ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဟန့်တားနိုင်အောင်
စားသောက်ဆိုင်အတွင်း ဝင်ရောက်စားသောက်ခွင့်မပြုဘဲ အစားအစာ အိမ်ကို
ထုပ်ပိုးဝယ်ယူတဲ့စနစ် ကျင့်သုံးနေတာ အခုဆိုရင် တစ်လကျော်သွားပါပြီ။
ဒီအပြောင်းအလဲကြောင့် စားသောက်ဆိုင်တွေရဲ့ ရောင်းအားဟာ ၈၀
ရာခိုင်နှုန်းလောက်ထိ ကျဆင်းသွားပြီး တချို့ဆိုင်တွေဆိုရင်
အရှုံးပေါ်နေကြောင်း စားသောက်ဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။
အစားအသောက်ရောင်းတဲ့ဆိုင်တွေကို ဆိုင်ထိုင်စနစ်နဲ့
ရောင်းချခွင့် ပိတ်ထားချိန်မှာ စားသုံးသူတွေကို ထုတ်ပိုး သယ်ယူစနစ်၊
အိမ်အရောက်ပို့စနစ်တွေနဲ့ ရောင်းချပေးနေကြပေမယ့် ရောင်းအားက
နည်းပါးလွန်းနေတယ်လို့ စားသောက်ဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။
ရောင်းအားကျလာလို့ ဝန်ထမ်းအင်အား လျှော့ချလိုက်ပေမယ့်
ပြီးခဲ့တဲ့ ဧပြီလမှာ အရှုံးပေါ်ခဲ့တာကြောင့် စားသောက်ဆိုင်
ပြန်ဖွင့်ခွင့်ရမယ့် အခြေအနေကို မျှော်လင့်နေတယ်လို့ မိတ္ထီလာမြို့က
အဏ္ဏဝါထီလာ စားသောက်ဆိုင်ပိုင်ရှင် ဒေါ်ယင်းမာသွယ်က ပြောပါတယ်။
“ဝန်ထမ်းနှစ်ယောက်စာနဲ့ ဆိုင်ခန်းငှားခပဲ ရတယ်၊
အမြတ်မကျန်ဘူး။ ဆိုင်နာမည် ထိန်းဖို့၊ ပြန်ဖွင်ခဲ့ရင် စားသုံးသူနဲ့
အဆက်မပြတ်ဖို့ကို မှေးပြီးလုပ်နေရတဲ့သဘောပဲ။ အနစ်နာခံပြီးကိုလုပ်နေရတာ။
ဖွင့်ပေးမှ အဆင်ပြေမှာ”
ဒေါ်ယင်းမာသွယ်ဟာဆိုရင် မကွေးမြို့မှာ ဆိုင်အသစ်ဖွင့်ဖို့
တစ်လပိုင်းမှာ စာချုပ်ချုပ်ပြီး နေရာငှားရမ်း ထားပေမယ့် ကပ်ရောဂါကြောင့်
ဖွင့်ခွင့်မရဘဲ နေရာသစ်ငှားရမ်းခ တစ်လ ကျပ်လေးသိန်း အသားတင်
ရှုံးနေရတယ်လို့လည်း ဆိုပါတယ်။
ဆယ်တန်းစာမေးပွဲ ကာလအတွင်း ဆိုင်တွေ
ယာယီပိတ်ထားခဲ့ကြရပြီးနောက် ပြန်လည်ဖွင့်လှစ် ရောင်းချမယ့် အချိန်မှာ
ကိုရိုနာဗိုင်းရပ်စ်က တစ်ဆက်တည်း ရောက်ရှိလာတာကြောင့် ရောင်းချချိန်
ကောင်းစွာ မရရှိဘဲ အဆိုးဆုံးအခြေနေကို ဖြတ်ကျော်နေကြရတယ်လို့
စားသောက်ဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။
ဒီလိုခက်ခဲတဲ့ အခြေအနေကို ကြုံတွေ့နေကြရတဲ့ စားသောက်ဆိုင်ပိုင်ရှင်တွေက အများအပြားပါပဲ။
တချို့ကတော့ ဆိုင်ကို လုံးဝပိတ်ထားကြသလို တချို့ကတော့
ဆိုင်ကို လက်လွဲပြန်ရောင်းဖို့အထိ လုပ်နေကြ ရတယ်လို့ ရန်ကုန်တိုင်း
မြောက်ဥက္ကလာမြို့နယ်က မြစည်းစိမ် စားသောက်ဆိုင်ပိုင်ရှင် ဒေါ်ဇာခြည်ဝင်းက
ပြောပါတယ်။
“ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ဖြစ်တာ၊
