Breaking

December 3, 2019

အိုင်စီဂျေမှာ ဂမ်ဘီယာကို မြန်မာက ဘယ်လို ခုခံ ချေပနိုင်ဖွယ်ရှိလဲ


ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ မြန်မာကိုတရားစွဲထားတဲ့အပေါ် ကြားနာ စစ်ဆေးမှုတွေကို လာမယ့်ဒီဇင်ဘာ ၁၀ ရက်မှာ စတင်တော့မှာပါ။ အဲဒီမှာ မြန်မာက ဂမ်ဘီယာနိုင်ငံရဲ့ စွဲချက်တွေကို ပြန်လည်ချေပခုခံဖို့ မြန်မာအစိုးရဘက်က နိုင်ငံတကာဥပဒေကြောင်းအရ ဘယ်လိုအချက်တွေ ထုတ်ဖော်တင်ပြနိုင်ဖွယ် ရှိပါသလဲ။ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေကို အထူးပြုလေ့လာနေတဲ့ ဥပဒေပညာရှင် အငြိမ်းစား ပါမောက္ခဒေါက်တာမြင့်ဇံကို ဘီဘီစီအကြီးတန်း သတင်းထောက်စောရန်နိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

ဘီဘီစီ-ဒီဇင်ဘာ ၁၀ ရက်မှာစတင်မယ့် ရုံးချိန်းမှာဘယ်လိုစီစဉ်ကြားနာမှုတွေ ရှိမှာပါလဲ။

ဒေါက်တာမြင့်ဇံ-အစီအစဉ်က ဘာလဲဆိုရင် ဒီဇင်ဘာလ ၁၀ ရက်မနက်ပိုင်းမှာ ဂမ်ဘီယာရဲ့ ကြားနာချက် ကို နှုတ်ဖြင့် တရားသူကြီး အများဆုံး ၁၇ ဦးရှေ့မှာ ဂမ်ဘီယာက အများဆုံးအားဖြင့် နှစ်နာရီအချိန်ရှိတဲ့ လျှောက်လဲချက်ပေးပါမယ်။ နောက်တစ်ရက် applicants presentation ပေါ့။ လျှောက်ထားသည့်အစိုးရ၏ တင်ပြချက်။ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ မြန်မာက ဂမ်ဘီယာရဲ့ နှုတ်ဖြင့် လျှောက်ထားချက်ကို နှုတ်ဖြင့်ပဲ အများဆုံး နှစ်နာရီအချိန်ပေးပြီးပေါ့လေ။ တရားသူကြီး ၁၇ ပါးရှေ့မှာ လျှောက်လဲပါမယ်။ နောက်တစ်ရက် ဒီဇင်ဘာလ ၁၂ ရက်မှာ ဂမ်ဘီယာက မြန်မာအစိုးရရဲ့ တုံ့ပြန်ချက်ကို ပြန်လည်တုံ့ပြန်ချက်ကို ၁၂ ရက်နေ့ မနက်ပိုင်းမှာ ပေးပါမယ်။ ၁၂ ရက်နေ့ နေ့လယ်ပိုင်းမှာ မြန်မာက ဂမ်ဘီယာရဲ့တုံ့ပြန်ချက်ကို နောက်ဆုံး ထပ်ဆင့်တုံ့ပြန်ချက်အနေနဲ့ လျှောက်လဲချက်ပေးပါမယ်။ အဲဒီနောက်ပိုင်းမှာတော့ အခု လျှောက်လဲမှု ဂမ်ဘီယာရဲ့လျှောက်ထားမှုဟာ မြန်မာနိုင်ငံအစိုးရအနေနဲ့ ဂျီနိုဆိုက်ကွန်ဗင်းရှင်းပါ တာဝန် ပျက်ကွက်တယ်ဆိုတာကို ဆုံးဖြတ်ဖို့လျှောက်ထားတာမဟုတ်သေးပါဘူး။ မြန်မာနိုင်ငံမှာ ဂျီနိုဆိုက်တွေဖြစ်နေတဲ့အတွက် ကြောင့်မို့လို့ လတ်တလောအားဖြင့် မြန်မာနိုင်ငံအစိုးရဟာ ဂျီနိုဆိုက်တွေကို ရပ်ပစ်ဖို့၊ ဂျီနိုဆိုက်နဲ့ပတ်သက်တဲ့ သက်သေသာဓကတွေကို မဖျက်ဆီးဖို့၊ မြန်မာနဲ့ ဂမ်ဘီယာဟာ ဒီပြဿနာကို ပိုပြီးကြီးထွားလာအောင် မလုပ်ဘဲ ပိုမိုချောမွေ့စွာ ၊ အေးချမ်းစွာဖြေရှင်းဖို့ ဆိုတဲ့ အမိန့်ကို ထုတ်ပြန်ပေးဖို့ လျှောက်ထားချက်သာ ဖြစ်ပါတယ်။

