Breaking

December 18, 2019

အိုင်စီဂျေကိစ္စ ဒေါ်အောင်ဆန်းစု ကြည်အတွက် နိုင်ငံတကာ ပုံရိပ်ထိသွားနိုင်လား


နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ် မြို့က အိုင်စီဂျေ တရားရုံးမှာ မြန်မာကို ဂမ်ဘီယာက လူမျိုးတုံးသတ်ဖြတ်မှု ဂျီနိုဆိုက် ကွန်ဗင်းရှင်း ချိုးဖောက်တယ်ဆိုပြီး တရားစွဲထားတာကို ပြီးခဲ့တဲ့ သီတင်းပတ်က ၃ ရက်တာ ကြားနာမှုပြုလုပ်ခဲ့ရာမှာ မြန်မာနိုင်ငံဘက်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး သွားရောက် ဖြေရှင်း လျှောက်လဲ ခဲ့ပါတယ်။
တပ်မတော် ကျူးလွန်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို အရပ်သား အစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က တာဝန်ယူ ဖြေရှင်းခဲ့တာက မြန်မာ့ နိုင်ငံရေးနဲ့ ရင်ကြားစေ့ရေးမှာ အပေါ် ဘယ်လိုများ သက်ရောက် စေပါသလဲ။ မြန်မာ့ အရေး လေ့လာသူ စာရေးဆရာ ကျော်ဝင်းကို ဘီဘီစီက သီးသန့် တွေ့ဆုံ မေးမြန်းထားချက်ထဲက တချို့ကို ကောက်နုတ် တင်ပြလိုက်ပါတယ်။
မေး။ ။အိုင်စီဂျေ တရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာ ရှေ့နေ အဖွဲ့က လျှောက်လဲချက်ကို တပ်မတော်ဘက်က စဉ်းစားမယ် ဆိုရင် အစိုးရနဲ့ အစိုးရ ခေါင်းဆောင်က ငါတို့ အဖွဲ့အစည်းကို ကာကွယ်ပေးခဲ့တယ် ဆိုတဲ့ အတွေးမျိုး ရသွားစေနိုင်လား
ဖြေ။ ။ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အဖွင့်မိန့်ခွန်း၊ အပိတ်မိန့်ခွန်းကို ပြန်ကြည့်ရင် သူတော်တော် အစွန်းလွတ်အောင်ပြောသွားတယ်လို့ ထင်တယ်။ အထူးသဖြင့် တပ်မတော်ကို အပြစ် ပုံချသလို မျိုးမဖြစ်အောင်သူ ထိန်းထိန်းသိမ်းသိမ်းပြောသွားတယ်လို့ ထင်တယ်။
ဒါပေမယ့် တစ်ခုရှိတာ က ဒီ ရာဇဝတ်မှုတွေ မကျူးလွန်ဘူးလို့ပြောတဲ့ အထိတော့ မရောက်ဘူး။ ဒါပေမယ့် ဂျီနိုဆိုက် မဟုတ်ဘူး အထူးသဖြင့် ဂျီနိုဆိုက် ရည်ရွှယ်ချက် မရှိဘူး ဆိုသဘောမျိုး တည်ပြောသွားတယ်။
သူအနေနဲ့ ဒီလောက်ပဲပြောလို့ရမယ် ထင်တယ် ။ဒီထက်ပြောလို့ရှိရင် သူပုံရိပ်နဲ့ သူ့သြဇာ ပိုပြီးထိခိုက်စရာရှိတယ်။ အဲ့တော့ ဒါကိုတော့ ဒီလိုပဲ ပြောရမယ်။ တပ်မတော်ခေါင်းဆောင်တွေလည်း နားလည်မယ် ထင်ပါတယ်။
