Breaking

April 26, 2020

ဥပုသ်ကာလ အိမ်မှာပဲဝတ်ပြုကြဖို့ အစ္စလာမ်ခေါင်းဆောင်တွေ တိုက်တွန်း

ကျော်လွင်ဦး
2020-04-25
 
 
ဧပြီလ ၂၅ ရက် ဒီနေ့ကစပြီး အစ္စလာမ်ဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ရာမဒွါန်ဥပုသ်လကို ရောက်ရှိမှာဖြစ်ပါတယ်။
ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဟာ တစ်ကမ္ဘာလုံးမှာ ကပ်ရောဂါအဖြစ် ကမ္ဘာကျန်းမားရေးအဖွဲ့က ကြေညာထားသလို မြန်မာနိုင်ငံမှာလည်း ရောဂါကူးစက်မှု များလာတာကြောင့် လူစုလူဝေး မလုပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးတွေနဲ့ အစ္စလာမ်သာသနာပညာရှင်တွေ ပူးပေါင်းပြီး ဥပုသ်လမှာ မိမိနေအိမ်မှာဘဲ ဝတ်ပြုဆုတောင်းကြဖို့ မင်္ဂလာတောင်ညွန့်မြို့နယ် ရောင်နတ်ဗလီ ရှေ့ဆောင်ဆရာ မွဖ်သီအလီက ပြောပါတယ်။
“ဗလီဝတ်ကျောင်းတွေမှာ စုပေါင်းဝတ်ပြုတယ်ဆိုတာ ကျနော်တို့ အစ္စလာမ်သာသနာဝင်တွေအတွက် သိပ်အရေးပါတဲ့အရာတစ်ခုပေါ့၊ ဒီတခါ နိုင်ငံတော်နဲ့ ပတ်သက်သွားပြီ၊ တစ်ကမ္ဘာလုံးနဲ့ ပတ်သက်သွားပြီဆိုတော့ ကျနော်တို့ ဖြစ်ချင်တဲ့ဆန္ဒတွေ ဘေးဖယ်ထားပြီးတော့ ကျနော်တို့ အစ္စလာမ်သာသနာဝင်တွေ ကိုယ့်အတွက်လည်းပါတယ် အများအကျိုးအတွက်လည်းပါတယ်၊ ကျနော်တို့ အစ္စလာမ်သာသနာဝင်တွေကို ကိုယ်အိမ်မှာကို ဝတ်ပြုဖို့ နှိုးဆော်ထားတယ်၊ တိုက်တွန်းထားတယ်”
ဒီလိုဥပုသ်လအခါကာလအတွင်း အစ္စလာမ်ဘာသာဝင်တွေဟာ ဗလီဝတ်ကျောင်းတွေမှာ ဝတ်ပြုဆုတောင်းတာ၊ ဥပုသ်စောင့်တာ၊ အလှူအတန်းပေးတာတွေ လူစုလူဝေးနဲ့ ပြုလုပ်လေ့ရှိပါတယ်။
အိမ်မှာပဲနေဖို့ အစ္စလာမ်အဖွဲ့ချုပ်က အခုလိုညွှန်ကြားပေးတာ လက်ခံတယ်လို့ ပိတ်သိမ်းဖျက်ဆီးခံ ဗလီတွေ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိရေး ကော်မတီပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်မြင့်က ပြောပါတယ်။
“လူစုလူဝေးကို ရှောင်ကျင်ပြီးတော့၊ အရင်တုန်းက လုပ်ခဲ့တဲ့ အစဉ်အလာတွေအားလုံးကို ရပ်ပြီးတော့ အဲဒီကိုယ်စား အိမ်မှာပဲ မိသားစုနဲ့လုပ်ဖို့ အတိအကျ လမ်းညွှန်ပေးတာပါ၊ ဒီလို့မျိုး သက်ဆိုင်ရာအဖွဲ့ကြီးက အတိအကျ လမ်းမညွှန်ခဲ့ဘူးဆိုရင် ကျနော်တို့ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဖြစ်နေလိမ့်မယ်၊ လုပ်ချင်တာတွေ လုပ်ကုန်ကြလိမ့်မယ်၊ အခုဟာက မြန်မာနိုင်ငံလုံးဆိုင်ရာ အားလုံးကို ကိုယ်စားပြုပြီးတော့ မြို့ထင်မကဘူး ကျေးရွာတွေပါ  အားလုံးလိုက်နာဆောင်ရွက်ရမယ့်ကိစ္စတစ်ခုကို အချိန်နဲ့တစ်ပြေးညီ ညွှန်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
အခြား ပြင်ပပုဂ္ဂိုလ်တွေမပါဘဲ မိသားစုနဲ့သာ ဝတ်ပြုဖို့၊ ဗလီဝတ်ကျောင်းတွေမှာ သက်ဆိုင်ရာဗလီ ရှေ့ဆောင်ဆရာနဲ့ ဗလီဝန်ထမ်းတွေသာ ဝတ်ပြုဖို့၊ ဝါဖြေရာမှာလည်း စုပေါင်း ဝါဖြေတာတွေမလုပ်ဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက တိုက်တွန်းထားပါတယ်။
ရာမဒွါန်ဥပုသ်လမှာ ကပ်ဘေးကြောင့် စားဝတ်နေရေး အခက်အခဲကြုံတွေ့နေတဲ့ မရှိဆင်းရဲသားတွေကို တတ်နိုင်သမျှ ထောက်ပံ့လှူဒါန်းဖို့လည်း တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်လို့ ရန်ကုန်တိုင်းအစိုးရ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။
“ညွှန်ကြားလွှာက ထွေထွေထူးထူးတော့ မဟုတ်ပါဘူး၊ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက သူ့ဘာသာဝင်တွေကို စာထွက်ထားတာရှိတယ်၊ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ တိုင်ပင်ပြီးထွက်ထားတာ၊ အဲစာပေါ်မှာပဲ ကျနော်တို့က ကြပ်မတ်ပြီးတော့ ဆောင်ရွက်သွားဖို့ဆိုပြီး ထွေအုပ်တွေကို စာထွက်ထားတာ”
ကျန်းမာရေးဝန်ကြီးဌာနက လူစုလူဝေးတွေမလုပ်ဖို့ ညွှန်ကြားချက်တွေ ထုတ်ပြီးကတည်းက သက်ဆိုင်ရာ ဗလီတွေမှာ စုပေါင်းဝတ်ပြုတာတွေကို ပိတ်ထားတယ်လို့လည်း ဘာသာရေးခေါင်းဆောင်တွေက ပြောပါတယ်။
အလားတူ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ဘုရားစေတီ ဘုန်းကြီးကျောင်းတွေ၊ ခရစ်ယာန် ဘာသာဝင်တွေရဲ့ ဘုရားရှိခိုးကျောင်းတွေနဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ ဘုရားကျောင်းတွေဟာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဟန့်တားနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အတိုင်း လူစုလူဝေးတွေ မဖြစ်အောင် ဝတ်ပြုတာတွေမလုပ်ဖို့ ပိတ်ထားပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.