ဘီဘီစီ-ဆိုတော့ အဲဒီနေရာမှာ တရားရုံးက တရားသူကြီးတွေက ဘယ်လို ဆုံးဖြတ်မလဲ။

ဒေါက်တာမြင့်ဇံ-ဘယ်လိုဆုံးဖြတ်မလဲဆိုတာ သာမန်အားဖြင့် တရားသူကြီးအများစုရဲ့ မဲခွဲဆုံးဖြတ်မှုနဲ့ပဲ အတည်ဖြစ်ပါတယ်။ တရားသူကြီး ၁၇ ဦးရှိတယ်ဆိုလို့ရှိရင် တရားသူကြီး ၉ ဦးက အနည်းဆုံးတော့ ဂမ်ဘီယာတောင်းဆိုချက်ကိုဖြစ်စေ၊ မြန်မာရဲ့တုံ့ပြန်ချက်ကိုဖြစ်စေ ထောက်ခံနိုင်ပါတယ်။ လတ်တလော စီမံဆောင်ရွက်မှုများနဲ့ပတ်သက်ပြီးတောင်မှ ဂမ်ဘီယာက ဒီမှာ ဘီဘီစီကပဲ ယူလာခဲ့တဲ့ ၄၆ မျက်နှာမှာ ငါးချက် တောင်းဆိုထားတာရှိတယ် ပြောတယ်။ အဲဒီထဲမှာ တစ်ခုချင်းစီ ဘယ်ဟာကို ပေးမယ်၊ ဘယ်ဟာကို မပေးဘူးလို့ ဆုံးဖြတ်ချင်လည်း ဆုံးဖြတ်မယ်။ ဒါမှမဟုတ်လည်း ယေဘုယျအားဖြင့် ငါးခုစလုံးကို ခြုံပြီးတော့ ဆုံးဖြတ်ချင်လည်း ဆုံးဖြတ်မယ်။ သို့သော် တရားသူကြီး ကိုးဦးရဲ့မဲတော့လိုလိမ့်မယ်။ အဲဒါ ကတော့ ဘယ်လို ဆုံးဖြတ်မယ်ဆိုတာကိုတော့ ကျွန်တော် ကြိုတင်လည်း မခန့်မှန်းချင်ပါဘူး။ ခန့်လည်းမခန့်မှန်းတတ်ပါဘူး။


ဘီဘီစီ-အိုင်စီဂျေမှာ မြန်မာနိုင်ငံအနေနဲ့ ဥပဒေကြောင်းအရ ဘယ်အချက်ကို ပြန်လည်ခုခံချေပဖို့ ယူဆလို့ရလဲ။

