
(Unicode)
မြန်မာနိုင်ငံတွင်းမှာ
COVID-19 ပျံ့နှံ့ကူးစက်မှုကို ထိန်းချုပ်ဆောင်ရွက်ရေး ကာလအတွင်း
တပ်မတော်ဘက်က အခု တနင်္ဂနွေနေ့ကစပြီး ၄ လနီးပါးကြာ အပစ်အခတ်
ရပ်စဲလိုက်ပါတယ်။ တပ်မတော်ရဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း
ကြေညာချက်ကို သုံးသပ်သူတချို့က သတိနဲ့ ကြိုဆိုပါတယ်။ အပြည့်အစုံကို
ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေ ပိုပြီး ထိရောက်စေဖို့နဲ့
ထာဝရ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်တယ်လို့ သုံးနှုန်းပြီး ဒီကနေ့
တနင်္ဂနွေနေ့ကစလို့မိုးရာသီကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း
တပ်မတော်က ကြေညာထားတာပါ။
ဒီလို အပစ်ရပ်တဲ့ ကြေညာချက်အပေါ် ကြိုဆိုရမှာဖြစ်ပေမယ့် တပ်မတော်နဲ့
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား အပစ်ရပ်ကြေညာချက်တွေ အပြန်အလှန်
ထုတ်နေကြတဲ့အပေါ် သံသယဝင်မိကြောင်း မြန်မာ့အရေး လေ့လာသုံးသပ်သူ
ဒေါက်တာတင့်ဆွေက ပြောပါတယ်။
"လက်နက်ကိုင် တိုက်ပွဲတွေကို အပစ်အခတ်ရပ်စဲရေး ဆိုတဲ့ဟာက ဘယ်သူကလုပ်လုပ်
ဒါဟာ အင်မတန်မှကောင်းလို့ ကျနော်တို့ ကြိုဆိုရမယ့်အချက် ဖြစ်ပါတယ်။
သို့သော်လည်းပဲ စစ်တပ်ဘက်ကရော လက်နက်ကိုင် တိုက်နေတဲ့ တိုင်းရင်းသား
အဖွဲ့အစည်းတွေဘက်ကရောပေါ့နော် တကယ်ပဲ လက်တွေ့ အပစ်အခတ် ရပ်ကြမလား၊
ငြိမ်းချမ်းရေးကို ဦးတည်ကြမလား ဆိုတဲ့ အချက်ကတော့ ကျနော် သံသယရှိပါတယ်။
ပွင့်ပွင့်လင်းလင်းနဲ့ အားမနာတမ်း ဝေဖန်ထောက်ပြရရင် တပ်မတော်ဘက်ကရော
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကပါ နိုင်ငံရေးလုပ်နေကြတယ်လို့
ကျနော်မြင်ပါတယ်။"
တပ်မတော်က အခုကြေညာချက် မထုတ်ခင် ပြီးခဲ့တဲ့တပတ်မေလ ၃ ရက်နေ့တုန်းကလည်း
AA ရခိုင်၊ TNLA တအောင်းပလောင်နဲ့ MNDAA ကိုးကန့် လက်နက်ကိုင် ညီနောင် ၃
ဖွဲ့ကလည်း မြန်မာ့တပ်မတော်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင်ပြေ
ချောမွေ့စေရေးနဲ့ COVID-19 ကပ်ရောဂါ ထိန်းချုပ်တားဆီးနိုင်ရေးအတွက် မေလ ၃
ရက်ကနေ မေလ ၃၁ ရက်အထိ တဖက်သတ် အပစ်ရပ်ထားမယ်လို့ ကြေညာထားခဲ့တာပါ။
ဂျာမနီအခြေစိုက် တိုင်းရင်းသားနဲ့ လက်နက်ကိုင် ပဋိပက္ခအရေး ကျွမ်းကျင်သူ
စိုင်းဝမ်စိုင်းကတော့ မြန်မာစစ်တပ်ရဲ့ အခုလုပ်ရပ်ကို သံသယ ရှိနေပါတယ်။
"အရေးကြီးဆုံး အချက်ကတော့ အဲဒီ AA နဲ့ ညီနောင် ၃ ဖွဲ့ရဲ့
နိုင်ငံရေးကစားကွက်ကို သူတို့က ပြန်ပြီး တန်ပြန်ချင်တဲ့သဘောလို့ မြင်ပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ ညီနောင် မဟာမိတ် ၃ ဖွဲ့ဟာ ကြေညာချက်တွေဘာတွေ သူတို့က
ထုတ်ထားပြီးပြီဗျာ၊ ကိုဗစ်နဲ့ပတ်သက်ပြီး ထိထိရောက်ရောက် လုပ်နိုင်အောင်လို့
သူတို့အနေနဲ့ မေလကုန်အထိ အပစ်ရပ်ထားမယ်လို့ သူတို့က ကြေညာထားတာကိုး။ အဲလို
ကြေညာတဲ့အခါကျတော့ စစ်တပ်ဘက်ကလည်း သူတို့ မကြေညာပြန်ရင် သူတို့က
တကယ့်လူမိုက်ကြီးလို သူတို့ အဖြစ်မခံနိုင်ဘူးလေ။ အဲဒါကြောင့်မို့ စစ်တပ်က
ကောက်ခါငင်ခါကြေညာချက်တစောင်ကို ဒီနေ့ ကောက်ထုတ်လိုက်တာ။"