အဲဒီလို နားလည်မှုရှိလာရင်တော့ အဆိုးထဲက အကောင်းလို့ပြောရမှာပေါ့ ဗျာ။ တပ်နဲ့ အစိုးရကြားထဲမှာ သိပ်ပြီးတော့ ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်သေးတဲ့ ယုံကြည်မှုကို တနည်းပြောရရင်တော့ အန်အယ်လ်ဒီ စကားနဲ့ပြောရင် national reconciliation အမျိုးသားရင်ကြားစေ့ရေး အခြေအနေကောင်းလာ တယ်လို့ထင် တယ်။
အဲဒီတော့ national reconciliation မှာ အန်အယ်လ်ဒီနဲ့ တပ်နဲ့ တစ်နည်းပြောရရင် အစိုးရနဲ့ တပ်နဲ့ ဟာ ပြည်ထောင်စုစိတ်ဓာတ်နဲ့ တွဲမိရင်တော့ ပြဿနာမရှိဘူး။
ဗမာစိတ်ဓာတ်နဲ့ တွဲမိရင်တော့ တိုင်းရင်းသားတွေနဲ့ပြဿနာရှိနိုင်တယ်။ ဒါတော့ နည်းနည်းဆင်ခြင်ရမယ်၊ ကျွန်တော်တို့ဆီမှာ အရေးအကြီးဆုံးက national reconciliation ဆိုတာ တပ်ရယ်၊ အစိုးရရယ်၊ တိုင်းရင်းသား လက်နက်ကိုင် ရယ် ဒီ သုံးခု ညီညွတ်ရေးက အခရာ ကျလိမ့်မယ် ထင်တယ်။
မေး။ ။ယေဘုယျ ပြောရင် တပ်မတော်ကို ကာကွယ်တယ် ဆိုတော့ တိုင်းရင်းသားတွေဘက်ကအမြင်ကရော အမြင်စောင်းသွားနိုင်လား
ဖြေ။ ။ အခုတော့ အသံတွေကြားနေရတာတော့ တချို့ စောင်းတဲ့ အဖွဲ့ စည်းလည်း ရှိသလောက် ရှိဟန်တူတယ်။ ဒါပေမယ့် အဲဒါတော့ ကျွန်တော်တို့ နားလည်အေင် ကြည့်ဖို့ လိုတယ်။ အထူးသဖြင့် အစိုးရ အနေနဲ့ တပ်နဲ့ပြေလည်တာနဲ့ တိုင်းရင်းသားတွေ စစ်မျက်နှာ ဖွင့်မယ် ဆိုတာမျိုး မဖြစ်သင့်ဘူး။
ဒါ အစိုးရဘက်က စဉ်းစားရမယ့်ကိစ္စ။ တပ်ကလည်း ဒီအတိုင်းပဲ။ အစိုးရနဲ့ပြေလည်တာနဲ့ တောက်လျှောက် တိုက်နေရတဲ့ရန်သူကို စစ်မျက်နှာ ဖွင့်မယ်ဆို တာမျိုး မဖြစ်သင့်ဘူး။ တိုင်းရင်းသားတွေအနေနဲ့လည်း ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်မယ်ဆိုတဲ့ ကျ ပြီးသား လမ်းကြောင်းကို မျက်ခြေမပြတ်သင့်ဘူး။
ဆိုလိုတာက ခွဲထွက်တာတွေ မဟုတ်ဘဲနဲ့ စုစုစည်းစည်းနဲ့ တကယ့်စစ်မှန်တဲ့ ဖက်ဒရယ် တည်ဆောက်ရေး အတွက် ပဲ သွားသင့်တယ်၊ အဲဒီလို စဉ်းစားနိုင်ကြရင်တော့ သိပ်ပြဿနာမရှိဘူးလို့ ထင်ပါတယ်။
မေး။ ။တပ်မတော်က ဒီလို အဖြစ်ပျက်တွေပေါ့ နိုင်ငံတကာ ဖိအားပဲဖြစ်ဖြစ် နိုင်ငံတကာရဲ့ အရေးယူမှုကြောင့်ပဲဖြစ်ဖြစ် တပ်မတော်အနေနဲ့ သူတို့ရဲ့လုပ်ထုံးလုပ်နည်းတွေမှာ ပြုပြင်ပြောင်းလဲမှု ပိုပြီးတော့ မြင်သာထင်သာရှိမှုတွေ ပြောင်းသွားနိုင်လား