ဒေါက်တာမြင့်ဇံ-ဥပဒေကောက်ချက်အနေနဲ့ မြန်မာနိုင်ငံက ဘယ်လိုချေပမလဲဆိုတာ ကျွန်တော်တွေးထား တာတော့ရှိတယ်။ ကျွန်တော် တစ်ခါ ထပ်ပြောမယ်။ ဒီအချက်အလက်တွေကို ချေပမယ်လို့ ကျွန်တော် အတွင်းသိလည်း သိတာမဟုတ်ဘူး။ အပြင်သိလည်း သိတာမဟုတ်ဘူး။ ပထမအချက်အနေနဲ့ မြန်မာနဲ့ တကွ တရားစွဲခံရတဲ့နိုင်ငံတွေ ပြောလေ့ရှိတာကတော့ အိုင်စီဂျေမှာ စီရင်ပိုင်ခွင့်မရှိဘူး ဆိုတဲ့ အချက်ပါပဲ။ ဒုတိယအချက်အနေနဲ့ကတော့ ဂမ်ဘီယာအနေနဲ့ မြန်မာနိုင်ငံကို အိုင်စီဂျေမှာ အမှုဖွင့်ဖို့ Standing လို့ ခေါ်တဲ့ ရပ်တည်ပိုင်ခွင့်၊ စွပ်စွဲပိုင်ခွင့်မရှိဘူးလို့ မြန်မာဘက်က ပြောချင် ပြောလာပါလိမ့်မယ်။ ဂျီနိုဆိုက်နဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ ဒီ့အရင်က ဆုံးဖြတ်ခဲ့တဲ့အမှု တစ်မှုသာ ရှိပါတယ်။ ဘော့စနီးယား ဟာဆီဂိုဗီးနားလို့ ခေါ်တဲ့ ၊ ယခင်က ၁၉၉၀ ပြည့်နှစ်မတိုင်ခင်က ယူဂိုးဆလားဗီးယားနိုင်ငံ ရဲ့ပြည်နယ်တစ်ခုဖြစ်တဲ့ ၊ နောက်မှာ လွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်တဲ့ ဘော့စနီးယားဟာဆီဂိုဗီးနားက သူတို့ နိုင်ငံအတွင်းမှာ ဂျီနိုဆိုက်ကျူးလွန်ခဲ့တာကို ယူဂိုဆလားဗီးယား တာဝန်ရှိ မရှိလို့ ဆုံးဖြတ်ဖို့က ၁၃ နှစ်နဲ့ ၁၁ လကြာတယ်။ အဲဒါကတော့ မပြောတော့ဘူး။ သိပ်ရှည်သွားမှာစိုးလို့။ အဲဒီတော့ မြန်မာက ပြောနိုင်တာက "ဂမ်ဘီယာက အဝေးကြီးပဲ။ သူတို့ နယ်ပယ်မှာလည်း ဖြစ်တာမဟုတ်ဘူး" လို့ ပြောချင်ပြောမယ်။ ဒါလည်း ကျွန်တော် ပြောမယ်လို့ ပြောတာ မဟုတ်ဘူးနော်။ နောက်တစ်ခုက ဂမ်ဘီယာအနေနဲ့ မြန်မာနိုင်ငံနဲ့ အရင်ဆုံး ညှိနှိုင်းဖို့ကောင်းတယ်။ ဂမ်ဘီယာကတော့ ညှိနှိုင်းပြီးပြီလို့ ပြောချင်ပြောလိမ့်မယ်။ နောက်တစ်ခု က ဂမ်ဘီယာက ကိုးကားထားတဲ့ ကုလသမဂ္ဂအပါအဝင် အဖွဲ့အစည်းတွေကပြောတဲ့ သက်သေသာဓက တွေက အပြည်ပြည်ဆိုင်ရာတရားရုံး ဥပဒေနည်းနိဿယျနဲ့ သက်သေသာဓကမဝင်ဘူးလို့ ပြောချင်ပြော လိမ့်မယ်။ Facts finding mission ခေါ်လားတော့ မသိဘူး။ ဒီ ကုလသမဂ္ဂက ဖွဲ့တဲ့ အဖွဲ့အစည်းကို မြန်မာက အသိအမှတ်မပြုဘူး။ အဲဒီအသိအမှတ်မပြုတဲ့အဖွဲ့အစည်းတွေက တင်ပြတဲ့ သက်သေသာဓက တွေက မခိုင်လုံဘူးလို့ မြန်မာက ပြောချင်ပြောမယ်။ နောက်ဆုံးတစ်ခုကတော့ မြန်မာအနေနဲ့ Provisional measure လို့ခေါ်တဲ့ လတ်တလောဆောင်ရွက်မှုတွေကို အိုင်စီဂျေအမိန့်နဲ့ထုတ်ပြန်စရာမလိုဘူး။ မြန်မာ အနေနဲ့ နိုင်ငံခြားသားများ ပါဝင်တဲ့ ဖိလစ်ပိုင်က ပုဂ္ဂိုလ်တစ်ယောက် ထင်ပါတယ်။ အဖွဲ့တွေကို ဖွဲ့ပြီး လုပ်ဆောင်နေပြီး နောက် ရက်သတ္တပတ်ပိုင်း၊ လပိုင်းအတွင်းမှာ အဖွဲ့ရဲ့အစီရင်ခံစာတွေထုတ်မှာမို့လို့ ဂမ်ဘီယာရဲ့လျှောက်ထားချက်ကို လုပ်ဆောင်စရာမလိုဘူးလို့ ယေဘုယျအားဖြင့် ငါးချက်ပေါ့လေ။ တစ်ခုနဲ့ တစ်ခုတော့ ဆက်စပ်နေပါတယ်။ ဒီလို တုံ့ပြန်မယ်လို့ထင်ပါတယ်။ တစ်ခါထပ်ပြောပါမယ်။ ဒါဟာအတွင်းသိ အနေနဲ့လည်း ပြောတာမဟုတ်ဘူး။ အပြင်သိအနေနဲ့လည်း ပြောတာမဟုတ်ဘူး။ ဒေါ်လာသန်းပေါင်းများစွာ မရတဲ့အတွက်အကြောင့်မို့လို ဂဃနဏသုတေသနလုပ်ပြီး ပြောတာမဟုတ်ဘူး။ ကျွန်တော့်အထင် မြန်မာကပြောနိုင်တဲ့အချက်အလက်တွေကို ပြောတာပါ။ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာတော့ မြန်မာကိုယ်စား ရှေ့နေတွေက လျှောက်လဲချက်တွေကို အိုင်စီဂျေက တိုက်ရိုက်အသံလွှင့်ပါလိမ့်မယ်ခင်ဗျ။

