Breaking

May 11, 2020

ဂူတာပြင်ကျေးရွာသတ်ဖြတ်မှု စစ်ခုံရုံးမှာစုံစမ်း စစ်ဆေးပြီးပြီလို့ဆို


2020-05-10
ဂူတာပြင်သတ်ဖြတ်မှုကို ဘူးသီးတောင်တပ်ရင်းက စစ်တရားရုံးမှာ ၂၀၁၉ နိုဝင်ဘာလ ၂၆ ရက်နေ့က စတင်ကြားနာစဉ်
ဓါတ်ပုံ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာမှာ ၂၀၁၇ ခုနှစ်က လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး စစ်ခုံရုံးက စုံစမ်းစစ်ဆေးပြီးသွားပြီလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မေလ ၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာမှာ ၂၀၁၇ ခုနှစ် သြဂုတ်လက၊ အာဆာအကြမ်းဖက် အဖွဲ့တွေကြောင့် တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး ဆောင်ရွက်တယ်ဆိုတဲ့ ကာလအတွင်း၊ လူလေးရာကျော် အသတ်ခံရတယ်လို့ နိုင်ငံတကာအဖွဲ့တွေက ထောက်ပြခဲ့ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး ၂၀၁၉ နိုဝင်ဘာလကစခဲ့တဲ့ တပ်မတော် စစ်ခုံရုံးရဲ့စစ်ဆေးမှုဟာ ဧပြီလ ၃၀ ရက်နေ့က ပြီးစီးခဲ့ပြီလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးက မေလ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဘယ်လိုဆုံးဖြတ်လဲဆိုတာတော့ သတင်းထဲမှာ မဖော်ပြသေးပါဘူး။
ဒီလိုတရားစီရင်ရေးကို သံသယဖြစ်မိတယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ဦးသာအေးက ပြောပါတယ်။
“တကယ်စစ်မှန်တဲ့ အဖြေထွက်မယ်ဆိုတာကတော့ စောင့်ကြည့်ဖို့လိုတယ်။ သံသယတော့ ဖြစ်နေတယ်။ ဒါကလွတ်လွတ်လပ်လပ် မဖြစ်ဘူး။ အမှန်က ဒီကိစ္စတွေကို အထူးခုံရုံးတွေဖွဲ့ပြီးတော့ တရားရုံးကလူတွေ အပြင်ကလူကြီးတွေ ပူးပေါင်းပြီးလုပ်မှပဲ စစ်မှန်တဲ့အဖြေထွက်မယ်လို့ ယူဆတယ်။ တရားရေးအဖွဲ့က လွတ်လပ်ဖို့လိုတယ်။ လွတ်လွတ်လပ် မဖြစ်မချင်းကတော့ အဖြေမှန်ထွက်မှာ မဟုတ်ဘူး။ ပြစ်မှုကျူးလွန် ထားတဲ့သူတွေကို အပြစ်ပေးဖို့လိုတယ်“
ဒေသခံတွေ အပါအဝင် လွတ်လပ်တဲ့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေ လေ့လာခွင့်မရခဲ့တဲ့ ဂူတာပြင် ဖြစ်ရပ် စစ်ဆေးရေးဟာ ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် နိုင်ငံတကာက ယုံကြည်ဖို့ ခက်ခဲတယ်လို့ Fortify Rights အဖွဲ့ရဲ့  မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးသုတေသီ နစ်ကီဒိုင်းမွန်း က ထောက်ပြပါတယ်။
“နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ ပြောနေတာက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ် ဆိုတာကို ၂၀၁၇ စစ်ဆင်ရေးလုပ်တဲ့ အချိန်ကတည်းကပြောနေတာ။ အခုအချိန်မှ ICJ တို့ ICC တို့ ဖြစ်လာ ချိန်ကျမှ စစ်တပ်က အရေးယူမှုတွေ လုပ်တဲ့အခါကျတော့ အရမ်းကို နောက်ကျနေပြီ။ မေလမှာပဲ မြန်မာ အစိုးရက ICJ ကိုတင်ရမယ့် အစီရင်ခံစာက ဒီလမှာ တင်ရမှာပေါ့။ အစီရင်ခံစာ တင်ရမယ့် အချိန်နဲ့ကိုက် ပြီးတော့ စစ်တပ်က ဒီလိုမျိုး အရေးယူဆောင်ရွက်မှုတွေ လုပ်နေပါတယ်။ စုံစမ်းဖော်ထုတ်မှုတွေ လုပ်နေပါ တယ်ဆိုတဲ့ဟာမျိုးက ဟန်ပြလုပ်တဲ့ သဘောမျိုးဖြစ်နေတယ်။ နိုင်ငံတကာ ယုံကြည်မှုရဖို့ ခက်ခဲပြီးတော့ ဒီလိုဟန်ပြလုပ်တဲ့ ကိစ္စရပ်တွေက ဘယ်သူမှ ယုံကြည်မှာ မဟုတ်ဘူး“
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ အဲဒီဖြစ်ရပ်ဟာ စစ်ဘက်က တာဝန်ထမ်းဆောင်ချိန်မှာ ဖြစ်တဲ့အတွက်ကြောင့်၊ နိုင်ငံတကာမှာလည်း စစ်တရားရုံးကနေ စုံစမ်း စစ်ဆေးလေ့ရှိပြီး အရပ်သားတွေကို ပါဝင်ခွင့်ပေးတာမျိုး မရှိဘူးလို့ အစောပိုင်းက ပြောထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နယ်မြေတည်ငြိမ်ရေးအတွက် တပ်မတော်က ဆောင်ရွက်တဲ့အချိန်မှာ ပြစ်မှုကျူး လွန်တာ ရှိခဲ့တယ်လို့၊ အစိုးရကဖွဲ့စည်းခဲ့တဲ့ ရခိုင်အရေးလွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) အဖွဲ့ရဲ့ အစီရင်ခံစာက ထောက်ပြခဲ့ပါတယ်။ဒါကြောင့် တပ်မတော်က စုံစမ်းစစ်ဆေးပြီး စစ်ဘက်တရားစီရင်ရေးရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူဆောင်ရွက်နေတာလို့ တပ်မတော်ဘက်က ပြောထားပါတယ်။
ICOE အစီရင်ခံစာထဲမှာပါတဲ့ ဂူတာပြင်ဖြစ်ရပ်နဲ့ပတ်သက်ပြီး တပ်မတော်ကစစ်ဆေးတာ ပြီးသွားခဲ့ပေမယ့် စစ်ဆေးတဲ့အထဲမှာ တကယ့်ဖြစ်ရပ်နဲ့ ဆိုင်တဲ့သူတွေ၊ ဒေသခံတွေနဲ့ အပြင်လူတွေ၊ ပါဝင်ဆောင်ရွက်ခွင့်၊ လေ့လာခွင့်တွေလည်း မရခဲ့ဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
ဒါပေမဲ့ စစ်ဆေးတဲ့နောက်ဆုံးရက် ဧပြီလ ၃၀ ရက်နေ့မှာတော့ လေ့လာဖို့ တပ်ဖက်က ဖိတ်ခေါ်ခဲ့တယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။
“စစ်ဆေးတာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ မသိပါဘူး။ ဆုံးဖြတ်တဲ့နေ့မှာ ကျွန်တော်တို့ကို  လာလေ့လာ ဖို့တော့ ခေါ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်လည်း ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စနဲ့ သွားလို့မရလိုက်ပါဘူး“

