မရမာကြီးလူမျိုး ရမာကြီးလူမျိုး
(The Maramagris he Maramagris)
မရမာကြီးလူမျိုးများမှာ သက်-အာရိယန်
အနွယ်မှဆင်းသက်လာသော လက်ရှိ တိုင်းရင်းသားလူမျိုးဖြစ်သည်။ အချို့က
သကျသာကီယဇာတိ၊ ခတ္တိယရာဇမျိုးနွယ်မှ ဆင်းသက်လာသူများဟုလည်း ဆိုပါသည်။
အင်ဒိုအာရိ ယန် မျိုးရိုးဘာသာစကားပြော အုပ်စုဝင်ဖြစ်ပြီး ဗုဒ္ဓဘာသာကို
ကိုးကွယ်ကြသည်။
မရမာကြီးတို့သည် ထေရဝါဒဗုဒ္ဓ ဘာသာကို
သားစဉ်မြေးဆက် လှိုက်လှိုက်လှဲလှဲ ကိုးကွယ်ခဲ့ကြသော မရမာ ကြီးတို့၏
ဘာသာသွေးသည် စက္ကန့်မလပ် ယနေ့တိုင် ရဲရဲနီဆဲဖြစ်သည်။ ရတနာသုံးပါး လွန်စွာ
အားထားသူ များဖြစ်သည်။ မရမာကြီးတို့သည် သာကီဝင်မင်းမျိုး
မင်းနွယ်မင်းဆွေမင်းဆက်မှ ဆင်းသက်လာသူများဟု လည်း ယုံကြည်ကြ၏။ ယင်းတို့သည်
မိမိလူမျိုးချင်းသာ ထိမ်းမြားလေ့ရှိကြသည်။ အသပြာနှင့် ဖြားယောင်း၍
ဖျက်သော်လည်း မရချေ။ မျိုးစောင့်တရားမြဲခဲ့ကြသူများ ဖြစ်ကြပြီး
မျိုးရိုးကိုစောင့်ထိန်းခဲ့ ကြသည်။ ထို့ကြောင့် ရခိုင်မျိုးရိုး မရမာကြီးဟု
ခေါ်တွင်ခဲ့ ကြောင်းကို ဓညဝတီရာဇဝင်သစ် စာမျက်နှာ (၂၂၀၊ ၂၂၉)တို့တွင်
ဖော်ပြပါရှိသည်။
မရမာသည် ရခိုင်နှင့် အဓိပ္ပာယ်တူ ဝေါဟာရဖြစ်သည်။
အမျိုးကိုစောင့်ရှောက် နိုင်သူ အံ့ဖွယ်ရှိလှသူဟု အဓိပ္ပာယ်မည်၏။
‘ဗရ’(ပါဠိ)စဉ်လာကြီးမားသော စကားရပ်နှင့် ပေါင်းစပ်၍
မျိုးနွယ်စောင့်ရှောက်မှုစဉ်လာ ကြီးမားခဲ့သူတို့ကို ‘မရမာကြီး’ဟု
ခေါ်ဆိုသည်။ ‘မရမာကြီး = မျိုးနွယ်စောင့်ရှောက်မှု အစဉ်အလာကြီးမားနိုင်
လေစွ၊ အံ့ဖွယ်ကောင်းအောင် စောင့်ထိန်းနိုင်လေစွ’ ဆိုသော စကားရပ်များအရ
မရမာကြီးလူမျိုးခေါ် တွင်ခဲ့ ခြင်းဖြစ်သည်ဟု ရခိုင်သမိုင်းက ဆိုပါသည်။
သုတေသီ အရှင်စက္ကိန္ဒက-မရမာကြီး လူမျိုးတို့သည် ရခိုင်ဒေသသို့
ရခိုင်တို့နှင့်အတူ ရခိုင်ပြည်မြောက်ပိုင်းမှတစ်ဆင့်
ရောက်ရှိလာကြသူများဖြစ်ကြောင်း၊ ရခိုင်တို့ ကဲ့သို့ပင် သက်-အာရိယန်အနွယ်မှ
ဆင်းသက်လာသူ များဖြစ်ကြောင်း၊ ထို့အပြင် ရခိုင်ရှေးဦးလူများဖြစ်သည့် အင်ဒို
