Breaking

December 6, 2019

ICJ မှာ စွဲဆိုတာ လူသားတရပ်လုံးနဲ့ သက်ဆိုင်ဟု ဂမ်ဘီယာ ယူဆ


06 ဒီဇင်ဘာ၊ 2019

မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲတဲ့ကိစ္စဟာ အစ္စလာမ်မစ်ကိစ္စရပ်တခုထက် ကျော်လွန်ပြီး လူသားတရပ်လုံးနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်ဖြစ်တယ်လို့ ဂမ်ဘီယာ တရားရေးဝန်ကြီး Abubacarr Tambadou က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းမယ့် အပေါ်မှာလည်း ဝမ်းမြောက်ကြောင်း ဂမ်ဘီယာနိုင်ငံဘက်နေ ဦးဆောင် လျှောက်ထားမယ့် မစ္စတာ Tambadou ကပြောပါတယ်။ ဂမ်ဘီယာနိုင်ငံ၊ Banjul မြို့တော်မှာ မစ္စတာ Tambadou ကို တွေ့ဆုံမေးမြန်းထားတဲ့ ရိုက်တာသတင်းဌာနရဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ဂမ်ဘီယာ တရားရေးဝန်ကြီး Tambadou ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသက ဒုက္ခသည်စခန်း တွေ ကို ၂၀၁၈ ခုနှစ် အစောပိုင်းက သွားရောက်ခဲ့ဖူးသူပါ။ သူတို့ တွေ့ကြုံခံစားခဲ့ရတာတွေကို ဒုက္ခသည်တွေ ပြောပြတာ ကြားခဲ့ရတဲ့ မစ္စတာ Tambadou ဟာ ၁၉၉၄ ခုနှစ် ရဝမ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ တရားစီရင်မှုမှာ ဆယ်စုနှစ်တခုကျော်ကြာ ပါဝင်ဆောင်ရွက် ခဲ့ဖူးသူမို့ သူကြားရတာတွေက သိပ်ကိုဆင်တူ နေတယ်လို့ ပြောပါတယ်။

“လူအများအပြား သတ်ဖြတ်ခံရတာကို ရင်ဆိုင်ရချိန် အကူအညီမဲ့ပုံတွေ၊ မုဒိန်းကျင့်ခံရတာတွေ၊ နှိပ်စက်ညှဉ်း ပန်းခံရတာတွေ၊ ကလေးတွေကို အရှင်လတ်လတ် မီးရှို့သတ်တာတွေ စတဲ့အဖြစ်အပျက် တွေဟာ ရဝမ်ဒါဆိုင်ရာ နိုင်ငံတကာ တရားခုံရုံးမှာ ရှေ့နေတဦးအဖြစ် လုပ်ကိုင်ဆောင်ရွက်ဖူးတဲ့ ကျနော့်အတွေ့အကြုံအရဆိုရင် သိပ်ကိုတူလွန်းပါတယ်။ အဲဒီအဖြစ် အပျက်တွေအားလုံးဟာ genocide ပြစ်မှုမြောက်တာကို ကျနော်တွေ့ရပါတယ်။ ဒီအဖြစ်အပျက်တွေဟာ အရင်က ကျနော်ကြားခဲ့ ရတဲ့အဖြစ်အပျက်တွေနဲ့ သိပ်ကိုဆင်တူတာကြောင့် ဒါတော့ မဖြစ်သင့်တော့ဘူး၊ ဒါနဲ့ပတ်သက်ပြီး တခုခုတော့ လုပ်ရမယ်ဆိုပြီး ကျနော်တွေးခဲ့ပါတယ်။”

မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ လုံခြုံရေးတပ်ဖွဲ့တွေက genocide ပြစ်မှုကို ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ မဟုတ်မှန် ကြောင်း ငြင်းထားပြီး လက်နက်ကိုင် အစွန်းရောက်ဝါဒီတွေကို တိုက်ခိုက်တာ သာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။

မစ္စတာ Tambadou ဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကို ဆန်းစစ်ဖို့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) မှာ ကော်မတီတခုဖွဲ့စည်းရေး ဆုံးဖြတ်ချက် မူကြမ်းတရပ်ကို တင်သွင်းခဲ့ပါတယ်။ ဒီနှစ်မှာတော့ မြန်မာနိုင်ငံကို တရားစွဲဆို ရေး OIC အဖွဲ့ဝင် ၅၇ နိုင်ငံလုံးကထောက်ခံဖို့ စည်းရုံးခဲ့ပါတယ်။