ဆိုင်ငှားခတွေကလည်း တစ်လကို ဆယ်သိန်းလောက်ရှိတယ်။ ဆိုင်ရှင်ကလည်း အဲဒီအတွက်
တစ်ဝက်လောက်ကို မလျှော့တော့ ဆက်မလုပ်သလို၊ လုပ်တဲ့ အကိုကြီးကလည်း
ဆီးချို၊ သွေးချိုလည်း ရှိတော့ ရောဂါလည်း ကြောက်တော့၊ ဆိုင်ငှားခတွေကလည်း
အဆင်မပြေတော့ ပိတ်တာလည်း ပါတယ်။ ကျွန်မတို့လည်း ဒေသန္တရအမိန့် စောင့်နေတာ၊
နောက်ထပ် ထပ်ပြီး မထုတ်ပါစေနဲ့၊ ၁၅ ရက်နေ့ပြီးရင် ပြီးပါစေ
ဆုတောင်းနေရတာ"
စားသောက်ဆိုင်ပိုင်ရှင်တွေဟာ လာမယ့် မေလ ၁၅ ရက်နောက်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်ခွင့်ရဖို့ မျှော်မှန်းထား ကြပါတယ်။
ဒါပေမဲ့ အခုအချိန်အထိတော့ ဆိုင်တွေကို
အသိပေးအကြောင်းကြားမှု တစ်စုံတစ်ရာ မရှိသေးဘူးလို့ မန္တလေးမြို့က Besto Bbq
& Restaurant ဆိုင်ပိုင်ရှင် ဦးဟန်သူအောင်က ပြောပါတယ်။
“တော်တော်လေး ခက်ခဲနေကြတယ်၊ ဖြစ်လာမှတော့၊
ကပ်ရောဂါဖြစ်နေတယ်၊ ထိန်းသိမ်းလို့မရဘူး ဆိုတော့၊ လုပ်ငန်းလုပ်တဲ့သူတွေကို
အစိုးရအနေနဲ့ မီတာခတွေကို အလုပ်လုပ်နေတဲ့သူတွေကို သက်သာခွင့်တွေ၊
ကင်းလွတ်တဲ့အထိ မဟုတ်တောင် အိမ်ရှင်တွေကို စီးပွားရေးအတွက် ငှားထားတာတွေကို
လျှော့ပေးရင်၊ ချေးငွေယူပြီး လုပ်နေရတဲ့သူတွေ ဒီအချိန်မှာ
အရမ်းကိုနစ်နာတယ်“
မန္တလေးတိုင်းမှာဆိုရင် အသွားအလာကန့်သတ်တာ၊ ဖွင့်လှစ်
ရောင်းချခွင့် ကန့်သတ်တာတွေကို ဧပြီလ ၇ ရက်နေ့ ကနေ ၁၄ ရက်နေ့အထိသာ စတင်
ကန့်သတ်ခဲ့တာဖြစ်ပြီး အဲဒီရက်ကနေ တဖြည်းဖြည်း တိုးမြှင့်လာခဲ့ရာမှာ
အခုအခါမှာတော့ မေလ ၁၅ ရက်နေ့အထိ ကန့်သတ်ထားတာဖြစ်ပါတယ်။
မန္တလေးမြို့က ရွှေအင်း၀ လဘ္ဘက်ရည်ဆိုင်ပိုင်ရှင် ကိုနေဇော်လတ်က
“၁၅ ရက်နောက်ပိုင်းမှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့
ဆိုင်တွေပြန်ဖွင့်ပြီး စားသုံးသူရော ရောင်းသူရော နှာခေါင်းစည်းတွေတပ်၊
လူထိုင်ရင်လည်း သုံးပေအကွာ၊ ခြောက်ပေအကွာနဲ့ သတ်မှတ်ချက်တွေနဲ့ထိုင်ပြီး
ရောင်းမယ်ဆို အဆင်ပြေမယ်ထင်တာပဲ၊ နည်းနည်းတော့ ဖြေလျှော့သင့်ပြီလို့
ထင်တယ်"
စားသောက်ဆိုင်ပိုင်ရှင်တွေအနေနဲ့ အစိုးရ ညွှန်ကြားချက်
စည်းကမ်းတွေကို လိုက်နာပြီး ဆိုင်ပြန်လည် ဖွင့်လှစ် ရောင်းချခွင့်ရဖို့
မျှော်လင့်နေကြတယ်လို့ ပြောကြပါတယ်။
မန္တလေးမှာတော့ ဆိုင်တွေ ပြန်လည်ဖွင့်လှစ်ခွင့်ရမလား၊
ဘယ်လိုပုံစံနဲ့ ဆက်လက်လုပ်ကိုင်ကြမလဲ ဆိုတာတွေကို ပိုမို သိရှိနိုင်အောင်
ဒီရက်ပိုင်းမှာတော့ အဖြေတစ်ခု ထုတ်ပြန်သွားမှာဖြစ်တယ်လို့
မန္တလေးတိုင်းအစိုးရအဖွဲ့ကနေ သိရပါတယ်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.