အာရိယန်တို့၏ လွှမ်းမိုးမှု အရိပ်အယောင်များစွာ တွေ့ရှိရကြောင်း၊
ရခိုင်လူမျိုး၊ သက္ကမ(ဒိုင်းနက်)လူမျိုး၊ မြိုလူမျိုးတို့နှင့်မူ
တစ်အူထုံ့ဆင်းများဖြစ်ကြကြောင်း ရေးသားဖော်ပြထားသည်။ အချို့က သကျ
သာကီယဇာတိ၊ ခတ္တိယရာဇမျိုးနွယ်မှ ဆင်းသက်လာသူများဟု ယုံကြည်ကြသူများ
ဖြစ်ကြောင်း၊ မျိုးရိုးဂုဏ်နှင့် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးတို့အား
ကြည်ညိုမြဲမြံစွာ စောင့်ထိန်းမှ သာသနာတည်တံ့မည်ဟု ယုံကြည်ကြသူ
များလည်းဖြစ်ကြောင်း ယူဆကြသည်။
နတ်မြစ်မာဃက-ရှေးအခါက ရခိုင် ပဒေသရာဇ်မင်းများ
အုပ်ချုပ်ရာဒေသများ တွင် နေထိုင်ကြသည့် ရခိုင်တို့ကို မရမာကြီးဟု
ခေါ်တွင်ခဲ့ကြောင်း၊ ထိုဒေသတွင် လူသူ စည်ကားလာခဲ့မှုကြောင့်
ရခိုင်ဘုရင်တို့က မရမာဒေသ (ရခိုင်အခေါ်မရမာထောင်)ဟူ၍
ချီးမြှင့်ဖွဲ့ပေးခဲ့ဖူးကြောင်း၊ မရမာကြီးတို့သည် မရမာအမျိုးအနွယ် တစ်နည်း
အားဖြင့် ရခိုင်အမျိုးအနွယ်ဖြစ်ကြောင်း ရေးသားထားသည်။
တိုင်းရင်းသားယဉ်ကျေးမှုနှင့် ရိုးရာ
ဓလေ့ထုံးစံ(ရခိုင်)စာအုပ်တွင် မရမာကြီး လူမျိုးတို့သည် ရခိုင်နှင့်
အမျိုးအနွယ်တူသူများ ဖြစ်ကြောင်း၊ ရှေးအခါက တစ်ဦးနှင့်တစ်ဦး
အဆက်အသွယ်ခက်ခဲမှုကြောင့် မိမိတို့၏ မျိုး နွယ်စုကို
သီးခြားအမည်ခေါ်တွင်ခဲ့ကြသည့် ရခိုင်တိုင်းရင်းသားများပင်ဖြစ်ကြောင်း၊
ရခိုင်တို့နှင့် ဘာသာတူ၊ ဓလေ့တူ၊ ယဉ်ကျေးမှု တူကြသူတို့ပင်ဖြစ်ကြောင်း၊
လက်ရှိဘာသာ စကားသည် ရခိုင်ဘာသာစကားနှင့် ခြားနား သော်လည်း
အုပ်စုတူမျိုးကွဲဘာသာစကားပင် ဖြစ်ကြောင်း၊ သို့ရာတွင် အားလုံးနီးပါးလိုလို
ရခိုင်စကားကိုပင် ပြောဆိုနေကြကြောင်း၊ သက္ကမ(ဒိုင်းနက်)လူမျိုးတို့နှင့်
ဆင်းသက်လာမှု အရင်းအမြစ်၊ လူမျိုးအမည် ခေါ်တွင် ခဲ့ရမှု၊ ဘာသာစကား၊
ကိုးကွယ်ယုံကြည်မှု၊ ရိုးရာဝတ်စားဆင်ယင်မှုနှင့် ယဉ်ကျေးမှုဓလေ့များ
ပို၍သိသာသော ဆက်နွှယ်မှုရှိကြောင်း ရေးသားထားသည်။
ဦးဖေမောင်တင်၏ မြန်မာဝတ္ထုအစနှင့်
သုတေသနစာတမ်းများစာအုပ်တွင် မြန်မာ တိုင်းရင်းသားများ ပြောဆို သော