စစ်တရားရုံးက စစ်ဆေးစီရင်ချက်တွေကို သက်ဆိုင်ရာ အတည်ပြုအာဏာပိုင်အဖွဲ့က ပြစ်ဒဏ်အတည်ပြုချက် ရတဲ့အချိန်မှာ ထုတ်ပြန်သွားမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။
ICOE အစီရင်ခံစာမှာပါတဲ့ မောင်နုကျေးရွာနဲ့ ချွတ်ပြင်ကျေးရွာက ဖြစ်ရပ်တွေကိုလည်း ခုံရုံးနဲ့ ဆက်ပြီးစစ်ဆေး သွားမယ်လို့ တပ်မတော်က ဆိုပါတယ်။
အဲဒီကိစ္စစစ်ဆေးတဲ့အခါမှာရော လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထိထိရောက်ရောက် အရေးယူပါ့မလား ဆိုတဲ့ ထောက်ပြချက်တွေလည်း ရှိနေပါတယ်။
၂၀၁၇ ခုနှစ်က ရခိုင်မြောက်ပိုင်းက ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး စစ်ဘက်တရားစီရင်ရေးနဲ့ အပြစ်ပေး အရေးယူ တာဟာ ဂူတာပြင်ဖြစ်ရပ်က ဒုတိယမြောက်ဖြစ်ပါတယ်။ ပထမအမှုကတော့ မောင်တော မြို့နယ်တောင်ပိုင်းက အင်းဒင်လူသတ်မှုပါ။
အင်းဒင်ကျေးရွာက ရိုဟင်ဂျာ ၁၀ ဦးကို တပ်မတော်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်ခဲ့တဲ့ တပ်မတော်သား ခုနှစ်ဦးကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မတ်လက ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ပါတယ်။
ဒါပေမဲ့ ကာကွယ်ရေးဦးစီးချုပ်က လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်လို့ သူတို့ဟာ ပြစ်ဒဏ်မစေ့ခင် လွတ်မြောက်သွား ခဲ့တဲ့အတွက် ပြည်တွင်း၊ ပြည်ပ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.