Breaking

December 28, 2019

ရိုဟင်ဂျာများကို လူ့အခွင့်အရေးချိုးဖောက်မှု ကုလအထွေထွေညီလာခံက ပြစ်တင်ရှုတ်ချမှု မဲခွဲဆုံးဖြတ်

Image may contain: sky and outdoor 



နယူးယောက်ကုလဋ္ဌာနချုပ်၊ ဒီဇင်ဘာ ၂၉
ကုလသမဂ္ဂအထွေထွေညီလာခံက သောကြာနေ့တွင် မြန်မာနိုင်ငံမှရိုဟင်ဂျာမွတ်စလင်များနှင့်အခြားလူနည်းစုများအပေါ် မီးတင်ရှို့ခြင်း မတရားဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ မုဒိန်းကျင့်ခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးခြင်းများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြစ်တင်ရှုတ်ချသည့် ဆုံးဖြတ်ချက်ကို မဲခွဲအတည်ပြုခဲ့သည်။
၁၉၃ နိုင်ငံပါဝင်သော ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံသည် ဆုံးဖြတ်ချက်မဲခွဲရာတွင် ထောက်ခံမဲ ၁၃၄ မဲ၊ ကန့်ကွက်မဲ ၉ မဲ ကြားနေ ၂၈ မဲ ပေးခဲ့သည်။ ထို့အပြင် ရိုဟင်ဂျာနှင့် ရခိုင်၊ကချင်နှင့်ရှမ်းပြည်နယ်များရှိ လူနည်းစုများအပေါ် မုန်းတီးမှုလှုံ့ဆော်နေသည်များတိုက်ဖျက်ရေး အရေးပေါ်ဆောင်ရွက်မှုများပြုလုပ်ရန် မြန်မာအစိုးရအား တောင်းဆိုလိုက်သည်။
အထွေထွေညီလာခံ၏ဆုံးဖြတ်ချက်များသည် ဥပဒေရေးရာအရ သက်ဆိုင်မှုမရှိသော်လည်း ကမ္ဘာ့အမြင်ကို ထင်ဟပ်သည်။
သူတို့မိသားစုများသည် မြန်မာပြည်တွင်မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့ကြသော်လည်း ဗုဒ္ဓဘာသာလူများစုမြန်မာနိုင်ငံတွင် ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်လူမျိုးများအဖြစ် ကာလကြာမြင့်စွာကတည်းကပင် ယူဆထားကြသည်။ ရိုဟင်ဂျာမွတ်စလင် အားလုံးနီးပါးသည် ၁၉၈၂ ခုနှစ်မှစ၍ နိုင်ငံသားဖြစ်ခွင့်ကိုငြင်းပယ်ခံရပြီး နိုင်ငံမဲ့များအဖြစ် ထိရောက်စွာစီရင်ထားပြီး လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်နှင့် အခြားအခြေခံအခွင့်အရေးများကိုလည်း ငြင်းပယ်ခံခဲ့ရသည်။
ရှည်လျားစွာဖြစ်ပွားနေသော ရိုဟင်ဂျာပြသနာသည် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်တွင် တကျော့ပြန်ဖြစ်ပွားခဲ့ပြီး၊ မြန်မာစစ်တပ်မှ ရိုဟင်ဂျာသောင်းကျန်းသူအုပ်စု၏တိုက်ခိုက်မှုကို တုန့်ပြန်သောအားဖြင့် ရခိုင်တွင် နယ်မြေရှင်းလင်းရေးလှုပ်ရှားမှုဟုခေါ်သည့် စစ်ဆင်ရေးစတင်ခဲ့သည်။ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်ကို အစုလိုက်အပြုံလိုက်ထွက်ခွာသွားခဲ့ကြပြီး၊ လုံခြုံရေးတပ်ဖွဲ့များက မုဒိမ်းမှု လူသတ်မှုနှင့် နေအိမ်ထောင်ပေါင်းများစွာ မီးရှို့မှုများ ကျူးလွန်ခဲ့သည်ဟူ သော စွပ်စွဲချက်များရှိနေသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ် ဟောက်ဒိုဆွမ်းက ဤဆုံးဖြတ်ချက်သည်“ မြန်မာနိုင်ငံအပေါ်မလို လားအပ်သော နိုင်ငံရေးဖိအားပေးမှု လုပ်ဆောင်ရန်အတွက် ဒီဇိုင်းရေးဆွဲထားသော စံနှုန်းနှစ်မျိုး ရွေးချယ်၍ လူအခွင့်အရေးအကြောင်းပြုခွဲခြားဆက်ဆံမှုဆိုင်ရာ စံနမူနာဟု ခေါ်ခဲ့သည်။
ထိုဆုံးဖြတ်ချက်သည် ရခိုင်ပြည်နယ်ရှိရှုပ်ထွေးသောအခြေအနေကိုဖြေရှင်းရန်ကြိုးပမ်းခြင်းမရှိဘဲ စိန်ခေါ်မှုများကိုဖြေရှင်းရန်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုရန်ငြင်းဆန်ခဲ့သည်ဟု မြန်မာသံအမတ်က ပြောကြားသည်။