ဘာသာစကားကို ဩစတရစ်မျိုးရိုး၊ အင်ဒိုအာရိယန် မျိုးရိုး၊
ဒြဝိဒီယန်မျိုးရိုး၊ တိဗက်တရုတ်မျိုးရိုး ဟူ၍ ဘာသာစကားမျိုးရိုးလေးခုဖြင့်
ခွဲခြားထားကြောင်း၊ တိုင်းရင်းသားများအားလုံးသည် ဤဘာသာစကား
မျိုးရိုးလေးခုအနက် တစ်ခုခု အုပ်စုဝင်အဖြစ်ပြောဆိုကြကြောင်း၊ မရမာကြီး
တို့ပြောဆိုသော ဘာသာ စကား သည် အင်ဒို အာရိယန်မျိုးရိုးအုပ်စုဝင်
ဘာသာစကားပင် ဖြစ်ကြောင်း၊ မရမာကြီးတို့၏ ဘာသာစကားတွင်
အင်ဒိုအာရိယန်မျိုးရိုး အရင်းအမြစ် စကားလုံးများစွာ တွေ့ရှိရကြောင်း
ရေးသားထားသည်။
သုတေသီ မောင်ပြူး(သံတွဲ)က ပုဂံဝန်ထောက်မင်း
ဦးတင်ရေး မြန်မာမင်းများ အုပ်ချုပ်ပုံစာတမ်းတွင် ရခိုင်ကို မြန်မာကြီး၊
ဗမာကို မြန်မာ၊ ပျူကို မြန်မာငယ်ဟု ခေတ်ပြိုင်သမိုင်းအနေဖြင့်
ရေးသားထားခဲ့မှု များရှိခဲ့သည်။ ရှေးမြန်မာသမိုင်းတွင် ကံရာဇာငယ်
အဆက်အနွှယ်ကို မြန်မာငယ်၊ မရမာငယ်၊ ကံရာဇာကြီး အဆက်အနွှယ်ကို
မြန်မာကြီး-မရမာကြီးဟု ခေါ်တွင်ခဲ့မှုများ ထင်ရှားခဲ့သည်။ ရခိုင်ကို ‘မရမာ’
‘မရမာကြီး’ ‘မြမ္မာကြီး’ ‘မြန်မာကြီး’ဟူ၍ ခေါ်တွင်ခဲ့မှုများ
ရှိခဲ့ဖူးသည်ကို သမိုင်းက ဤသို့ဆို၏။ ဒွါရာဝတီမြို့ ကဝိသာရာဘိသီရိပဝရ အဂ္ဂ
မဟာဓမ္မရာဇာဓိရာဇဂုရု ရခိုင်ဆရာတော်ကြီး အေဒီ-၁၇၈၇ ခုနှစ်တွင်
ရေးသားပြုစုသည့် ‘ဓညဝ တီအရေးတော်ပုံကျမ်း’၌ အေဒီ ၁၇၇၇ ခုနှစ် နန်းတက်သော
စန္ဒဝိမလရာဇာမင်း နန်းတက်စကာလ အဖြစ် အပျက်ကို ဖော်ပြမှတ်တမ်းတင်ခဲ့သည်။
ယင်းမင်းနန်းတက်ပြီး မကြာမီ တောင်စဉ်သားတို့ရောက်လာ ကြောင်း ကြားတော်မူ၍
စနည်းနာစေကာ ယင်းစနစ်သုံးရပ် တြင်းအလိုကို ဓားပိုင်ကြီး အမတ်တို့
လျှောက်သောထုံးတွင် ‘ကုလား ကဖိ၊ ပျူကအိ၊ မချိ မရမာ၊ ဘေးလွတ်ရာခို’ဟု
ပါရှိသည်။ ရက္ခပူရ တိုင်းသားတို့၏ ရှေးရာဇဝင်များတွင် မင်းနှင့်ပြည်သူတို့၏
လူမျိုးအမည်သည် မရမာကြီး၊ မရမာ၊ မြန်မာ ဖြစ်ကြောင်း အတိအလင်းရေးသား
ဖော်ပြထားသည်။
မြောက်ဦးနတ်သမီး သိုက်စာအဆိုတွင်မူ ‘တရုတ်က မိုး၊