ဖြေ။ ။ ကျွန်တော် အထင်ပြောရရင်တော့ တပ်မတော် ကပြောင်းပါတယ်။ သို့သော် သူ့ရဲ့ပြောင်းတဲ့နှုန်းက ဘေးကလူကြည့်ရင်တော့ အားရကျေနပ်မှု ရှိချင်မှ ရှိမှာပေါ့ဗျာ။ ပြောင်းသလောက် ကတော့ ပြောင်းပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီအပြောင်းလဲဟာ၊ မပြောင်းဘဲ ဒီအတိုင်းထားလည်း ဖြစ်တော့ ဖြစ်တယ်၊၊ ဒါပေမယ့် အနာဂတ်ကောင်းချင် မှကောင်းမှာ ပေါ့။
အခုလို ပြောင်းတာက ရည်ရွှယ်ချက် တစ်ခုနဲ့ပြောင်းတာကို။ ဒီ ရည်ရွယ်ချက်ကလည်း စောစောက ပြောသလိုပေါ့။ အခြေအနေ ပြောင်းလာတဲ့အောက်မှာ legitimacy အားကောင်းလာအောင် လုပ်တဲ့ ရည်ရွယ်ချက်လည်း ပါလိမ့်မယ်။
နောက်ပြီးတော့ တပ်မတော်အတွက် ဆုံးရှုံးသွားတဲ့ ဂုဏ်သိက္ခာတွေ ကို ပြန်ရအောင်လုပ်ချင်တဲ့ စိတ်လည်းပါလိမ့်မယ်။ ဘာဘဲပြောပြော ပြောင်းသလောက် ပြောင်းပါတယ်။
ပြောင်းလို့လည်း ကျွန်တော်တို့ ဒီနေ့ ဒီမိုကရေစီလမ်းကြောင်းက ပွင့်လာတာပေါ့။ အဲတော့ ကျွန်တော်လုံးဝ မပြောင်းဘူး ဆိုတာကတော့ သိပ်ပြီးလက်မခံဘူး။ ဒါပေမယ့်စိတ်တိုင်းကျ ပြောင်းသွားပြီလို့လည်း မပြောနိုင်သေးဘူး။
မေး။ ။ နိုင်ငံတကာရဲ့ ဥပဒေ အရေးယူမှု နဲ့ စီးပွားရေးအရ အရေးယူမှု နှစ်ခုမှာဆိုရင် တပ်အတွက်က ဘယ်ဟာကအလေးသာနိုင်မယ် ထင်လဲ
ဖြေ။ ။တပ်က တကယ့်ပြုပြင် ပြောင်းလဲရေး စိတ်ဓာတ် ရှိပြီဆိုရင် ဥပဒေအရ အရေးယူတာပဲ ဖြစ်ဖြစ် စီးပွားရေးအရ အရေးယူတာပဲ ဖြစ်ဖြစ် တစ်ခုမှ သူ့အတွက် ကောင်းစရာမရှိဘူး။ တကယ်ပြုပြင် ပြောင်းလဲချင်ပြီဆိုရင် အရေးယူမှုတွေကို တက်နိုင်သလောက်ရှောင်ဖို့လိုတယ်။နောင် မဖြစ်အောင် ထိန်းဖို့လိုတာပေါ့။ ကျွန်တော်လည်းဒီလိုပဲ စဉ်းစားပါတယ်။
မေး။ ။တပ်မတော်ရော၊ အစိုးရရော အားလုံးပေါင်းပေါ့လေ ဒီအိုင်စီဂျေ ဖြစ်စဉ် တစ်ခုကနေ အဆိုးထဲက အကောင်း ထုတ်နုတ်တာမျိုးဟာဆိုရင် ဘာတွေထုတ်နုတ်နိုင်မလဲ
