Breaking

May 10, 2020

အပူဒဏ် အန္တရာယ် သတိထားဖို့ ကျန်းမာရေးဌာန သတိပေး

 
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မေလ ဒုတိယ ၁၀ ရက်အတွက် ခန့်မှန်းထုတ်ပြန်ချက်မှာ ကချင်ပြည်နယ်ကလွဲပြီး ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ ပုံမှန်အပူချိန်ထက် ၁ ဒဿမ ၅ ဒီဂရီ စင်တီဂရိတ်အထက် ပိုနိုင်တယ်လို့ ပြောထားပါတယ်။

နေ့အပူချိန် မြင့်တက်တာနဲ့အတူ ညအပူချိန်တွေလည်း မြင့်တက်နေတယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

"ရေခိုးရေငွေ့ရှိပေမယ့် မိုးရွာလောက်အောင် အလုံလောက်မရှိဘူး။ နေ့ခင်းဘက်မှာ ပူထားတဲ့အပူရှိန်ကို မြေကြီးကနေ စုပ်ယူထားတော့ ညဘက်မှာ ထုတ်ပေးတယ်။ ဒါတွေကြောင့် နေ့ဘက်ရော ညဘက်ရော အပူရှိန်ကို သိသိသာသာ ခံစားနေရတာရှိပါတယ်။"

အပူချိန် မြင့်တက်တာတွေကြောင့် ဂနာမငြိမ်တာ၊ ခေါင်းမူး ခေါင်းနောက်ဖြစ်တာ၊ ကြွက်တက်တာ၊ နုံးချိပျော့ခွေတာ၊ ခန္ဓာကိုယ် အပူချိန်တက်တာ၊ ချွေးခမ်းခြောက်တာ၊ ကယောင်ကတမ်းဖြစ်တာ၊ သတိလစ်တာတွေ ဖြစ်တတ်တယ်လို့ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားတာပါ။

လူတစ်ယောက်ရဲ့ ခံနိုင်ရည်အပူချိန်ဟာ ၃၇ ဒီဂရီ စင်တီဂရိတ်ဖြစ်ပြီး ဒီထက်ပိုများတဲ့ အပူချိန်ရောက်ရင် ကိုယ်လက် မအီမသာတာတွေ ဖြစ်နိုင်တာကနေ အသက်အန္တရာယ်အထိ ထိခိုက်နိုင်တယ်လို့  အထွေထွေရောဂါကု ဆရာဝန် ဦးကျော်စွာဦးက ပြောပါတယ်။

"ဒီလို ရာသီဥတုမြင့်တက်လာတဲ့အချိန်မှာ ဆေးရုံတွေကို ကိုယ်အပူချိန် ၁၀၄၊ ၁၀၅ နဲ့ရောက်လာတတ်တယ်။ အပူရှပ်သလိုဖြစ်ပြီး ရောက်လာကြတယ်။ ၁၀၅ ဆို ထိန်းနိုင်ဖို့ခက်သွားပြီ။ ခက်သွားပြီဆိုတာက အဲဒီအချိန်မှာ ကုသမှုမခံယူဘူးဆိုရင် အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ခန္ဓာကိုယ်က ဒါကို မထိန်းနိုင် တော့ဘူး။"


နေ့အချိန်မှာ ရာသီဥတုပူပြင်းတာကြောင့် တနေ့လုံးလိုလို ချွေးတွေထွက်နေပြီး နုံးချိနေသလို ခံစားကြရပါတယ်။ ညအချိန်မှာလည်း ပူအိုက်နေတာကြောင့် အိပ်မရတာတွေလည်းရှိပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့အစိမ်းရောင်ကွန်ရက်က အသက် ၇၀ ကျော်အရွယ် ဒေါ်ဒေဝီသန့်စင်ကတော့ ကျန်းမာရေးအတွက် ပြီးခဲ့တဲ့နှစ်တွေမှာ ရှမ်းပြည်နယ်ဘက်ကို အပူရှောင်ဖို့ သွားနေဖြစ်ပေမယ့် ဒီနှစ်မှာတော့ ခရီးသွားလို့ မရတဲ့အတွက် အိမ်မှာပဲနေဖြစ်တယ်လို့ ပြောပါတယ်။

"အိမ်မှာပဲ။ ရှမ်းပြည်သွားမလို့ဟာကို မသွားလိုက်ရဘူး။ အိမ်ကအခန်းလေးထဲမှာပဲ နေရတာပေါ့။ နေ့ခင်းဘက်ဆို တအားပူတာပဲ။ ဒေါ်လေးကလည်း အဲယားကွန်း ကြိုက်တဲ့သူမဟုတ်ဘူးလေ။ သဘာဝလေကို ကြိုက်တာ။ ဒါပေမဲ့ မတတ်နိင်ဘူး။ အပူက ပူလွန်းအားကြီးတော့ ချွေးတွေက တအားထွက်တာ၊ အဲဒါကို ကြောက်လွန်းအားကြီးလို့"


အခုချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာတွေ မြန်မာနိုင်ငံမှာလည်း ရှိနေတာကြောင့် အကာကွယ်ဝတ်စုံ PPE ဝတ်ဆင်ထားရသူတွေ ရှိကြပါတယ်။ ပြင်ပအပူချိန် မြင့်နေတဲ့အချိန်မှာ အဲဒီဝတ်စုံ ဝတ်ထားတာကနေ ပြန်ချွတ်လိုက်တဲ့အခါမှာ ချွေးတွေက ရေချိုးနေသလိုပဲလို့ စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးနေတဲ့ ကိုဟန်လင်းထွန်းက ပြောပါတယ်။

"ပီပီအီးဝတ်တဲ့အချိန်မှာ အရမ်းပူပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးက ချွေးတွေက စိုရွဲနေပြီ။ ရေပက်လိုက်တဲ့အတိုင်းပဲ။"
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တွေက အပူချိန်မြင့်တက်တဲ့ အခုလို ကာလမျိုးမှာဆိုရင် မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး အပါအဝင် တချို့တိုင်းနဲ့ပြည်နယ်တွေက အရိပ်ရတဲ့ သစ်ပင်အောက်တွေ၊ ဓမ္မာရုံတွေမှာ အပူရှောင်စခန်းတွေ ဖွင့်ပြီး သက်ကြီးရွယ်အိုတွေကို သက်တောင့်သက်သာရှိအောင် ထားကြပါတယ်။ ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးကို တားမြစ်ထားတဲ့အတွက် လေအေးပေးစက်မတပ်နိုင်၊ ပန်ကာတောင် မတပ်နိုင်တဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေအတွက် အပူဒဏ်ရှောင်ပြီး သက်တောင့်သက်သာနေဖို့ မလွယ်ကူပါဘူး။

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်ဟာဆိုရင် မနှစ်ကအပူချိန်ကို စံချိန်ချိုးပြီး စံချိန်သစ်တင်တဲ့မြို့တစ်ခုပါ။ ဒါကြောင့်သက်ကြီးရွယ်အိုနဲ့ ကလေးတွေအတွက် အပူဒဏ်ရှောင်လို့ရအောင် စည်းဝေးတိုင်ပင်နေတယ်လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက ပြောပါတယ်။

"မြို့ပေါ်မှာလည်း သက်ကြီးရွယ်အိုတွေ နားခိုနိုင်အောင် နေရာလေးတွေ စီစဉ်မှာပေါ့ ။ မနှစ်က ပုံစံမျိုးပေါ့။ တနေရာတည်းမှာ စုဖို့ဆိုတာ လက်ရှိအနေထားမှာ မဖြစ်တော့လေ။ အေးအေးလူလူ နေရာတွေမှာ နေချင်တဲ့သူတွေကို ခွဲပေးနိုင်ဖို့၊ ဥပမာ ဓမ္မာရုံတွေမှာ၊ ဇရပ်မှာ နှစ်ယောက် အဲလိုလေးတွေ နားခိုချင်တဲ့ သူတွေရှိရင် ရပ်ကျေးတွေကို စာရင်းပေးပြီး ဝိုင်းစီစဉ်ဖို့ စဉ်းစားထားတာပေါ့"


သက်ကြီးရွယ်အိုနဲ့ ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ခုခံအားနည်းတဲ့ ရောဂါရှိသူတွေ၊ ကင်ဆာဝေဒနာ ရှိသူတွေဟာ ထိခိုက်လွယ်တဲ့သူတွေ ဖြစ်တာကြောင့် သတိထားဖို့လိုတယ်လို့လည်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

နေပူထဲ သွားလာတာတွေကို အတတ်နိုင်ဆုံး ရှောင်ရှားပြီး အရိပ်ရတဲ့နေရာတွေမှာနေထိုင်ဖို့၊ အပြင်သွားရင် ပွပွချောင်ချောင် ချည်ထည်တွေဝတ်၊ ဦးထုတ်၊ ထီး ဆောင်းဖို့၊ ရေများများသောက်ဖို့နဲ့ အပူဒဏ်ကြောင့် သတိလစ်တာတွေ ဖြစ်ရင်တော့ ဆေးရုံဆေးခန်းကို ချက်ချင်းပို့ပေးဖို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။






No comments:

Post a Comment

Note: Only a member of this blog may post a comment.