ပျူကညှိုး၊ ပဲခူးကထောင်၊ ရှမ်း ကမျှောင်၊ တစ်ဆောင် ကုလား၊ မီးပွားစစ်ကြီး
ဖြစ်လိမ့်မည်။ ယင်းသောအခါ မရမာတို့ ချမ်းသာစေကြောင်း၊ မရိမ်ချောင်း (ကြိမ်
ချောင်း)သို့ ခို’ဟု စနည်းတြင်း အဆိုလည်း ရှိခဲ့သည်။ အထက်ပါ အဆိုများကို
ကြည့်ခြင်း အားဖြင့် မရမာ၊ မြမ္မာ၊ မြန်မာသည် ရခိုင်ပြည်ရှိ ရခိုင်ကို
ရည်ညွှန်းဖော်ပြခြင်း ဖြစ်ပြီး မရမာကြီး၊ မြမ္မာကြီး၊ မြန်မာကြီးဆိုသော
စကားရပ်များနှင့်လည်း ဆက်နွှယ်မှုမကင်းခဲ့ချေ။
တောင်ဖီလာဆရာတော်က ထင်အောင် ကြံအောင်
ပြုလုပ်သည်ကို ရခိုင်သားတို့က မြို(မြုံ)လူမျိုးတို့ မြန်လှ၊ မာလှပေ၏ဟု
ချီးမွမ်းပြောဆိုသည်ကို အစွဲပြု၍ ‘မြန်မာ’ ရခိုင်ဒေသ သုံးလေယူလေသိမ်းဖြင့်
‘မရမာ’ဟု ခေါ်တွင်ခဲ့သည်။ ထိုသို့သက်ကြီးသူဟောင်းတို့၏ အဆိုအမိန့်တို့ကို
ကြားနာမှတ်သားသင့်သည်ဟု ရေးသားထားသည်။
စစ်တွေမြို့ ရွှေစေတီဆရာတော်က
ရခိုင်ဝေသာလီမင်းဆက်မှ ပေါက်ဖွားလာသော မရမာကြီးသည် ‘မြမ္မာ ကြီး’ဆိုသော
စကားမှ ဆင်းသက်လာကြောင်း၊ ရခိုင်ဒေသသုံး ဘာသာစကား လေယူလေသိမ်းဖြင့် ‘မရရစ်’
ကို ‘မ’ နှင့် ‘ရ’ ခွဲ၍ အသံထွက်ဆိုမှုအရ
မရမာကြီးဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း၊ ရခိုင် မျိုးဆက်မှ ဆင်း သက်လာသည့်
ရခိုင်ထဲမှ ရခိုင်တို့ပင်ဖြစ်ကြောင်း ရေးသားထားသည်။
သုတေသီ ဦးမင်းနိုင်က မြန်မာနိုင်ငံ အနောက်ဘက်
မောင်တော၊ ဘူးသီးတောင် နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် ကျေးလက်အရပ်တို့ တွင်
သက်၊ သက္ကမ(ဒိုင်းနက်)၊ မရမာကြီး တိုင်းရင်းသားတို့ နေထိုင်ကြကြောင်း၊
မရမာကြီးသည် ‘မြန်မာကြီး’ဆိုသော စကားရပ်မှ ဆင်းသက်လာခြင်းဖြစ်ကြောင်း၊
မရမာကြီးတို့ကို ရခိုင်အချို့က ‘မောင်တော ရခိုင်’ဟုလည်း ခေါ်ကြကြောင်း
ရေးသားထား သည်။ ဤအချက်ကို မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၀) စာမျက်နှာ ၃၃၉
တွင် ထပ်ဆင့် အတည်ပြုဖော်ပြထားသည်ကို တွေ့ရသည်။ မရမာသည်
ရခိုင်သားကိုခေါ်ဆိုခြင်းဟု မှတ်သားနိုင်၏။ မြိုမင်းများလက်ထက်