အဆိုပါဆုံးဖြတ်ချက်နှင့်ပတ်သက်၍ သံအမတ်ကြီးက ပြောကြားသည်မှာ“မယုံကြည်မှုမျိုးစေ့များကိုကြဲချလိုက်တာဖြစ်ပြီးတော့ ဒေသတွင်းရှိမတူကွဲပြားသောလူမှုအသိုင်းအဝိုင်းများကို ပိုမိုကွဲပြားမှုဖြစ်စေလိမ့်မယ်”ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့်ဆယ်စုနှစ်လေးခုအတွင်း ရိုဟင်ဂျာမွတ်စလင်များ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်သို့ဆက်လက် ၀င်ရောက်နေမှုနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ်သြဂုတ်လမှစတင်သော မြန်မာတပ်ဖွဲ့များ စစ်ဆင်ရေးကာလမှစ၍ ရောက်ရှိလာသူ ၇၄၄၀၀၀ အပါအ၀င် စုစုပေါင်း ၁.၁ သန်းရှိသည်ဟု ဆုံးဖြတ်ချက်က ဖော်ပြသည်။
လုံခြုံရေးအဖွဲ့မှ ရိုဟင်ဂျာမွတ်စလင်များနှင့် အခြားလူနည်းစုများ ခံစားခဲ့ရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်အဆိုပါချိုးဖောက်မှုများနှင့် ပတ်သက်၍ လွတ်လပ်သော နိုင်ငံတကာအချက်အလက်များရှာဖွေရေးမစ်ရှင်၏တွေ့ရှိချက်များကိုလည်း အထွေထွေညီလာခံက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ မစ်ရှင်၏ တွေ့ရှိချက်အရ နိုင်ငံတကာဥပဒေအရ ကြီးမားသောပြစ်မှုများ သံသယမရှိ ကျူးလွန်ထားသည်ဟု ဆိုသည်။
"ဒီဆုံးဖြတ်ချက်ကတိုက်ပွဲတွေနဲ့ ရန်လိုမုန်းတီးမှုတွေချက်ချင်းရပ်တန့်ဖို့ တောင်းဆိုလိုက်တယ်။ ရခိုင်ပြည်နယ်က လက်နက်မဲ့လူပုဂ္ဂိုလ်များအပေါ် အင်အားအလွန်အကျွံအသုံးပြုခြင်းနဲ့ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေ၊ စစ်တပ်၏လုံခြုံရေးနှင့်လက်နက်ကိုင်တပ်ဖွဲ့များ ၏ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေများကိုချိုးဖောက်ခံနေရတယ်ဆိုတဲ့ သတင်းများကြောင့် အလွန်စိတ်သောကရောက်ရပါတယ်"ဟု ဖော်ပြထားသည်။
ထို့အပြင်လူ့အခွင့်အရေးချိုးဖောက်မှုများအတွက်တရားမျှတမှုရရှိစေရန်အရေးတကြီးလုပ်ဆောင်ရမည့်အချက်များ မြန်မာစစ်တပ်က တာဝန်ခံစေရေး မြန်မာပြည်သူအားလုံး အကာအကွယ်ပေးရန်နှင့် အပစ်အခတ်ရပ်စဲရန်ကိုပါ ကုလက တောင်းဆိုထားသည်။
ရိုဟင်ဂျာများနှင့်အခြားလူနည်းစုများအပေါ်နိုင်ငံမဲ့ဖြစ်စေမှု၊ စနစ်တကျဖွဲ့စည်းထားသောခွဲခြားဆက်ဆံမှုများကိုဖယ်ရှားပေးရန်၊ ရိုဟင်ဂျာများနှင့် ရခိုင်ပြည်နယ်ရှိ အိုးအိမ်ရွှေ့ပြောင်းနေထိုင်ရသူများထားရှိသော ဒုက္ခသည်စခန်းများကိုဖျက်သိမ်းရန်၊ လုံခြုံစိတ်ချရပြီး မိမိဆန္ဒအလျောက် နေရပ်ပြန်ရေး လိုအပ်သောအခြေအ နေများ ဖန်တီးရန်အချက်များပါဝင်သော ဆုံးဖြတ်ချက်က မြန်မာအစိုးရကို တိုက်တွန်းထားသည်။ ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်များ အပါအ၀င် ဒုက္ခသည်အားလုံး ဂုဏ်သိက္ခာရှိရှိနှင့်ရေရှည်တည်တံ့ခိုင်မြဲသော ပြန်လာခြင်းဖြစ်စေရန် လုပ်ဆောင်ပေးရေး မြန်မာကို တိုက်တွန်းခဲ့ သည်။
ရိုဟင်ဂျာများက အထက်ဖော်ပြပါ အခြေအနေများမရှိခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်မှမြန်မာနိုင်ငံသို့ပြန်လာရန် နှစ်ကြိမ်တိတိ ငြင်းဆန်ခဲ့ကြောင်း သတင်းများအရ သိရသည်။
Ref ; The Daily Star News
UN condemns human rights abuses against Myanmar’s Rohingya
-KSM/ MMGazette ဘာသာပြန်သည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.