ဘီဘီစီ-ဘယ်အတိုင်းအတာမှ အိုင်စီဂျေအနေနဲ့ တရားသူကြီးက မြန်မာနိုင်ငံမှာ တာဝန်ရှိတယ်၊ မရှိဘူးဆိုတာ ဆုံးဖြတ်နိုင်မလဲ။

ဒေါက်တာမြင့်ဇံ-အခုလောလောဆယ် လျှောက်ထားတာက မြန်မာအစိုးရအနေနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေ မှာ ဂျီနိုဆိုက်ကျူးလွန်မှုအတွက် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း အဲဒါ ရှင်းပြနေရင် သိပ်ကြာမယ်။ ဆားဘီးယားတုန်းကလည်း တိုတိုပြောရရင် ငါးချက်မှာ ဘော့စနီးယားဟာ ဆီဂိုဗီးယားရဲ့စွဲချက်ကို တစ်ချက်ပဲ လက်ခံတယ်။ လေးချက်ကို လက်မခံဘူး။ ဆားဘီးယားဟာ ဂျီနိုဆိုက် ကို မကျူးလွန်ခဲ့ဘူး။ ဆားဘီးယားဟာ ဂျီနိုဆိုက်ကို ကျူးလွန်ဖို့ မလှုံ့ဆော်ခဲ့ဘူး။ ဆားဘီးယားဟာ ဂျီနိုဆိုက်ကို ကျူးလွန်ဖို့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ဘူး။ ဆားဘီးယားဟာ ဂျီနိုဆိုက် မဖြစ်အောင်တော့ မကာကွယ်ခဲ့ဘူးလို့သာ ၁၃ နှစ်နဲ့ ၁၁ ကြာပြီးဆုံးဖြတ်တယ်။ လျော်ကြေးလည်းမပေးပါဘူး။ ကြေညာချက် တစ်ခုပဲရှိပါတယ်။ ခုနက မေးခွန်းကိုပြန်ဖြေရမယ်ဆိုလို့ရှိရင် ခုလောလောဆယ် မြန်မာအစိုးရရဲ့ တာဝန်ရှိမှု၊ မရှိမှုကို ဆုံးဖြတ်တာ မဟုတ်ပါဘူး။ လောလောလတ်လတ် စီမံဆောင်ရွက်ချက်များကို ထုတ်ပြန်ပေးဖို့ဆို တဲ့ အကြောင်းပါ။ ဒါကို လက်မခံရင်တော့ ပြီးသွားပြီ။ မြန်မာနိုင်တယ်။ ဒါကို တရားသူကြီးကိုးဦးက လက်မခံဘူး၊ ဆက်လုပ်စရာမလိုဘူးဆိုရင်တော့ မြန်မာနိုင်ပြီး ဂမ်ဘီယာရှုံးပြီပေါ့။ ဒါလည်း ကျွန်တော် ဖြစ်မယ်လို့ ပြောတာလည်း မဟုတ်ဘူး။ မဖြစ်ဘူးလို့လည်းပြောတာမဟုတ်ဘူး။ သို့သော် တရားသူကြီးတွေ က လက်မခံဘူး။ ဂမ်ဘီယာအမှုကို ဆက်မယ်ဆိုရင်တော့ တာဝန်ရှိမှု၊ မရှိမှုက သူတို့ဂမ်ဘီယာရှေ့နေ တစ်ယောက် ပြောတာ ကြားလိုက်တယ်။ အနည်းဆုံး သုံးနှစ်ခန့်အထိ ကြာမယ်လို့ ပြောပါတယ်။ အဲဒါက ဒုတိယအဆင့်ပါ။