ဖြေ။ ။ အထူးသဖြင့်တော့ တာဝန်ရှိတဲ့ အစိုးရ နဲ့ တပ်၊ သူတို့အနေနဲ့လည်း ပြောင်းလဲ လာတဲ့ အခြေအနေနဲ့ နိုင်ငံတကာ ပုံရိပ်ရဲ့ အရေးပါပုံကို သဘောပေါက်ပြီး ထိန်းထိန်းသိမ်းသိမ်း သွားကြဖို့ လိုလိမ့်မယ်ထင်တယ်။ လူထု က သူတို့လောက် တာဝန်မရှိဘူး။ ဒါပေမယ့် အထိုက်အသင့်တော့ တာဝန်ရှိမယ် ထင်တယ်။ တစ်ဖက် ကနေပြီး အမုန်းစကားတွေ နဲ့ တွန်းပြောတာမျိုး ဆင်ခြင်ရဖို့လိုမယ်။ အားလုံးက ကိုယ်တာဝန်နဲ့ ကိုယ်ယူနိုင်ကြမယ် ဆိုရင် ဒါတွေကို အနှေးနဲ့ အမြန် ကျော်လွှားနိုင်မယ်လို့ ထင်ပါတယ်။ သို့သော် ဒါတွေက အချိန်တော့ ပေးရလိမ့်မယ်။ဝမ်းသာစရာတစ်ခုကတော့ အရင် အတွေ့အကြုံတွေက ၁၀နှစ် ဝန်းကျင်ကြာတယ်ဆိုတော့ ကျွန်တော်တို့ အချိန်ရပါတယ်။ ဒီရတဲ့ အချိန်အတွင်းမှာ နိုင်ငံတကာက ကျွန်တော်တို့ အပေါ် ထားတဲ့ပုံရိပ်တွေ ပြောင်းလာအောင် သံခင်းတမန်ခင်း လုပ်မယ်ဆိုရင် လုပ်ဖို့ အခွင့်ရေး ကောင်းကောင်းရနိုင်ပါတယ်။ အဲဒါကို လည်း အစိုးရ အနေနဲ့ လုပ်စေချင်တယ် ။
မေး။ ။ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲတွေ အခုရက်ပိုင်း မှာ အများကြီးဖြစ်လာတယ်ဒီလိုမျိုးနိုင်ငံရေး အကျိုးအမြတ်ထွက်နိုင်တယ်ယူဆလို့ ဦးဆောင်မှုကို ယူသွားတယ် ဆိုပြီး စွပ်စွဲ ပြောဆို ကြတာရှိတယ်၊ ဒီဟာဆို ရင်ရော ဆရာ ဘယ်လိုမျိုးသုံးသပ်မလဲ
ဖြေ။ ။ပြေ ကြရင်တော့ အိုင်စီဂျေကိစ္စ မှာ သူကိုယ်တိုင် ဦးဆောင်ပြီး ရှင်းမယ်ဆိုတဲ့ ကိစ္စက တော်တော် လေးrisk ကကြီးတယ်။
ချက်ချင်း နိုင်ငံတကာမှာ ဟီးရိုးကနေ ဇီးရိုး ဖြစ်သွားနိုင်တဲ့ အနေအထား။ အဲဒါနဲ့ရွေးကောက် ပွဲအောင်နိုင်ရေးနဲ့ လဲနိုင်မလား။ ဒါသူ့ဘက် ကစဉ်းစားကြည့်တာပါ။
လာမယ့်ရွေးကောက်ပွဲမှာ ကျွန်တော်အထင်ပေါ့လေ။ တိုင်းရင်းသားဒေသတွေတော့ သိပ်မပြောတတ်ဘူး။ ပြည်မမှာတော့ ဒေါ်အောင်ဆန်းစုကြည်ပဲ နိုင်ဦးမယ်ထင်တယ်။
ဒီတော့ အဲဒီစဉ်းစားချက်ကတော့ ရွေးကောက်ပွဲ သဘာဝပေါ့ဗျာ။ စဉ်းစားကြတာပေါ့။ စဉ်းစားတဲ့ သူတွေကိုတော့ ကျွန်တော်က သိပ်ပြီးတော့ အပြစ်မတင်ချင်ပါဘူး။ ဒါပေမယ့် သိပ်တော့ ဖြစ်နိုင်ခြေ မရှိဘူးလို့ ထင်ပါတယ်။တခုတော့ရှိတယ် သြဇာတော့ ကြီးသွားတာတော့သေချာတယ်။
အဲဒီတော့ ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ဒါကတော့ အန်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစု ကြည် အတွက် အကျိုးရလဒ် တစ်ခုလို့ပြောလို့ ရတယ်။