မြိုလူမျိုးတို့ကိုလည်း ရာဇဝင်တွင် ‘မရမာ’ဟု ခေါ်တွင်ခဲ့သည်။ ရခိုင်၊
မြို(မြုံ)၊ မရမာ၊ မရမာကြီးသည် တစ်ခရာတည်းသာဟု လေးကိုင်း သေနတ်ဝန်မင်း၏
ရခိုင်ရာဇဝင်တွင် ပါရှိသည်။ ရခိုင်ရာဇဝင် အစောင်စောင်တွင် ‘သေရွာပြန်၊
ရှင်ပြန်ထ၊ မရမာ၊ မရမာကြီး’ ဟူ၍ မှတ်တမ်းတင်ရေးသားခဲ့ကြသည့် စာချိုးသည်
မရမာကြီးတို့ သမိုင်းဖြစ်စဉ်၏ အခြေခံ ကောက်ချက်တစ်ရပ်ပင်ဖြစ်ပေသည်။
မရမာ၊ မရမာကြီးသည် တစ်ချိန်တည်း၊ တစ်ခေတ်တည်း
ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ရခိုင်၊ မြို (မြုံ) တို့ကို ‘မရမာ’ဟု ခေါ်တွင်
ခဲ့ခြင်းသည် သမိုင်းကြောင်းတွင်သာ တင်ကျန် ရှိနေခဲ့ပြီး ရခိုင်၊ မြို ဟူ၍သာ
သုံးနှုန်းလာခဲ့ ခြင်းဖြစ်သည်။ သို့ရာတွင် ‘ကုလားကမ်းခွာ မရမာကမ်းကပ်’
ဆိုသော စကားပုံကိုကား ရခိုင်တို့ ယနေ့တိုင် လက်ခံသုံးစွဲနေကြောင်း
တွေ့ရသည်။ ယခုအခါ ဗိုလ်မင်းထောင်အရပ် ဒေသမှ ဗိုလ်မင်းအဆက်အနွှယ် တို့သည်
မရမာလူမျိုးဟုပင် ခံယူလာကြပေပြီ။ ဤအချက်ကို ကြည့်ခြင်းဖြင့် ရခိုင်၊ မြို၊
သက်၊ သက္ကမ(ဒိုင်းနက်)၊ မရမာကြီးတို့သည် တစ်အူ ထုံ့ဆင်းများဖြစ်ကြသည့်အပြင်
ကံကြမ္မာချင်းနှင့် သမိုင်းကြောင်းတို့ ဆက်နွှယ် ရောလျက်ရှိသည့်
သမိုင်းကွင်းဆက်များကို သိရှိရပေမည်။ ဤသည်တို့မှာ သုတေသီတို့၏
အဆိုအမိန့်တို့ပင် ဖြစ်သည်။
ခေတ်ပြိုင် မှတ်တမ်းတစ်ခုအနေဖြင့်
နှောင်းပိုင်းကာလတွင် ရခိုင်ဒေသသို့ ဝင်ရောက်ခဲ့ကြသော တိုင်းရင်း
သားများနှင့် ပတ်သက်၍ ဦးရည်စိန်က-ခရစ်နှစ် (၇၆၂၊ ၇၆၃)တွင် နန်းစောမင်း
(ကော်လဖင် Ko Lo Fend) သည် မိမိကိုယ်တိုင်တပ်ဖွဲ့များကို ဦးဆောင်ကာ
ယူနန်နယ်အနောက်ပိုင်း မဲခေါင်မြစ်နှင့် သံလွင် မြစ်ကြားဒေသကို
တိုက်ခိုက်ပြီးနောက် ဧရာဝတီမြစ်ညှာပိုင်းသို့ စစ်ချီလာသည်။
ထိုစစ်ဆင်မှုကြောင့် ဧရာဝတီ မြစ်ညာသို့ရောက်ခဲ့သော ‘မြန်မာ’ အစုသည်
အောက်သို့ဆင်းလာရသည်။ ထိုအစုသည် တကောင်းသို့ ရောက်ခဲ့သော မြန်မာအစုဖြစ်
ပြီး နောင်အခါ ရခိုင်ဘက်သို့သွားခဲ့သူများ ဖြစ်သည်ဟု ဆိုထားပါသည်။