ဘီဘီစီ-ဒီအဆင့်ပြီးသွားပြီဆိုလို့ရှိရင် နောက်တစ်ဆင့်က ဘာတွေဖြစ်မလဲ။

ဒေါက်တာမြင့်ဇံ-ဂမ်ဘီယာလျှောက်ထားချက်ကို ပယ်ချရင်တော့ ကိစ္စပြီးသွားပြီပေါ့။ မပြီးဘူး၊ မပယ်ချ ဘူးဆိုရင်တော့ Provisional measure လို့ခေါ်တဲ့လတ်တလော ဆောင်ရွက်ချက်တွေထုတ်ဖို့ကို အိုင်စီဂျေ က စီရင်ချက်ချပါလိမ့်မယ်။ အဲဒါကို လိုက်နာမယ်၊ မလိုက်နာဘူးဆိုတာကတော့ နောက်တစ်ကဏ္ဍပါ။ အဲဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်လောလောဆယ် မပြောချင်သေးဘူး။ ပြောဖို့လည်း အနည်းငယ်စော နေသေးတယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖြစ်မှ မဖြစ်သေးဘဲနဲ့ကို။

ဘီဘီစီ-ကြားဖြတ်စီမံချက်ကို မြန်မာဘက်က ဘယ်လိုတုံ့ပြန်မယ်လို့ ယူဆလို့ရမလဲ။

ဒေါက်တာမြင့်ဇံ-ကြားဖြတ်စီမံချက်ကို မပေးဖို့ မြန်မာကတော့ လျှောက်ထားမှာပေါ့။ အဲလိုလျှောက် ထားရဲ့ သားနဲ့ ပေးမယ်ဆိုရင် လိုက်နာမယ်၊ မလိုက်နာဘူးဆိုတာကတော့ မြန်မာအစိုးရက စဉ်းစားဆုံးဖြတ်ရမှာပါ။ အဲဒါကိုတော့ ကျွန်တော် မခန့်မှန်း၊ မပြောလိုပါဘူး။ မြန်မာအစိုးရက လောလောဆယ် ဘယ်လို စီစဉ် ထားလဲ ကျွန်တော်လည်း မသိပါဘူး။ မြန်မာအစိုးရကို ကျွန်တော် ကိုယ်စားပြုတာလည်းမဟုတ်၊ မြန်မာ အစိုးရကို ကျွန်တော်အကြံပေးနေတာလည်းမဟုတ်တော့ ကျွန်တော် မဖြေချင်ပါဘူး။ မဖြေနိုင်သေးပါဘူး။

ဘီဘီစီ-တချို့ မြန်မာဘက်က ဆောင်ရွက်နေတာ ရှိတယ်လေ။ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေ ဖွဲ့တာတို့၊ ဒါကို ထောက်ပြပြီးတော့ ပြန်လည်ချေပဖွယ်ရှိလား။

ဒေါက်တာမြင့်ဇံ-ချေပဖွယ် ရှိပါတယ်။ "အဲဒါကို ကျွန်တော်တို့လုပ်နေပါတယ်။ ဒါဟာ ဂမ်ဘီယာတောင်း ဆိုတဲ့ Provisional measure တွေကို တစ်စိတ်တစ်ဒေသ၊ အနည်းဆုံးတော့ သူတို့ကတော့ အကုန်လုံး ပေါ့လေ။ အပြည့်အဝ ဆောင်ရွက်ပြီးတဲ့ အတွက်ကြောင့်မို့လို့ လုပ်စရာမလိုပါဘူး" လို့ လျှောက်လဲနိုင်ပါ တယ်။ ဒီလိုလျှောက်လဲရဲ့သားနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးက Provisional measure တွေကို တရား သူကြီး အများစုမဲနဲ့ ထုတ်ပြန်ခဲ့လို့ရှိရင် မြန်မာအစိုးရ ဘယ်လိုဆောင်ရွက်မယ်၊ မဆောင်ရွက်ဘူး ဆိုတာကိုတော့ ကျွန်တော်မပြောနိုင်ပါဘူး။ မပြောချင်ပါဘူး။

No comments:

Post a Comment

Note: Only a member of this blog may post a comment.