မေး။ သူ့အတွက် နိုင်ငံတကာ ပုံရိပ်ရောထိသွားနိုင်လား။
ဖြေ။ ။သူ့အတွက် ဆိုတာထက်တိုင်းပြည် အတွက် ပိုစဉ်းစားတယ်ဗျ။ အခုလောလောဆယ်မှာတော့ သူကတိုင်းပြည်ကို ကိုယ်စားပြုထားတဲ့ အနေအထားဆိုတော့ သူ့အတွက် နဲ့တိုင်းပြည်အတွက် က သိပ်ခွဲလို့ မရဘူး။
ကဲထားပါတော့ဗျာ ခန့်မှန်းချက် တစ်ခုပေါ့။ ဒါ ဟုတ်ချင်မှတော့ ဟုတ်မယ်။ အခု ဂမ်ဘီယာဘက်ကတော့ တောင်းဆိုထားတဲ့ ကြားဖြတ်အစီအမံ ကိုပေါ့။ ကျွန်တော်တို့ရှုံးသွားပြီ၊ လိုက်လျော ရပြီဆိုပါတော့။ အဲဒီလို ဆိုရင်ဒါတွေကို ဒီဘက် အစိုးရနဲ့ တပ်က လုပ်မလား မလုပ်ဘဲနေမလား။
ဒါလည်းပြဿနာရှိတယ်။ ခက်တာက ဒါတွေကို မလုပ်ဘူးဆိုရင် သူ့ကို enforce လုပ်ပေးမယ့် ရဲတပ်ဖွဲ့လို ဟာမျိုးက မရှိဘူး။ ကျွန်တော် နားလည်တာကတော့ သွားလို့ရှိရင် လုံခြုံရေးကောင်စီကနေ ပဲသွားရမယ်။ သွားကြရင် သာမန်စဉ်းစားကြည့်ရင် တရုတ် နဲ့ရုရှားရှိတယ် စိုးရိမ်စရာမရှိဘူးဆိုတဲ့အနေ အထားတစ်ခုပေါ့ ဗျာ။
နောက်တစ်ခု ပြီးသွားလို့ နောက်ထပ် တစ်ခုဆိုရင်လည်းတော်တော်ကြာသွားပြီ။ အနည်းဆုံးအချိန်က ၁၀ နှစ် ဝန်းကျင်ကြာမယ်။ အဲဒီတော့ အဲဒီအနေ အထားတွေရှိတော့ ဘာပဲပြောပြော တရုတ်ကို ပိုပြီး မှီခို အားထားရမယ့် အနေအထားရောက်သွားမယ်။
အဲဒီလို ဖြစ်သွားရင်တော့ တိုင်းပြည် ဖွံဖြိုးတိုးတက်ရေးအတွက် ပြဿနာရှိနိုင်တယ်။ အနည်းဆုံးတစ်ဖက် ကလည်း ဒီအတိုင်းတော့ ငြိမ်ခံနေမှာ မဟုတ်ဘူး အနည်းဆုံး တုံ့ပြန်နိုင်တာက ဆန်ရှင် နဲ့ တုံ့ပြန်နိုင်တယ်။
ကျွန်တော်တို့ ကတော်တော် ကံဆိုးတာ။ ၁၉၆၂ ကနေ ၁၉၈၈ အထိ ကိုယ်ဘာကိုယ် တံခါးပိတ်ခဲ့ကြတာ။ ဘယ်သူမှ ပိတ်တာ မဟုတ်ဘူး။
၁၉၈၈ နောက်ပိုင်းကျတော့ ယေဘုယျပြောရင် နောက်ပိုင်းပဲ ထားပါတော့ဗျာ။ ၁၉၉၀ နောက်ပိုင်းပေါ့။ အတိအကျ ပြောရရင် ၊အဲဒီမှာ တစ်ဖက်က တံခါးပိတ်ခံရတယ်။
အခု တခါ တံခါးလေးပွင့်သယောင် ယောင်ဖြစ်ပြီး သိပ်မကြာဘူး ပြန်ပိတ်ခံရမယ်ဆိုတော့ တိုင်းပြည် ကံကြမ္မာက တော်တော်အခြေအနေ ဆိုးသွားတယ်။ အဲဒါကတော့ တိုင်းပြည်ထူထောင်ရေးအတွက်ရော ဒီမို ကရေစီ ရရှိရေးအတွက် သိပ်မကောင်းဘူးလို့ ထင်တယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.