဲ နိုင်ငံတကာဥပဒေလမ်းကြောင်းအရ ဖြေရှင်းဖို့ စီစဉ်နေတယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ဒီကနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ ခုနစ်သိန်းကျော်ကို မောင်းထုတ်ခဲ့မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ ရိုဟင်ဂျာဖြစ်တည်မှုကို ခြိမ်းခြောက်မှု၊ စတဲ့စွဲဆိုချက်တွေနဲ့ ICC၊ ICJ၊ အာဂျင်တီးနားတရားရုံး သုံးခုမှာ မြန်မာ့တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင်၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မဟောင်း နှစ်ဦးနဲ့ လက်ရှိသမ္မတတို့ကိုပါ စွဲဆိုထားကြတာပါ။
ICC မှာတော့ ဘင်္ဂလားဒေ့ရှ်က တရားလိုပြုလုပ် တိုင်တန်းထားတာဖြစ်ပါတယ်။ ICJ မှာတော့ အစ္စလာမ်မစ် နိုင်ငံပေါင်း ၅၇ နိုင်ငံရဲ့ ထောက်ခံချက်နဲ့ ဂမ်ဘီယာနိုင်ငံက ဦးဆောင်ပြီးတော့ စွဲဆိုထားတာပါ။ အာဂျင်တီးနားမှာတော့ ရိုဟင်ဂျာ လူ့အခွင့်ရေးအဖွဲ့နဲ့ သောမတ်စ် အိုဟေး ကင်တားနားတို့ ဦးဆောင်ပြီးတော့ စွဲဆိုထားတာဖြစ်ပါတယ်။
ICC နဲ့ပတ်သက်ပြီး သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက... မြန်မာဟာ Rome Statue ကို လက်မှတ်ရေးထိုးထားတာ မဟုတ်လို့၊ လက်မခံတဲ့အကြောင်း အရင်က ထုတ်ပြန်တဲ့ သဘောထားအတိုင်းပဲ ဖြေရှင်းမှာမဟုတ်ဘူးလို့ ဖြေပါတယ်။
ICJ အမှုကိုတော့ မြန်မာနိုင်ငံ နိုင်ငံတကာ ဥပဒေနဲ့အညီ တုံ့ပြန်သွားဖို့ စီစဉ်နေကြောင်း ဖြေပါတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာ ဂမ်ဘီယာက ဦးဆောင်စွဲဆိုတဲ့ ICJ က အမှုကိစ္စကို တုံ့ပြန်ရမှာဖြစ်ပါတယ်။
ဒါပေမဲ့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ဘယ်လိုနည်းနဲ့ ဖြေရှင်းဖို့ရှိတယ်ဆိုတာ ကျယ်ပြန့် လွန်းတဲ့အတွက်အသေးစိတ် မပြောဆိုလိုကြောင်း ပြောပါတယ်။
“အာဂျင်တီးနားကိစ္စကို အထူးတလည် ဖြေရှင်းဖို့ မရှိပါဘူး။ ဒါက အချုပ်အခြာကိုထိတဲ့ ကိစ္စဖြစ်ပါတယ်။ (ကိုယ်စားလှယ်လွှတ်) ရင်ဆိုင်ဖို့လည်း မရှိပါဘူး။ ” လို့ RFA ရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။
ဒီအမှုသုံးခုလုံးအတွက် ဥပဒေပညာရှင်တွေ၊ ရှေ့နေတွေ ငှားရမ်းပြီးတော့၊ ကိုယ်စားလှယ်လွှတ် ဖြေရှင်းဖို့ ရှိ၊ မရှိ မေးမြန်းချက်ကို ပြန်လည်ဖြေဆိုခဲ့တာပါ။ ဒါ့အပြင် ဦးဇော်ဌေးက မွတ်စလင် ဒုက္ခသည်တွေ ဘင်္ဂလာကနေ နေရပ်ပြန်လာရေးကိစ္စမှာ ဘင်္ဂလာဘက်က ပူးပေါင်း ဆောင်ရွက်ခြင်း လုံးဝမရှိဘူးလို့ ပြစ်တင်ပါတယ်။ ပူးပေါင်းမယ့်အစား မြန်မာကို ICC နဲ့ ICJ ရင်ဆိုင်ရအောင် ရည်ရွယ်ချက်ရှိရှိ တွန်းပို့နေတယ်လို့လည်း ဆိုပါတယ်။
“အိမ်နီးချင်းကောင်းအနေနဲ့ ဒါမျိုးမလုပ်သင့်ဘူး” လို့ ဦးဇော်ဌေးက ပြောပါတယ်။
နှစ်ဘက်ညှိုနှိုင်းလို့ မရတဲ့အတွက် တရုတ်အစိုးရ ကိုယ်စားလှယ်ကို သက်သေထားပြီး သုံးပွင့်ဆိုင် ညှိုနှိုင်းနေရတယ်လို့လည်း ဦးဇော်ဌေးက ရှင်းပြပါတယ်။
(RFA သတင်းထောက် ကိုသီဟထွန်းနဲ့ မသက်စုအောင် ပေးပို့သည်။)

No comments:

Post a Comment

Note: Only a member of this blog may post a comment.