ဒီလိုလုပ်ဆောင်တာနဲ့ပတ်သက်ပြီး မစ္စတာ Tabadou ရှင်းပြတာက

“ဒီအခြေအနေမှာ အဲဒါက အရေးကြီးတဲ့ အချက်တချက်ပါ။ OIC ဟာ အစ္စလာမ်မစ်အဖွဲ့တဖွဲ့ဆိုတာ မှန်ပါ တယ်။ ကမ္ဘာတဝန်းက မွတ်ဆလင်တွေရဲ့ အခွင့်အရေးကို ကာကွယ်ထိန်းသိမ်းဖို့ ဖွဲ့စည်းထားတာပါ။ မြန်မာနိုင်ငံဖြစ်ရပ်မှာတော့ အစ္စလာမ်မစ်ကိစ္စရပ်တခု ဆိုတာထက် အများကြီး ကျော်လွန်ပါတယ်။ ဒါက ကျနော်တို့ လူသားမျိုးနွယ်တရပ်လုံးနဲ့ ဆိုင်တယ်လို့ ကျနော်ယူဆပါတယ်။”

ရှေ့သီတင်းပတ်ကျရင်တော့ နယ်သာလန်နိုင်ငံ၊ The Hague မြို့က ICJ မှာ မစ္စတာ Tambadou ဦးဆောင်တဲ့အဖွဲ့ဟာ မြန်မာ နိုင်ငံအပေါ် သူတို့တရားစွဲဆိုထားတာနဲ့ပတ်သက်ပြီး လျှောက်ထားကြ တော့မှာပါ။

ရိုဟင်ဂျာအရပ်သားတွေအပေါ် အင်အားသုံး ဖိနှိပ်တာတွေ ရပ်တန့်ဖို့၊ မြန်မာနိုင်ငံဟာ လူမျိုးတုံး သတ်ဖြတ်မှုကို ကျူးလွန်ထား တယ်ဆိုတာ အဆုံးတနေ့မှာ သိရှိနိုင်စေမယ့် အထောက်အထားတွေကို ထိန်းသိမ်းထားဖို့ ICJ တရားသူကြီးတွေက မြန်မာနိုင်ငံကို ချက်ခြင်း အမိန့်ထုတ်ညွှန်ကြားပေးရေး မစ္စတာ Tambadou က လျှောက်ထားမှာပါ။

မြန်မာစစ်ဘက်ဟာ “လူမျိုးတုန်းသတ်ဖြတ်ဖို့ ရည်ရွယ်ချက်” နဲ့ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ တွေ့ရှိချက်တွေအပေါ် အခြေခံထားတဲ့ စွဲချက်တွေအပေါ် ရိုဟင်ဂျာလို့ သုံးနှုန်းတာကို လက်မခံတဲ့ မြန်မာအစိုးရက အပြင်း အထန် တုံ့ပြန်ထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး ICJ မှာ ရင်ဆိုင်ဖြေရှင်း သွားမယ်လို့လည်း ကြေညာ ထားပါတယ်။

ရိုဟင်ဂျာအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရေး နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ မြန်မာအစိုးရက နှစ်ပေါင်းများစွာ ငြင်းဆန်လာရာကနေ အခုလို တုံ့ပြန်လာတဲ့အပေါ် မစ္စတာ Tambadou ကတော့ ကျေနပ်တယ်လို့ပြောပါတယ်။

“မြန်မာအစိုးရအဖွဲ့ရဲ့ တကယ့်အဆင့်မြင့်ပုဂ္ဂိုလ်တွေ တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းမယ့်အပေါ် ကျနော် ဝမ်းမြောက်ပါတယ်။ ဒါက ဒီအမှုနဲ့ပတ်သက်ပြီး သူတို့ တကယ်ပဲ အလေးအနက်ထားတယ်ဆိုတာ ပြပါတယ်။”

သူ့နိုင်ငံ လူထုအတွက်သာမက ကိုယ်တိုင် ထုတ်ဖော်ပြောဆိုခွင့် မရသူတွေအတွက်ပါ သူ့မှာတာဝန်ရှိတယ်လို့ ခံယူတဲ့အတွက် အခုလိုမျိုး ဂမ်ဘီယာနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို တရားစွဲဆိုရတာဖြစ်တယ်လို့ ုမစ္စတာ Tambadou ကပြောပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.