Breaking

June 13, 2020

မြန်မာကို ICJ တင်ဖို့ Facebook ကုမ္ပဏီကနေ ဂမ်ဘီယာ အထောက်အထားရှာနေ

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မြန်မာနိုင်ငံကို တရားစွဲထားတဲ့ ဂမ်ဘီယာနိုင်ငံကနေ - မြန်မာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ရေးတင်ခဲ့တဲ့ အချက်အလက်တွေကို အမေရိကန်ကုမ္ပဏီဖြစ်တဲ့ Facebook က ထုတ်ပြန် ပေးဖို့အတွက် ဝါရှင်တန်ဒီစီ ခရိုင်တရားရုံးမှာ ဇွန်လ ၈ ရက် တနင်္လာနေ့က လျှောက်ထားခဲ့တာပါ။
ဒီလျှောက်ထားချက်ကို တရားရုံးဘက်ကတော့ ဒီနေ့အထိ ဆုံးဖြတ်ချက် မချရသေးပါဘူး။

အမေရိကန်ပြည်ထောင်စုမှာ Mutual Legal Assistance Treaty (MLAT) လို့ခေါ်တဲ့ ဥပဒေရေးရာ အပြန်အလှန် အထောက်အကူပေးရေး သဘောတူညီချက်ဆိုတာ ရှိပါတယ်။ ဒီသဘောတူညီချက်အရ နှစ်နိုင်ငံ ဒါမှမဟုတ် နိုင်ငံအချင်းချင်းကြား သတင်းအချက်အလက်တွေကို အပြန်အလှန် ဖလှယ်တာ၊ စုဆောင်းရယူတာမျိုးတွေ လုပ်လေ့ရှိပြီး၊ Facebook ကုမ္ပဏီအနေနဲ့လည်း မကြာခဏဆိုသလို - တောင်းခံရဖူးပါတယ်။

ဒါပေမဲ့ MLAT သဘောတူညီချက်ကို အမေရိကန်ပြည်ထောင်စုနဲ့ ဂမ်ဘီယာနိုင်ငံကြားမှာ သဘောတူထားတာ မရှိပါဘူး။

Facebook ကုမ္ပဏီကတော့ - ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်ကို သူတို့ သိရှိထားကြောင်း ကြာသပတေး နေ့က RFA ကို အတည်ပြုထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး သီးခြားမှတ်ချက်တော့ မပေးခဲ့ပါဘူး။

အမေရိကန်ပြည်ထောင်စုမှာ ၁၉၇၄ ခုနှစ်မှာ စတင် ပြဌာန်းခဲ့တဲ့ Privacy Act လို့ခေါ်တဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးတဲ့ ဥပဒေအရ - Facebook ကုမ္ပဏီက - ဂမ်ဘီယာရဲ့ တောင်းဆိုချက်ကို ငြင်းကောင်းငြင်းနိုင်ပေမဲ့ အများပြည်သူ အကျိုးအတွက် ထုတ်ပေးသင့်တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ရဲ့ အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။

“အချက်အလက်တွေ ထုတ်ပေးရာမှာ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် ထိခိုက်မှာကို Facebook ကုမ္ပဏီက စိုးရိမ်ကောင်း စိုးရိမ်စရာ ရှိပေမဲ့၊ ဒီလိုစိုးရိမ်မှုတွေကို ကိစ္စတခုချင်းအလိုက် စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။ အခုအမှုမှာ ဆိုရင်လည်း တောင်းဆိုချက်တွေဟာ ငြင်းပယ်စရာ အကြောင်းမရှိတဲ့အတွက် Facebook အနေနဲ့ အချက်အလက်တွေကို ထုတ်ပေးသင့်တယ်လို့ ယူဆပါတယ်။”


ဒါ့အပြင် အမေရိကန်ပြည်ထောင်စုမှာ ၁၉၆၇ ခုနှစ်မှာ စတင်ပြဌာန်းခဲ့တဲ့ Freedom of Information Act လို့ခေါ်တဲ့ သတင်းအချက်အလက်ရယူပိုင်ခွင့် ဥပဒေလည်း ရှိပါတယ်။ ဒီဥပဒေက အစိုးရဌာနတွေအတွက် သာဖြစ်ပြီး၊ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့တော့ မသက်ဆိုင်ပါဘူး။

ဂမ်ဘီယာနိုင်ငံက တောင်းဆိုတဲ့အထဲမှာ အွန်လိုင်းပေါ်မှာ မရိုးဖြောင့်တဲ့ လုပ်ရပ်တွေ လုပ်ခဲ့တယ်ဆိုပြီး Facebook ကုမ္ပဏီကနေ ၂ဝ၁၈ သြဂုတ်လမှာ ပိတ်ခဲ့တဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကောင့်တွေနဲ့ စာမျက်နှာတွေ ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကို အားပေးတဲ့ အမုန်းတရားတွေကို Facebook အကောင့်တွေကတဆင့် အဓိကဖြန့်ခဲ့ တယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောဆိုခဲ့တာပါ။

ဒါနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကတော့ - ICJ မှာ အစိုးရက အစီရင်ခံစာတွေ တင်သွင်းထားပြီးဖြစ်သလို၊ တပ်မတော်နဲ့ သက်ဆိုင်တဲ့ သတင်းတွေကိုသာ Facebook ပို့စ်တွေမှာ ရေးတင်ခဲ့တာဖြစ်လို့ တုံ့ပြန်စရာ မရှိဘူးလို့ RFA ကို ပြောပါတယ်။

အလားတူ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး ကတော့ -

“ကျနော်တို့ ဒါနဲ့ပတ်သက်ပြီး ဖြေခွင့်မရှိလို့ပါ။ ကျနော် မဖြေနိုင်ပါဘူး။ ဒါလေးတော့ နားလည်ပေးပါခင်ဗျာ။”


Phil Robertson ကတော့ - ဂမ်ဘီယာနိုင်ငံအနေနဲ့ Facebook ထံမှာ အချက်အလက်တောင်းခံတာဟာ မှန်ကန်တဲ့လုပ်ရပ်ဖြစ်ပြီး၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကောင့်အပါအဝင် စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ အကောင့် ၂၀ လောက်ကို အပြီးတိုင်ပိတ်လိုက်တဲ့အချိန်မှာ ဒီစာမျက်နှာတွေကို ပုံမှန်ကြည့်နေတဲ့သူ ၁၂ သန်းကျော် ရှိနေတယ်လို့ ပြောပါတယ်။

“ဒီလိုတောင်းဆိုရတဲ့ အကြောင်းရင်းရဲ့ အရေးပါမှုကတော့ လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက် ရှိ-မရှိ ဆိုတာနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို ဂမ်ဘီယာနိုင်ငံက ရှာနေလို့ပါ။ သူတို့အနေနဲ့ အဆင့်မြင့် အရာရှိတွေပဲဖြစ်ဖြစ် စစ်တပ်ကအရာရှိတွေကပဲဖြစ်ဖြစ် တခြားတပ်ဖွဲ့ဝင် အဆင့်ဆင့်ကို ဒါတွေ၊ ဒါတွေလုပ်ဆို ပြီး ညွှန်ကြားတာမျိုး ရှိခဲ့သလားဆိုတဲ့ အချက်အလက်တွေကို ရှာဖွေနေတာပါ။”


ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို အရေးယူပေးဖို့ ICJ နိုင်ငံတကာတရားရုံးမှာ OIC အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံ ကနေ ၂၀၁၉ နိုဝင်ဘာလမှာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
 
 

No comments:

Post a Comment

Note: Only a member of this blog may post a comment.