Breaking

May 10, 2020

တပ်မတော်ရဲ့အပစ်ရပ်ကြေညာချက် ရခိုင်နဲ့ချင်းဒေသတချို့မပါ

အစိုးရတပ်သားတချို့ကို ရခိုင်ပြည်နယ် မောင်တောမြို့မှာ တွေ့ရစဉ်
 
 
 
 
 
 
 
 
အစိုးရတပ်သားတချို့ကို ရခိုင်ပြည်နယ် မောင်တောမြို့မှာ တွေ့ရစဉ်
Photo: Ye Moe Facebook
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကာကွယ်တားဆီး ထိမ်းချုပ်နိုင်ရေးအတွက်ရော မြန်မာပြည်ထာဝရ ငြိမ်းချမ်းရေးအတွက်ပါ ရည်ရွယ်ပြီး မြန်မာ့တပ်မတော်က ဒီနေ့ မေလ (၁၀) ရက်နေ့ကစပြီး သြဂုတ်လ (၃၁) ရက်နေ့ထိ အကြမ်းဘက်အဖွဲ့ အစည်းတွေရှိနေတဲ့ နေရာကလွဲလို့ ကျန်ဒေသတွေအားလုံးမှာ အပစ်ရပ်ထားမယ်လို့ မနေ့ညက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီလို ကြေညာတာနဲ့ပတ်သက်လို့ AA ရက္ခိုင့်တပ်တော် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက “ကိုဗစ်-၁၉ ကပ်ရောဂါကို အကြောင်းပြပြီး တခြားတိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲမဖြစ်အောင် သူတို့ထိမ်းချုပ် ထားမယ်၊ ပြီးရင် ရခိုင်ဒေသမှာ မြန်မာစစ်တပ်ရဲ့ ရှိသမျှတပ်အင်အားကို ပုံအောပြီး တိုက်တော့မယ်ဆိုတဲ့ သဘောမျိုးသက်ရောက်တယ်” လို့ RFA ကိုပြောပါတယ်။

မြန်မာ့တပ်မတော်ရဲ့ ကြေညာချက်မှာ မတ်လ ၂၃ ရက်နေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ကမ္ဘာ တဝှမ်းကပ်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ရပ်တန့်ဖို့ ပြောဆိုချက်ကို ကိုးကားထားသလို၊ မြန်မာအစိုးရက ကပ်ရောဂါ ထိမ်းချုပ်ကာကွယ်ကုသရေး ဆောင်ရွက်နေပြီး တပ်မတော်ကလဲ အင်တိုက်အားတိုက် ကူညီဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်ကတော့ ကိုဗစ်-၁၉ ဟာ ဘယ်သူ့ကိုမဆို တိုက်ခိုက်မှာဖြစ်တဲ့အတွက် ဘုံရန်သူဖြစ်လို့ ဒီအချိန်မှာ အားလုံးက အပစ်ရပ်ထားသင့်ပြီလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ကတော့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ကုသရေးမှာ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ဖို့ NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရော၊ NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့  ရှစ်ဖွဲ့ကိုပါ အစိုးရက ထည့်သွင်း ဖိတ်ခေါ်ထားတဲ့အတွက် အကြမ်းဘက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ ရက္ခိုင့်တပ်တော် AA လဲပါဝင်နေပါတယ်။

ဒီအပေါ်မှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ကိုရိုနာဗိုင်းရပ်စ်ကိစ္စဟာ အမျိုးသားရေး ကိစ္စဖြစ်တဲ့အတွက်ကြောင့် လုပ်ဆောင်သင့်တာမှန်သမျှ လုပ်ဆောင်ရမယ်လို့ တပ်မတော်ရဲ့ သဘောထားပြောထားပြီး ဖြစ်ကြောင်း RFA ရဲ့ မေးမြန်းချက်ကို သောကြာနေ့က တုံ့ပြန်ပြောဆိုထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကာကွယ်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ချက်နဲ့ ပတ်သက်လို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက “ တကယ်ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အလုပ်ဖြစ်နိုင်တဲ့နည်း လမ်းတွေကို လုပ်ရမှာပေါ့၊ အခုကတော့ ရခိုင်ဒေသမှာ ထိုးစစ်တွေ ဆက်လုပ်နေတဲ့အတွက် လက်တွေ့ နဲ့ ကွာခြားနေတယ်၊ နိုင်ငံရေး အမြတ်ထုတ်ယုံ သက်သက်လောက် ပြောတယ်လို့ပဲ ကျနော်တို့က နားလည်တယ်” လို့ ပြောပါတယ်။

အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ တားဆီးကာကွယ်ကုသရေးမှာ AA ကိုပူးပေါင်းဆောင်ရွက်ဖို့ အစိုးရက ကမ်းလှမ်းထားပေမယ့်၊ တပ်မတော်ကတော့ အကြမ်းဘက်အဖွဲ့အဖြစ် ကြေညာထားရတဲ့ AA လှုပ်ရှားရာဒေသမပါပဲ အပစ်ရပ်ကြေညာတာက အာဏာရ အဖွဲ့အတွင်းမှာဖြစ်နေတဲ့ သဘောထား နှစ်ရပ်လိုဖြစ်နေတာ တွေ့ရပါတယ်။

ဒါနဲ့ပတ်သက်လို့ SNLD ဦးစိုင်းညွန့်လွင်ကတော့ ဒီအချိန်မှာ ဘုံရန်သူကပ်ရောဂါကြောင့် အကျိုး ဖြစ်အောင် ဆွေးနွေးကြသင့်သလို၊ တပ်မတော်နဲ့ AA ကြားမှာ ကြားခံအဖွဲ့ တစ်ဖွဲ့ဖွဲ့က ပါဝင်ဆောင် ရွက်လာရင် ကောင်းမယ်လို့ သုံးသပ်ပါတယ်။

မြန်မာ့တပ်မတော်က အပစ်ရပ်မယ်လို့ ကြေညာထားတဲ့ကာလမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း အားလုံးအနေနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ချမှတ်ထားတဲ့ မူဝါဒ ၆ ချက်ထဲက အချက် ၄ ချက်ကို အလေးအနက်ထားပြီး လိုက်နာဖို့လိုတယ်လို့လဲ မနေ့ကကြေညာချက်မှာ ပြောဆိုထားပါတယ်။ ဒီလို ထည့်သွင်းပြောဆိုထားတာနဲ့ ပတ်သက်လို့တော့ အပစ်ရပ်တိုင်းရင်းသား အဖွဲ့တွေရဲ့ သဘောထားကို အခုညမှာ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။ ဒီအတောအတွင်းမှာပဲ KNU ကရင်အမျိုးသား အစည်းအရုံးတပ်မဟာ (၅) နယ်မြေထဲက ဖာပွန်ခရိုင်မှာ ကိုရိုနာဗိုင်းရပ်စ် တားဆီးရေးစစ်ဆေးဂိတ် နှစ်ခုကို တပ်မတော်က လက်မခံတဲ့အတွက် နှစ်ဘက်ပစ်ခတ်တိုက်ခိုက်မှုတွေ ပြီးခဲ့တဲ့ မေလ ၆ ရက်နဲ့ ၇ ရက်တွေမှာဖြစ်ခဲ့ပြီး အခြေအနေတင်းမာခဲ့ပြီး၊ မေလ ၁၁ ရက်နေ့ မနက်ဖြန်မှာတော့ KNUနဲ့ အစိုးရကိုဗစ်ကော်မတီတို့ တွေ့ဆုံမယ်လို့သိရပါတယ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.