Breaking

June 13, 2020

မြောက်ပိုင်း ၄ ဖွဲ့ကို တွေ့ဆုံဆွေးနွေးဖို့ အစိုးရဖိတ်ကြား




မြန်မာအစိုးရက မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်ကြတဲ့ KIA, AA, TNLA နဲ့ MNDAA တို့ကို တွေ့ဆုံဆွေးနွေးဖို့ ဒီလဆန်းပိုင်းက ဖိတ်ကြားခဲ့ပါတယ်။

အခုလို အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေအကြား တွေ့ဆုံဆွေးနွေးဖို့အတွက် နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က PCG (Peace-talk Creation Group) ခေါ် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာ ကတဆင့် ဖိတ်ကြားခဲ့ပါတယ်လို့ PCG အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးစန်းအောင်က RFA ကို မနေ့ညက ပြောပါတယ်။

AA ပြောခွင့်ရ ခိုင်သုခက အခုလို အစိုးရဖက်က ဖိတ်ကြားချက်ကို ဇွန်လ ၅ ရက်နေ့က ရရှိခဲ့ပြီးနောက် အပြန်အလှန် ညှိနှိုင်းနေကြောင်း၊ အစိုးရဖက်က ကျိုင်းတုံမှာတွေ့ဖို့ ကမ်းလှမ်းခဲ့ပြီး လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြဿနာကြောင့် သူတို့အဖွဲ့ သွားရောက်ဖို့ အခက်အခဲရှိကြောင်း၊ ဒါ့အပြင် AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက ကြေညာထားတဲ့အတွက် လုံခြုံရေးအရလည်း စဉ်းစားရကြောင်း၊ အင်တာနက်ကနေ ဗီဒီယိုနဲ့ ဆက်သွယ်ဆွေးနွေးဖို့ထက် လူချင်းတွေ့ဆုံဆွေးနွေးဖို့ သူတို့ အဖွဲ့က လိုလားကြောင်း RFA ကို ပြောပါတယ်။

တပြိုင်နက်မှာပဲ အစိုးရနဲ့ နီးစပ်သူတဦးက ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတခုကို နေပြည်တော်မှာ လာမယ့် ၂၃ ရက်နေ့လောက် ကျင်းပနိုင်ဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေ ညှိနှိုင်းနေတယ်လို့ ပြောပါတယ်။ PCG အဖွဲ့ဝင် ဦးစန်းအောင်ကတော့ လက်ရှိ အခြေအနေတွေအရ ဒီနှစ်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ တခုလောက်ပဲ ဖြစ်ပေါ်နိုင်မယ်လို့ ယူဆပါတယ်။ အစိုးရဖက်က ပီပီပြင်ပြင်လုပ်ဆောင်မှု အားနည်းတယ်၊ ယုံကြည်မှု တည်ဆောက်ရေး အတွက် ဆွေးနွေးပွဲတွေ များများလိုတယ်လို့ သူက ဝေဖန်ပါတယ်။

CPR Center for Peace and Reconciliation ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးဗဟိုဌာန ညွန်ကြားရေးမှူး ဦးညိုအုန်းမြင့်က အဲဒီလို ယုံကြည်မှုတည်ဆောက်ရေးအတွက် တိုင်းရင်းသားတွေဘက်ကလည်း ခဏတာဖြစ်စေ အပစ်အခတ် ရပ်စဲဖို့ သင့်တယ်လို့ အကြံပေးပါတယ်။

အစိုးရအသိုင်းအဝန်းနဲ့ နီးစပ်သူတွေကရော တိုင်းရင်းသားအဖွဲ့တွေနဲ့ နီးစပ်သူတွေကပါ တညီတညွတ် ပြောဆိုနေကြတဲ့အချက်ကတော့ မြန်မာပြည်ဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေဆဲ ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.