ထိုခေတ် ထိုအချိန်ခါသည် ရခိုင်အက္ခရာ နှင့်
မြန်မာအက္ခရာ တစ်ထပ်တည်းဖြစ်လာခဲ့ပြီး ခေတ်ပြိုင်ထွန်းကား
ခဲ့သည့်အချိန်ဖြစ်သည်။ ထိုအချိန်သည် ရခိုင်ဒေသတွင် ဒေသသုံး
ဘာသာစကားလေယူလေသိမ်းဖြင့် တိုက်ရိုက် ရေးချနိုင်သော စာပေအရေးအသားပေါ်ပေါက်
နေပြီဖြစ်ကြောင်း သိသာထင်ရှားနေသည်။ ထို့ကြောင့် ‘မရမာ၊ မရမာကြီး’ ဟူသော
စကားရပ်သည် ရခိုင်ဒေသ၌ တိဘက်-မြန်မာ ဘာသာစကားကို တိုက်ရိုက်ရေးချနိုင်သော
ဒေသသုံး အရေးအသားပေါ်ပေါက်ခဲ့ပြီးမှသာလျှင် ရခိုင်အသံထွက် လေယေူ
လသိမ်းဖြင့် ရေးသားခဲ့သော ဝေါဟာရဖြစ်ကြောင်းကို ရခိုင်စာနှင့်
မြန်မာစာတစ်ထပ်တည်း ဖြစ်နေပြီဖြစ် ကြောင်းနှင့် ခေတ်ပြိုင်ထွန်းကားခဲ့
ကြောင်းက သက်သေထူလျက်ရှိပေသည်။ ဤအချက်တို့သည် ခေတ်ပြိုင် မှတ်တမ်းများ
အရရော တရုတ်မှတ်တမ်းများကိုပါ အခြေခံ၍ ဖော်ပြထားရှိမှုများပါ တူညီနေကြပြီး
ရခိုင် ဒေသခံသမိုင်းတို့နှင့်လည်း ကိုက်ညီမှုရှိ ကြောင်း တွေ့ရှိရသည်။
ဤသို့သော သမိုင်းကြောင်းများကို အခြေခံ၍
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးနွယ်စု ၁၀ဝ
ကျော်ထဲတွင် ရခိုင်ဌာနေ တိုင်းရင်းသားလူမျိုး တစ်မျိုးအနေဖြင့်
ရှင်သန်ရပ်တည် နေထိုင် လာခဲ့ကြသော သမိုင်းပေးညီအစ်ကိုများပင် ဖြစ်ပေသည်။ ။
မှီငြမ်းကိုးကား
၁။ သက်-အာရိယန်အနွယ်မှ ရခိုင်နှင့် ရခိုင်မျိုးနွယ်စုများ ဆင်းသက်လာခြင်း။ နက်မြစ်စန်းအောင် (ရခိုင်တန်ဆောင် - ၁၄)
၂။ ရခိုင်-မရမာကြီးတို့၏ တရားစီရင်ရေးနတ်မြစ်မာဃ (မုနိမြေ-၃)၊
၃။ ရခိုင်ရာဇဝင် ၊ စစ်တွေမြို့ ရွှေစေတီဆရာတော်
၄။ တို့တိုင်းရင်းဖွား ပြည်ထောင်စုသား၊ဦးမင်းနိုင်
၅။ မြန်မာတိုင်းရင်းသားများ ရွှေ့ပြောင်းဝင်ရောက်လာမှု ပဏာမလေ့လာချက်၊ဦးရည်စိန်
၆။ ပျူလူမျိုးနှင့် ပျူနိုင်ငံတော်စာတမ်း
(၂)၊ ထွန်းဖောင်ဒေးရှင်း
၇။ ရခိုင်ဌာနေ တိုင်းရင်းသား မရမာကြီး လူမျိုး၊ မရမာသားဒိုးဝေ၊ (နေရဉ္စရာဂျာနယ်)
No comments:
Post a Comment
Note: Only a member of this blog may post a comment.