တပ်မတော်ရဲ့ အခု ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲမယ့် ကြေညာချက်အရ ဆိုရင်တော့
အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ အဖွဲ့တွေရှိရာ ဒေသတွေ မပါပါဘူး။
ဘယ်ဒေသတွေလို့တော့ ကြေညာချက်မှာ အတိအကျ ပြောဆိုမထားပေမယ့်လည်း လက်ရှိ
အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရတဲ့ ရခိုင်လက်နက်ကိုင်တပ် AA နဲ့
တိုက်ပွဲတွေရှိရာ ရခိုင်နဲ့ ချင်းပြည်နယ်တွင်းက ဒေသတွေ တိုက်ခိုက်မှု
လျော့သွားဖို့တော့ မသေချာပါဘူး။ ဒါ့အပြင် AA ရခိုင်လက်နက်ကိုင်တပ်ကို
အကြောင်းပြုပြီး ကချင်နဲ့ ရှမ်းပြည်တွင်းမှာလည်း တပ်မတော်ရဲ့
စစ်ရေးလှုပ်ရှားမှု ရှိလာနိုင်တယ်လို့ စိုင်းဝမ်စိုင်းက ရှုမြင်ပါတယ်။
"AAဆိုတာကလည်း အဲဒီ ရှမ်းပြည်မြောက်ပိုင်းမှာလည်း သူတို့က ကျက်စားတာ၊
ကချင်ပြည်မှာလည်း သူကရှိတယ်၊ နောက် ရခိုင်ပြည်မှာလည်း သူကရှိတယ်။ ဆိုတော့
ရှမ်းပြည်မြောက်ပိုင်းပေါ့ ညီနောင်သုံးဖွဲ့ လှုပ်ရှားတဲ့နေရာက
အဲဒီနေရာတွေကို ပိုနေမြဲ ကျားနေမြဲ သူတို့ တိုက်မယ်ဆိုတဲ့သဘောမျိုး
ပြောထားတာကိုး။ ဆိုတော့ အဲဒီ တနေရာမှာ ဖြစ်မယ်ဗျာ။ နောက်ပြီး လွန်ခဲ့တဲ့
သုံးလေးပတ်လောက်က KIA ကိုလည်း သူတို့က ပြောထားပြီးပြီလေ။ AA နေတဲ့ နေရာတွေ
သူတို့ကို မောင်းထုတ်ပါ၊ မမောင်းထုတ်လို့ အဲဒီနေရာတွေကို ဝင်တိုက်ခဲ့ရင်
ခင်ဗျားတို့ဧရိယာကို ကျနော်တို့ ဝင်မိလိမ့်မယ်လို့ ပြောထားတာလည်း ရှိတယ်။
ဆိုတော့ ကချင်ဧရိယာရယ်၊ ရှမ်းမြောက်ပိုင်းရယ်၊ ရခိုင်ဒေသ အားလုံးရယ်ကို သူက
အပစ်ခတ်ရပ်စဲရေးအရ အကျုံးမဝင်ဘူးလို့ သူတို့ ပြောထားတဲ့သဘော ဖြစ်နေတယ်။"
တကယ်တော့ အခုလို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုး ကြုံနေရတာကို
အခွင့်ကောင်းယူပြီး ပြည်သူတွေ လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေးကို
ဦးစားပေး ဖော်ဆောင်ကြစေလိုကြောင်း ဒေါက်တာတင့်ဆွေက တိုက်တွန်းပါတယ်။
"ကျနော်တို့နိုင်ငံမှာ ပြည်တွင်းစစ်ကြီးကလည်း ကြာနေပြီ။ အခု
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကလည်း ကြီးမားနေတယ်။ အဆိုးထဲက အကောင်း
သင်ခန်းစာယူနိုင်ကြဖို့ ဦးတည်စေချင်တယ်။ ဒါဟာ တိုင်းသူပြည်သား အားလုံးရဲ့
လိုအင်ဆန္ဒလည်း ဖြစ်တော့ကာ ဒီအခြေအနေကို အခွင့်ကောင်းတရပ်အနေနဲ့
အသုံးချပြီးတော့ နိုင်ငံရေးလုပ်နေတာတွေ နည်းကြပါလို့ စစ်တပ်ဘက်ကိုရော
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးကိုပါ အလေးအနက် အနူးအညွတ်
မေတ္တာရပ်ခံလိုပါတယ်ခင်ဗျာ။"
စနေနေ့က ထုတ်ပြန်လိုက်တဲ့ တပ်မတော်ရဲ့ ပစ်ခတ်တိုက်ခိုက်မှု
ရပ်စဲကြောင်းကြေညာချက်ထဲမှာတော့ ဒီ အပစ်ရပ်ကာလအတွင်း
ကာကွယ်ရေးဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆ ချက်ထဲက ၄ ချက်ကို
လိုက်နာကြဖို့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကို တိုက်တွန်းထားပါတယ်။
ဒီထဲမှာတော့ တိုင်းရင်းသား လက်နက်ကိုင်တွေ အချင်းချင်း မတိုက်ခိုက်ဖို့၊
နောက် လမ်းပန်းဆက်သွယ်ရေး မထိခိုက်စေဖို့ စတဲ့အချက်တွေလည်း ပါဝင်ပါတယ်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.