Breaking

December 7, 2019

မုရိုးပင်နှင့် ဆေးစွမ်းအသုံး


 မုရိုးပင်(သို့) ငဖြူကြီး
“ကင်းထိုး ကင်းကိုက် ငဖြူကြီးလိုက်” ဟု ရှေးဆေးဆရာကြီးတစ်ဦး ပြောဖူးသည်။ ကင်း(၃)ကင်းရှိသည်။ ကင်းခြေများ၊ကင်းမလက်မည်း (ခေါ်) ကင်းမြီးကောက်၊ ကင်းပျလေးတို့ဖြစ်သည်။ တောသူတောင်သားတို့ မမျှော်လင့်ပါပဲ ကင်းထိုးကင်းကိုက်ခြင်း မကြာခဏခံရတတ်ပြီး အတော်လည်း ခံရဆိုးပါသည်။ မုရိုးပင်အား ငဖြူကြီး၊ နဖြူကြီး၊ နို့ခဲပင်၊ မရိုးပင်၊ ကျွဲပေါက်ပင် အမျိုးမျိုးခေါ်ကြပါသည်။ ထိုအပင်မှာ လမ်းဘေးတွင် အလေ့ကျ ပေါများစွာ ပေါက်တတ်ပါသည်။
အများပြည်သူနှင့် တောသူတောင်သားတို့ မုရိုးပင်၏ ဆေးအသုံးလေး သိပါက ကင်းထိုးကင်းကိုက်ခြင်း ခံရသူကို ပျောက်ကင်းသက်သာစေသော နည်းလမ်းပြနိုင်ပါမည်။ ကင်းထိုးခြင်း ခံရသော အပေါက်အား ငဖြူကြီးပင်မှ ကိုင်းတစ်ကိုင်းကို ချိုးလိုက်ပါက အစေးဖြူများ ထွက်လာပါမည်။ ထိုအစေးဖြူအား အနာဝသို့ ထည့်ပေးလိုက်ခြင်း ဖြစ်ပါသည်။
သိစေချင်သည်က ကင်း(၃)ကင်း၊ ဘယ်ကင်း ကိုက်ကိုက် ထိုးထိုး ငဖြူကြီး (ခေါ်)မုရိုးပင်ကို သတိရစေရန် တင်ပြလိုခြင်းဖြစ်ပါသည်။ အမှန်လက်တွေ့ ပျောက်ကင်းခဲ့သူများစွာ ရှိပါသည်။
နို့ခဲပင် –
ငဖြူကြီး အစေးအား မြေအိုးတွင်သုတ်လူးပြီး နွားနို့၊ ကျွဲနို့ကို ကျိုချက်ပါက နို့ခဲစေနိုင်သော သတ္တိရှိပါသည်။ နို့ကိုခဲစေသည့် အစေးသတ္တိရှိ၍ နို့ခဲပင်ဟုခေါ်ခြင်း ဖြစ်ပါသည်။
လက်တွေ့အဖုအကြိတ် –
အရွက်ကို မီးကင်ပြီး အစေးနှင့်ရောကပ်ပါက အဖုအကျိတ် အမှန်ပျောက်ပါသည်။
ခြေဖနောင့်ကွဲ –
အစေးဖြူကို ဖနောင့်ကွဲနေသော နေရာကို ထည့်ပေးခြင်းဖြင့် သေက်သာပျောက်ကင်းသည်။
အသားမာ(ငါးမျက်စိ) –
အစေးဖြင့် ပွတ်ပေးခြင်း၊ အရွက်ဖြင့် ကြိတ်အုံခြင်းဖြင့် အလိုလို ပျောက်ကင်းစေပါသည်။
အမျိုးသမီးများ သားအိမ်တွင်း သွေးလုံး၊ လေလုံး
ဆနွင်းမှုန့်နှင့် မုရိုးစေးကို ရောစပ်ပြီး ဝမ်းဗိုက်အား လိမ်းပေးပါက တဖြည်းဖြည်း သေးငယ်ကာ သက်သာပျောက်ကင်းစေပါသည်။
တင်းတိပ် –
သနပ်ခါးနှင့် မုရိုးစေးကို သွေးလိမ်းပေးပါက တင်းတိပ်ပျောက်ပါသည်။
ခါးနာ၊ ဒူးနာ –
မုရိုးရွက်များအား မီးကင်ပြီး အဝတ်ပတ္တီးဖြင့် ပတ်စည်းပေးပါက သက်သာပျောက်ကင်းပါသည်။
ပန်းနာ၊ ရင်ကြပ် ဆားကိုချက် –
ပဉ္စ(၅)ပါးကို မြေအိုးဖြင့် စိတ်ရှည်စွာပြုတ်ပြီး အမြှုပ်တက်တိုင်း ခပ်ယူ၍ အမြှုပ်များကို သံဒယ်သန့်သန့်တွင် အမှုန့်ဖြစ်အောင်လှော်၍ ဆားချက်ပါ။ ထိုဆား(၁)ပဲသားလျှင် ပျားရည်(၅)ကျပ်သားဖြင့် ရောစပ်ပြီး နံနက်၊ ည၊ လက်ဖက်စားဇွန်း(၁)ဇွန်း စားပေးပါက ပန်းနာအမြစ် ပြတ်ပါသည်။
လေးဘက်နာ –
ပဉ္စ(၅)ပါးအား အိုးကြီးတွင်ပြုတ်၍ ရေချိုးပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါသည်။
အနာစိမ်း၊ မွေးကျွတ်နာ –
အရွက်ကို မီးကင်ပြီး ကပ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းပါသည်။
မုရိုးခေါ် ငဖြူကြီးပင်မှာ များစွာသော အံ့သြဖွယ် ဆေးအစွမ်းများ ရှိနေပါကြောင်း တင်ပြအပ်ပါသည်။ ဆရာဝန်၊ ပါရဂူ၊ဆေးခန်း၊ သိပ္ပံဆေးဝါးများ ပြသရန် ဝယ်ယူရန် ခက်ခဲသူများအတွက် မုရိုး(ခေါ်)ငဖြူကြီးကို သတိရစေရန် ဖြစ်ပါသည်။
စာကိုး။ နက္ခတ္တရောင်ခြည် (ကင်းအဆိပ်ဘုရင် ငဖြူကြီးပင်(သို့)မုရိုးပင်)မှ ထုတ်နုတ်သည်။
Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

No comments:

Post a Comment

Note: Only a member of this blog may post a comment.